မြန်မာ့ရိုးရာ အကြောပြင်နှင့် အနှိပ်ပညာ(၂)

မြန်မာ့ရိုးရာ အကြောပြင်နှင့် အနှိပ်ပညာ(၂)

အကြောပြင်ဆရာသည် အတန်းပညာတတ်မှသာ အကြောပြင်ဆရာဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် အနည်းဆုံး အထက်တန်းပညာအခြေခံရှိပြီးသူမှသာ   တက္ကသိုလ်အဆင့်  ခန္ဓာဗေဒ  (Anatomy) ပညာကို သင်ယူနိုင်မည်ဖြစ်သည်။

အကြောပြင်ဆရာသည်  ခန္ဓာဗေဒပညာကိုတတ်မှသာ မည်သည့်နေရာ၌ အကြောရှိသည်၊ မည်သို့တည်ဆောက်ထားသည်၊  ကိုယ်တွင်းအင်္ဂါရပ်များ၊  သွေးလှည့်အဖွဲ့အစည်းများ၊ ပြန်ရည်ကြောအဖွဲ့များ၊ ကြွက်သားများ၊ ကြွက်ကြောများ၊ အရွတ်များ၊ အဆက်များစသည်ဖြင့် ကျေကျေညက်ညက်နားလည်မှသာလျှင် အကြောပြင်ဆရာဖြစ်နိုင်သည်။

ရှေးက  တချို့သောမြန်မာဆေးဆရာများသည် ခန္ဓာဗေဒကို တိုင်းရင်းနည်း သုံးဆယ့်နှစ်ကောဋ္ဌာသနည်းဖြင့်သာ သိကြသော်လည်း အနောက်တိုင်းခန္ဓာဗေဒပညာကိုမသိသဖြင့် ကိုယ်တွင်းအင်္ဂါအဖွဲ့အစည်းများ မည်သည့်နေရာ၌ ရှိမှန်းမသိသောကြောင့်ရိုးရိုးခါးနာနှင့်  ကျောက်ကပ်ကျောက်တည်ခါးနာ မှားယွင်း၍ ကုမိ၊ နှိပ်မိဖြစ်ခဲ့ဖူးသော အသိမှားများရှိခဲ့ကြသည်။

ယနေ့ခေတ်တွင် တိုင်းရင်းဆေးပညာမှန်သမျှကို တစ်နှစ်သာတက်ရသော   အနိမ့်ဆုံးသင်တန်းမှ အစအနောက်တိုင်း ခန္ဓာဗေဒပညာကို သင်ကြားပေးလျက်ရှိသည်။အကြောပြင်ဆရာဆိုသည်မှာ     အကြောတည်ဆောက်ဖွဲ့စည်းပုံ  ခန္ဓာဗေဒကို  ကျေညက်ထားသူဖြစ်ပြီး စမ်းသပ်လိုက်သောအခါ အကြော၏ ချို့ယွင်းချက်၊ ပြစ်ချက်များကို မိမိပိုင်နိုင်ရာနည်းဖြင့် (ဥပမာ-အကြောဖွင့်ခြင်း၊ လက်ဖြင့် အကြောပြင်ခြင်း၊ ပစ္စည်းကိရိယာအကူဖြင့်  အကြောကိုပြင်ခြင်း၊  ဆေးစည်းခြင်း၊  ကြပ်ထုပ်ထိုးခြင်း  စသောနည်းစနစ်အမျိုးမျိုးသင့်ရာသုံး၍)  ပြုပြင်ပေးနိုင်သော  ကျွမ်းကျင်သူဆရာဖြစ်သည်။ ထို့ထက်ပို၍ လုပ်သက်ကြာဝါရင့်လျှင် အကြောပြင်သမားတော်ဟု ခေါ်ဆိုသင့်သည်။

အကြောပြင်ဆရာသည် ပစ္စည်းကိရိယာကို အကူအညီယူနိုင်သည်ဆိုသော်လည်း အထောက်အကူပြုရုံသာယူရန် ဖြစ်သည်။   တိုင်းရင်းအကြောပြင်ဆရာတစ်ဦးအနေဖြင့်    အနောက်တိုင်းဆေးရုံများကဲ့သို့ လျှပ်စစ်ဖြင့်တို့ခြင်း၊ ဓာတ်မီးလုံးဖြင့် အပူပေးခြင်းတို့ပြုလုပ်လျှင် သဘာဝမကျပါ။ မိမိပညာနှင့်မိမိဆီလိမ်းပြီး  လက်ဖြင့်နှိပ်ခြင်းက   တစ်ခါတစ်ရံပိုပြီး  အကျိုးရှိသည်။ တိုင်းရင်းဆေးဆရာက လျှပ်စစ်ဘက်ထရီဖြင့်တို့သဖြင့် Heart Attack ခေါ် နှလုံးရပ်ပြီး အရေးပေါ်ကုသမှုများ   တွေ့ကြုံဖူးပါသည်။   လျှပ်စစ်စီးကြောင်းသည် နှလုံးရောဂါ ရှိ၊ မရှိ မသိဘဲ မသုံးစွဲသင့်ပါ။

အနောက်တိုင်းဆေးပညာမှ သင်ကြားထားသည့် Physiotherapist  ခေါ် အကြောအဆစ်ကု ပညာရှင်များသည် ဆေးဘက်ပညာတက္ကသိုလ်တွင် လေးနှစ်ကြာ သင်ကြားထားကြသူများဖြစ်သည်။ ၎င်းတို့သုံးစွဲသော ကိရိယာများမှာလည်း စက်ဖြင့်တွဲဖက်ထားသည့် ကိရိယာကများသည်။   အပူပေးလျှင်လည်း   သတ်မှတ်ထားသည့်အပူချိန်အထိ အတိအကျပေးနိုင်သော ကိရိယာများကို တီထွင်ထားကြသည်။ အပူပေးရမည့်အချိန်ကိုလည်း တိကျစွာသတ်မှတ်ထားလေ့ရှိသည်။

ထို့ပြင်  ဇက်ဆွဲကိရိယာ၊  ခါးဆွဲကိရိယာများမှာလည်း ကီလိုအလေးချိန်ဖြင့် သတ်မှတ်ပေးထားသော ကိရိယာများဖြစ်သည်။

တိုင်းရင်းဆေး အကြောပြင်ဆရာများတွင်လည်း သူ့နည်းသူ့ဟန်ဖြင့် အထောက်အကူပြုပစ္စည်းများရှိသည်။ ဥပမာ - ချို၊ ဓား၊ စုတ်၊ မိုးကြိုးသွားဖြင့်ထောက်ဖကြေးစုတ်ဖြင့် စုတ်ထိုးကုသသော နည်းမှာလည်း ရှေးနှစ်ပေါင်းရာချီပြီး ကုသခဲ့ကြသော ရိုးရာနည်းဖြစ်သည်။

စုတ်တွင်လည်း ဆေးမင်ကြောင်ထိုးသောစုတ်နှင့် ဆေးကုသောစုတ်ဟူ၍ နှစ်မျိုးရှိသည်။ ဗိန္ဒောဆေးဖြင့်ကုသပေးပြီး စုတ်ထိုး၊ စုတ်ပေါက်ပေးသော ဆရာများရှိသကဲ့သို့ အကြောပြင်ကုသပေးပြီး စုတ်ထိုး၊ စုတ်ပေါက်ပေးသော ဆရာများလည်းရှိသည်။ ယင်းမှာ ရိုးရာကုသနည်း အမှန်ပင်ဖြစ်သည်။

ယခုခေတ်တွင်မှ အနောက်တိုင်း ဏ့ပျငသအ့နမစေပ ကုသနည်းနှင့် တိုင်းရင်းအကြောပြင်ကုသနည်းများ ရောထွေးကုန်သဖြင့် မူရင်းနည်းစနစ်နှင့် အကြောပြင်ပညာများ ပျောက်ကုန်မည်ကို စိုးရိမ်ရသည်။ အထူးသဖြင့် မိမိအလုပ်မဟုတ်သည်ကို မလုပ်ကြရန် တိုင်းရင်းဆေးဆရာများအား  သတိပေးလိုပါသည်။ လူနာများအနေဖြင့်လည်း မိမိအားကုသမည့်ဆရာကို အနှိပ်သည်လား၊ အကြောပြင်ဆရာလား လေ့လာပြီးမှ ကုသသင့်သည်။ အထူးသဖြင့် လေဖြတ်သူများတွင် ပထမဆုံးကုသသောဆရာက အမှားလုပ်၍ အကြော၊ အဆစ်များပျက်စီးခဲ့လျှင်  နောက်မှကုသောဆရာအတွက် မလွယ်ကူပါ။

အကြောဖွင့်ခြင်းကို လေဖြတ်မည့်လက္ခဏာပြနေသူများသည်  လေမဖြတ်မီက  ကြိုတင်ပြုလုပ်သင့်သည်။ လက်က ပစ္စည်းကိုင်လျှင် မကြာခဏလွတ်ကျသူများ၊ လမ်းသွားလျှင် မကြာခဏ ခလုတ်တိုက်လေ့ရှိသူများ၊    မျက်ခွံမကြာခဏဆက်တိုက်လှုပ်သူများ၊ စကားပြောလေးသွားသူများ၊ ထိုင်ရာမှကြာပြီး ပြန်ထလျှင် ဆွဲထားသလို ပြန်ထိုင်ချရသူများလည်း လေဖြတ်နိုင်သည်။ ထို့အတူ အိမ်သာတွင် ဆောင့်ကြောင့်ထိုင်လျှင် အောက်ပိုင်းတစ်ခုလုံး ထုံကျဉ်လေးလာသူများလည်း သတိပြုသင့်သည်။

ဆေး ၁၀ ခွက် အနှိပ်တစ်ချက်ဆိုသည်မှာ ထိရောက်အောင် နှိပ်တတ်သောဆရာ၏ အနှိပ်တစ်ချက်သည် ဆေး ၁၀ ခွက်တိုက်မှ ပျောက်ကင်းနိုင်သောဝေဒနာကို တစ်ချက်တည်းဖြင့် ပျောက်ကင်းနိုင်သည်ဟု အဆိုရှိသည်။

အကြောပြင်ဆရာဖြစ်မည့်သူများသည် သင်တန်းအစတွင် အနှိပ်ဆရာက စရသည်ဟုဆိုသည်။ အနှိပ်ဆိုသည်မှာလည်း အတိုင်းအဆမရှိ နှိပ်သည်၊ နင်းသည်၊ ချိုးသည်ဆိုသော ဆရာမျိုးမဟုတ်ပေ။ ခန္ဓာကိုယ်၏ မည်သည့်နေရာတွင် ရောဂါရှိနေသည်ကို သိသည့်ဆရာဖြစ်ရမည်။ ထိုဆရာမျိုးသည်သာ အနှိပ်ဆရာမှ အကြောပြင်ဆရာသို့ အဆင့်တက်နိုင်သည်။ အကြောပြင်ဆရာသည် သွေးပြင်ဆရာအဖြစ်ရောက်အောင် ခန္ဓာဗေဒ၊ ရောဂါဗေဒတို့ကို လေ့လာသင်ကြားရမည်။

သိမ်ဖြူဆရာတော်ကြီး အရှင်နာဂသေနာဘိဝံသ၏ မြန်မာ့အကြောပြင် အတတ်ပညာကျမ်း ဆရာ့ဆရာများ မှတ်သားဖွယ်ရာကဏ္ဍတွင် ဖော်ပြထားသည်မှာအနှိပ်ဆရာများသည် နှိပ်သည်၊ နင်းသည်၊ ချိုးသည်။

အကြောပြင်ဆရာကား တစ်ကိုယ်လုံးရှိ အကြောတွင်အပြစ်ပြုနေသော  သည်းခြေဒေါသ  အပူရှိန်တို့ကိုလည်းကောင်း၊ လေကိုလည်းကောင်း သလိပ်ပိတ်ဆို့မှု အအေးစုတို့ကိုလည်းကောင်း ဝင်ရောက်အပြစ်ပြုပုံမှန်သမျှကို သိရှိနားလည်ထားရမည်။

ရောဂါရှင် ညည်းတွားသံကို ကြားရရုံမျှဖြင့် ဆေးပေးသောဆရာကဲ့သို့ မပြုလုပ်ရ။ အနာမပိုင် ဆေးမကိုင်ရ၊ အနာမမြင် ဆေးမတင်ရဟူသော ဆိုရိုးစကားကို လေးစားရသကဲ့သို့ အကြောပြင်ဆရာသည်လည်း အကြောနှင့်သွေးကိုအခြေခံ၍     ပျက်စီးနေသော (အပြစ်ပြုနေသော) လေ၊ သည်းခြေ၊ သလိပ်၊ သွေး၊  အပုပ် ထိုငါးမျိုးတို့တွင် အပုပ်မှ ပေါ်ထွက်လာသောပိုးနှင့် အခိုး ထိုခုနစ်မျိုးတို့၏ အခြေအနေအရပ်ရပ် အပြစ်ပြုပုံအဖုံဖုံတို့ကို  သိရှိနားလည်ထားရမည်ဟု   ဆရာတော်ကြီး၏  အကြောပြင်အတတ်ပညာကျမ်းတွင် ဖော်ပြထားသည်။

အကြောပြင်ဆရာသည်   အရွယ်သုံးပါး   ရောဂါအမျိုးမျိုးတို့အတွက် အဓိကဖြစ်စေ၊ အထောက်အကူပြုဖြစ်စေ ကုသနိုင်သည်ဟုဆိုသော်လည်း အကြောမပြင်သင့်သူများရှိသည်ကို သတိပြုသင့်သည်။

ပြီးငါးပြီးကာလ အကြောမပြင်ရဆိုသည်မှာ-

၁။ အစာစားပြီးစအချိန်၊

၂။ ရေချိုးပြီးစအချိန်၊

၃။ အိပ်ရာမှ နိုးထခါစအချိန်၊

၄။ လေ့ကျင့်ခန်းပြုလုပ်ပြီးခါစအချိန်၊

၅။ ဆေးသောက်ပြီးစအချိန်။

အစာစားပြီးစအချိန်တွင် အနှိပ်ခံခြင်း၊ အကြောပြင်ခြင်း  မပြုသင့်သည်မှာ  ဆေးဆရာတိုင်းသိရှိပြီးဖြစ်ပါသည်။ ဝမ်းမီးကို ကမောက်ကမဖြစ်စေနိုင်သဖြင့်  အကြောမပြင်သင့်ပေ။  သို့သော်  ခြွင်းချက်အားဖြင့် အစာစားပြီးစ ကြို့ထိုးပျောက်စေရန် (လက်မခွကြားကိုနှိပ်ခြင်း) အကြောပြင်ခြင်းကို ခွင့်ပြုနိုင်သည်။ အစားလွန်၍ စားပိုးနင့်သူကို အန်ထွက်စေရန် နောက်ကျောမှနှိပ်ခြင်းကိုလည်း    အကြောပြင်နှင့်မသက်ဆိုင်၍ ခွင့်ပြုနိုင်သည်။

ရေချိုးပြီးစအချိန်တွင် အနှိပ်ခံခြင်း၊ အကြောပြင်ခြင်း မပြုသင့်ပေ။ အေးနေသောအချိန်တွင် အကြောများ ကျုံ့ခြင်း၊ မွေးညင်းပေါက်များ ပိတ်နေခြင်း၊ အခိုးမထွက်နိုင်ခြင်း၊ အာကာသ မရရှိခြင်းကြောင့် အကြောမပြင်သင့်ပေ။  အကြောပြင်ဆရာ၏  အဓိကတာဝန်မှာ အာကာသအပွင့်၊ အပိတ်ကို ကြည့်ရမည်။ လုံးဝ

အာကာသမရနိုင်သော အခြေအနေတွင် အကြောမပြင်သင့်ပေ။

နို့တိုက်မိခင်များသည်     ရေချိုးပြီးစအချိန်တွင်ကလေးကို နို့မတိုက်သင့်ပေ။ အေးပြီး နို့ကြောင်းများ ပိတ်နေသဖြင့် နို့မထွက်။ ကလေးမှာ လေများသာ စုပ်ယူမိသဖြင့်   သူငယ်နာ   လေရောဂါဖြစ်လာတတ်သည်။

အိပ်ရာမှ  နိုးထခါစအချိန်သည်  အာရုံကြောများလူနှင့်အတူ မနိုးထသေးသောအချိန်ဖြစ်သည်။ အနားယူထားသဖြင့်  ပြန်လည်နိုးကြားရန်  အချိန်လိုအပ်သည်။ မျက်နှာသစ်ပြီး၊ သွားတိုက်ပြီး၊ ကိုယ်လက်လှုပ်

ရှားပြုလုပ်ပြီးနောက် အနည်းဆုံး နှစ်နာရီကြာမှသာအကြောပြင်ခြင်းအမှုကို ပြုသင့်သည်။ လေဖြတ်ထားသူများကို နံနက်ပိုင်းအကြောပြင်ခြင်းသည် ထိရောက်မှုမရှိပေ။ နေမွန်းတည့်မတိုင်မီ တစ်နာရီနှင့် မွန်းတည့်ပြီးနောက်  နှစ်နာရီအတွင်း  အကြောပြင်ခြင်းသည် အထိရောက်ဆုံးဖြစ်သည်။ ညနေပိုင်း၊ ညပိုင်းများတွင်လည်း  အကြောပြင်ခြင်းသည်  လေဖြတ်သူအတွက်မထိရောက်ပေ။

လေ့ကျင့်ခန်းပြုလုပ်ပြီးခါစအချိန်တွင် အနှိပ်ခံခြင်း၊အကြောပြင်ခြင်းပြုလုပ်လျှင် အကျိုးမရှိပေ။ အထူးသဖြင့် ချွေးထွက်လွန်ကဲနေသောအချိန်တွင် အကြောမပြင်သင့်ပေ။  ခန္ဓာကိုယ်နွေးထွေးနေသော  အနေအထားတွင်  အကြောပြင်ခြင်းသည်  ဥဏှတေဇောနိုးကြားပြီး ဝါယောဓာတ်ကိုတွန်းထုတ်ကာ အာကာသရအောင် ပြုပြင်ခြင်းသည် မှန်ကန်သောအကြောပြင်ခြင်းဖြစ်သည်။  ဤနေရာတွင်  အားကစားလုပ်၍ ချွေးထွက်လွန်ပြီး ကြွက်တက်သူအား အကြောပြင်ခြင်းကို မဆိုလို။ အရေးပေါ်အခြေအနေအဖြစ် အကြောပြင် ကုသပေးရမည်ဖြစ်သည်။

ဆေးသောက်ပြီးစအချိန်ဆိုသည်မှာ တချို့လူနာများသည် ဆေးကုသည့်ဆရာဝန်ကတခြား၊ အကြောပြင်ပေးသည့်ဆရာကတခြား  ဖြစ်တတ်သည်။  ယခုခေတ်တွင် အနောက်တိုင်းနှင့် တိုင်းရင်းအကြောပြင်

တွဲဖက်ကုသသည့် လူနာများစွာရှိသည်။ သတိပြုရန်မှာ ဆရာဝန်ပေးသည့် သို့မဟုတ် အချိန်နှင့်သောက်ခိုင်းထားသည့်ဆေးသည်  သွေးကျဆေး  သို့မဟုတ် အိပ်ဆေးပါဝင်သောဆေးဖြစ်နေနိုင်သည်။   ထိုသို့သောဆေးမျိုးသောက်ထားချိန်တွင်  ဆန့်ကျင်ဘက်  အကြောပြင်နှိုးဆွခြင်းအလုပ်ကို မပြုအပ်ပေ။ ဆရာနှစ်ဦးကုသမှုပဋိပက္ခကြောင့် လူနာထိခိုက်နစ်နာတတ်သည်။

တချို့သော အကြောပြင်ဆရာကြီးများက -

၁။ မီးဖွားပြီးခါစအချိန်၊ သွေးနုသားနု အမျိုးသမီး၊

၂။ အရက်အမူးလွန်သူ၊ အရက်သေစာသောက်       စားထားသူများကို   အကြောမပြင်သင့်ဟုဆိုသည်။  စာရေးသူ၏အမြင်မှာ  အကြောပြင်ဆရာ၊ ဆရာမကြီးများ   အတွေ့အကြုံများအရ   မီးဖွားပြီး အချင်းမကျသည့် မီးနေသည်ကို အချင်းကျအောင် အကြောပြင်ပေးရသည်များရှိသည်။ ရှေးက တောရွာများတွင် အရပ်နည်းဖြင့် လက်သည်ဆရာမကြီးများသည် အချင်းချခြင်း၊ သွေးခွဲခြင်း၊ သားအိမ်တင်ခြင်း အမှုကိစ္စများကို  မီးတွင်း၌ပင်  ပြုလုပ်ပေးလေ့ရှိကြသည်။  ထို့အတူပင် အရက်မူးလွန်၍ အန်ဖတ်ဆို့ကာ အသက်ရှူပြွန်၊  ရေမျိုပြွန်ပိတ်၍  အသက်အန္တရာယ်ရှိသူများကို အရေးပေါ်အကြောပြင်၊ အကြောဖွင့်ကုသပေးရခြင်းများရှိသဖြင့် အထက်ပါနှစ်ချက်ကို မထည့်သွင်းခြင်းဖြစ်သည်။

အကြောပြင်ကုသခြင်းအတတ်ပညာတွင် အားနည်းချက်၊  အားသာချက်များရှိသည်။  တချို့လူနာများသည်  ဆေးသောက်ပျင်းသည်။  ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်မှ ပျောက်မည့်ရောဂါ (ဥပမာ-ကျီးပေါင်းတက်ရောဂါ၊ လေဖြတ်ရောဂါ၊ အကြောသေရောဂါ)များဖြစ်နေသော်လည်း   လေ့ကျင့်ခန်းလည်း မလုပ်ချင်၊ အကြောပြင်သောအခါတွင်လည်း အကြောပြင်ဆရာ၏ ထိရောက်သော၊ ပြင်းထန်သောနှိပ်ကွက်များကို မခံချင်ကြပေ။

တချို့မှာ အညောင်းပြေ အနှိပ်ခံသော Massage ဖြင့်  ရောဂါပျောက်ကင်းမည်ဟု   ထင်နေကြသည်။

Massage သည် နိုင်ငံတကာတွင် ဇိမ်ခံသည့်အနှိပ်ခန်းများသာဖြစ်ပြီး ရောဂါကုသပျောက်ကင်းနိုင်သည့် အဆင့်မဟုတ်ပေ။ ထို့ကြောင့် အကြောပြင်ပညာကို Manipulation ဟုခေါ်ပြီး    အကြောပြင်ဆရာကို Manipulation ဟု ခေါ်ဆိုသည်။ ဆေးပညာဘွဲ့ရ Manipulator  တစ်ဦးသည်  Level of Doctor ဆရာဝန်အဆင့်ဖြစ်သည်။ တချို့နိုင်ငံရေးဝေါဟာရများတွင် Manipulator ကို နောက်ကွယ်မှကြိုးကိုင်သူအဖြစ်လည်းသုံးစွဲသည်။ Massage ပြုလုပ်သည့်သူများကို Masseur ဟုခေါ်ပြီး Level of Doctor မဟုတ်ပေ။

ကြည်လွင်မြင့်(မုဒြာ)