တပို့တွဲလထမနဲပွဲနှင့် မြန်မာ့ရိုးရာဓလေ့ အစဉ်အလာများ
တပို့တွဲလသည် မြန်မာပြက္ခဒိန်၏ ဆယ့်တစ်လမြောက် လဖြစ်သည်။ ဟေမန္တဆောင်းဥတု၏ နောက်ဆုံးလဖြစ်သောကြောင့် အလွန်ချမ်းအေးသည့် လလည်းဖြစ်သည်။ ထိုသို့ခိုက်ခိုက်တုန်အောင် အချမ်းပိုလှသည့် တပို့တွဲလကို ရှေးစာဆိုတော်ကြီးများက “နှာရည်ယိုရွဲတပို့တွဲ”၊ “တပို့တွဲ ကျွဲချိုဖျားဆတ်ဆတ်ခါ” ဟူ၍ တင်စားရေးသားခဲ့ကြသည်။
တပို့တွဲလ၏အမည်ကို ထိုရာသီတွင် ဖူးကြ၊ သီးကြသော ထန်းပင်တို့မှ ထန်းဖူး၊ ထန်းခိုင်တို့ကို အောက်သို့ တွဲလောင်းကျအောင်ပြုလုပ်၍ ထန်းရည်နင်းသည်ကို အစွဲပြုကာခေါ်တွင်ခြင်းဖြစ်သည်။ ထို့ပြင် လယ်သမားများ လယ်ယာကိစ္စအချို့ပြီး၍ လယ်ယာလုပ်ကိရိယာများ ဖြစ်သော ထမ်းပိုးများကို ဆွဲထားလေ့ရှိသောကြောင့် ထမ်းပိုးဆွဲမှ တပို့တွဲလဖြစ်ပေါ်လာသည်ဟုလည်း ဆိုကြသည်။
တပို့တွဲလသည် ရက်ပေါင်း ၂၉ ရက်သာရှိ၍ ရက်မစုံသောလဖြစ်သည်။ ရာသီအားဖြင့် “ကုံရာသီ” ဖြစ်ပြီး စန်းယှဉ်သောနက္ခတ်မှာ “မာဃနက္ခတ်”ဖြစ်သည်။ ရာသီရုပ်မှာ “ရေထမ်းသမား ဆင်းရဲသားပုံ”ဖြစ်၍ တပို့တွဲလ၏ ရာသီပန်းဖြစ်သည့် “ပေါက်ပန်းနှင့်အတူ ဆူးပန်း၊ လဲပွင့်၊ လက်ပံပွင့်”တို့ ဖူးကြပွင့်ကြသည့် လရာသီလည်း ဖြစ်သည်။
တပို့တွဲလ၏ ညများတွင် ဆီးနှင်းများ ပြင်းထန်စွာ ကျ၍ ချမ်းအေးလှသည့် အအေးဒဏ်ကြောင့် သုံးလူ့ထွတ်ထား မြတ်စွာဘုရား ကိုယ်တော်တိုင်ပင် ဓာတ်ကြီးလေးပါးမျှတစေရန် မီးအိုးကင်းတွင် လက်တော်တင်ကာ မီးလှုံတော်မူခဲ့ခြင်းကို အစွဲပြုကာ တပို့တွဲလတွင် မီးကုသိုလ်ပြုပွဲ(မီးဖုန်းပွဲ)ကို ဆင်နွှဲကြသည်။
မီးဖုန်း(မီးပုံး)ပွဲ
မီးဖုန်းပွဲဟူသည် မီးဖုန်း၌ ဖုန်းသည် ပါဠိဘာသာ ပုည-ပုဒ်မှဆင်းသက်လာသည့် ဝေါဟာရဖြစ်ပြီး ကောင်းမှုကုသိုလ်၊ အလှူဟုအဓိပ္ပာယ်ရသည်။
ထို့ကြောင့် မီးဖုန်းပွဲဆိုသည်မှာ မီးကုသိုလ်ပွဲ၊ မီးအလှူပွဲဟု အဓိပ္ပာယ်ရသည်။ အလွန်အေးမြလှသည့် တပို့တွဲလတွင် ဘုရားဆင်းတုတော်များရှေ့၌ မီးဖိုရန်၊ ရဟန်းသံဃာများနှင့် သက်ကြီးရွယ်အိုများ မီးဖို၍လှုံရန် နံ့သာထင်း၊ မယ်ဖျူး (မီးအိုးကင်း) စသည်တို့ကိုကျောင်း၊ ဘုရားသို့ လှူဒါန်းသည့်ပွဲကို မီးဖုန်းပွဲဟုခေါ်သည်။
ပုဂံ၊ ပင်းယ၊ အင်းဝခေတ်တို့တွင် မီးဖုန်းပွဲဟု အစဉ်တစိုက် ရေးသားခဲ့ကြသော်လည်း နောက်ပိုင်းခေတ်များတွင်မူ မီးဖုံး၊ မီးပုန်း၊ မီးပုံး၊ မီးပုံဟု အမျိုးမျိုး ပြောင်းလဲရေးသားကြသည်ကို တွေ့ရသည်။ တပို့တွဲလတွင် မီးဖုန်း(မီးပုံး)ထင်းများ လှူဒါန်းလေ့ရှိကြောင်းကို ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး တတိယတွဲတွင် “တပို့တွဲလ၊ ပန္နရသီ၊ တိထီထွန်းစည့်၊ လပြည့်နေ့အခါဝယ်၊ ခြောက်ပါးရောင်လက်၊ ဝင့်တိုင်းစက်သော ဆက္ကဒန္တ၊ ပြောင်မုန်ဝပင်၊ အေးမြသော အစွယ်ရှိသည်ဖြစ်၍ သုံးလူ့ထွတ်ထားမြတ်ဘုရားလျှင် လေးပါးသော မဟာဘူတမျှစေရန် မီးရှိန်ခံတော်မူသည်ကို ရည်ပြီးလျှင် (လ)မီးဖုန်းတော်များကို လှူဒါန်းပူဇော်တော်မူသည်”ဟု ရေးသားထားသည်ကို တွေ့ရသည်။ မီးဖုန်းလှူဒါန်းခြင်းကို တပို့တွဲလပြည့်နေ့တွင် ပြုလုပ်လေ့ရှိသည်။ ရှေးအခါက တပို့တွဲလ၏ ပွဲဖြစ်သော မီးဖုန်းပွဲကို မြန်မာဘုရင်များကိုယ်တိုင် ဦးဆောင်၍ ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့ကြသည်။
မျက်မှောက်ခေတ်တွင်မူ မီးဖုန်း(မီးပုံးပွဲ)ကို အချို့ဒေသများ၌သာ ရိုးရာစဉ်လာမပျက် ကျင်းပလျက်ရှိသည်ကိုတွေ့ရသည်။ တပို့တွဲလပြည့်နေ့တွင် ပြည်မြို့ ရွှေဆံတော် ဘုရားရင်ပြင်၌ ညံရိုးမီးပူဇော်ပွဲကို ယနေ့တိုင် ကျင်းလျက်ရှိသည်ကို တွေ့နိုင်သည်။
ယာဂုဆွမ်းအလှူပွဲ
တပို့တွဲလအခါသမယသည် လယ်ယာလုပ်သား တောင်သူဦးကြီးများလည်း လယ်ယာလုပ်ငန်းနားချိန်ဖြစ်သည်။ လယ်တောယာတောများတွင် သီးနှံများအားလုံး ရင့်မှည့်ချိန်ဖြစ်၍ အချို့မှာ ပေါ်ဦးပေါ်ဖျား ကောက်သစ်စချိန်ဖြစ်သည်။ တပို့တွဲလပြည့်နေ့အဝင် အရုဏ်တက်ချိန်တွင် သန့်စင်ပြီးသော ကောက်သစ်ဆန်များကို ချိုစိမ့်သောအရသာတို့ဖြင့် ကောင်းစွာကျိုချက်ပြီးလျှင် ယာဂုဆွမ်း အလှူတော်ကို မြတ်စွာဘုရားရှင်အားရည်စူး၍ ရုပ်ပွားတော်များ၌ ကပ်လှူပူဇော်ကြသည်။ ထို့ပြင် ဘုန်းတော်ကြီးကျောင်းတိုက်များသို့လည်း သွားရောက် လှူဒါန်းလေ့ရှိသည်။ စာဆိုတော် ဆီသည်ရွာစား ဦးအောင်ကြီး၏ တပို့တွဲလဘွဲ့ လူးတားတွင်မူ “ရပ်ရှစ်မျက်နှာ၊ သံဃာတို့အား၊ ဆယ်ပါးဝတ္ထု၊ ယာဂုအဖျော်၊ ပူဇော်ရွှင်ပြုံး၊ ပွဲမဆုံးလျှင်၊ မီးပုံသဘင်၊ သူကြီးယင်သည်၊ ရောက်ချင်နိဗ္ဗာန် ကျွန်းတည့်လေး” ဟု ဖွဲ့ဆိုထားသည်ကို လည်းကောင်း၊ အင်ရုံဝန်ကြီး ရေးသားသည့် လောကဗျူဟာကျမ်းတွင် “ကျီဝန်က ယာဂုအိုး ၁၀၀၀ နှင့် ထင်းစင် ၁၀၀၀၊ မယ်ဖျူး ၁၀၀၀ ကို သွေးသောက်စုမြင်းတော်သည် ရွှေပန်းပန်တို့ကြပ်မတ်၍ လှူမြဲကျောင်းမှာ တင်လှူသည်”ဟူသော ရေးသားချက်ကို ကြည့်ခြင်းအားဖြင့် ညောင်ရမ်းခေတ် (ဒုတိယအင်းဝခေတ်)တွင် မီးဖုန်းပွဲနှင့်အတူ (ယာဂုပွဲ)ကို တပို့တွဲလတွင် ရာသီပွဲအဖြစ် ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။ ယာဂုကို ယခုခေတ်အခေါ် ဆန်ပြုတ်ဟုလည်း ခေါ်ကြသည်။ ယခုအခါ မီးပုံပူဇော်ပွဲနှင့် ယာဂုအလှူပွဲတော်များ အစား ထမနဲပွဲများ အစားထိုး ဝင်ရောက်လာပြီဖြစ်သည်။ မီးဖုန်းပွဲကျင်းပသည့် တပို့တွဲလတွင် မြတ်စွာဘုရားရှင်ကို ယာဂုကပ်လှူရာမှ တစ်ဆင့်ပြီးတစ်ဆင့် ထမနဲဟူ၍ ပြောင်းလဲလာခြင်းဖြစ်သည်ဟုလည်း ယူဆနိုင်သည်။
တပို့တွဲလနှင့်ထမနဲပွဲ
မြန်မာတို့၏ ဆယ့်နှစ်လ ရာသီပွဲတော်များတွင် တပို့တွဲလ ထမနဲထိုးပွဲဟုဖော်ပြထားသည်။ တပို့တွဲလ အခါသမယသည် အလွန်အေးမြ၍ အဆီခြောက်ခန်းချိန်ဖြစ်သည့် အတွက် ထိုလတွင် ဆီနိုင်သောအပူစာ ထမနဲကိုသုံးဆောင်လျှင် အသားအရေစိုပြည်၍ အပူဓာတ်ရနိုင်သောကြောင့် ထမနဲသည် ရာသီကိုက် ဓာတ်စာဖြစ်ကြောင်း ဆေးကျမ်းများတွင် ဖော်ပြထားသည်ကိုတွေ့နိုင်ပေသည်။ ထမနဲသည် မြန်မာလူမျိုးတို့ နှစ်သက်သည့် ရာသီစာတစ်ခုလည်း ဖြစ်သည်။
သို့ဖြစ်၍ ချမ်းအေးလှသည့်တပို့တွဲလတွင် ကျေးလက်ဒေသများ၌ မိမိလယ်မှထွက်ရှိသော ကောက်ညှင်းစပါး အဦးအဖျားကို ထမနဲထိုးကာ အလှူဒါနပြုကြသကဲ့သို့ တစ်အိမ်တက် တစ်အိမ်ဆင်း လက်ဆင့်ကမ်း ဝေငှဖိတ်ခေါ်ကျွေးမွေးကြသည်မှာ ချစ်စရာကောင်းသော မြန်မာ့ဓလေ့စရိုက် တစ်ခုပင်ဖြစ်ပေသည်။ ထမနဲပွဲသည် သာမန်မဟုတ်ဘဲ စည်းလုံးညီညွတ်ခြင်းကို ပြသသော ပွဲတစ်ခုလည်းဖြစ်သည်။ ထမနဲတွင် ကောက်ညှင်း၊ အုန်းသီး၊ ချင်း၊ မြေပဲ ၊နှမ်း၊ ဆီ စသည့် အမယ်များပါဝင်သည်။ ကောက်ညှင်းကို ကြေညက်စေးကပ်အောင်နယ်ရသဖြင့် ထမနှဲဟုခေါ်ရာမှ ထမနဲဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသလို နှမ်းနိုင်နိုင် ထည့်ရသောကြောင့် နှမ်းမနဲဟုလည်း ခေါ်ကြသည်။ ထမနဲထိုးရာတွင် တစ်ဦးတစ်ယောက်ချင်း ထိုးရသည်မဟုတ်ဘဲ ယောကျ်ားကြီးလေးငါးယောက်က အားကောင်းမောင်းသန် ချွေးပြိုက်ပြိုက်ကျအောင် ဇွဲရှိရှိစည်းလုံး ညီညွတ်စွာ ထိုးရခြင်းဖြစ်သည်။ အေးမြလှသည့် ဆောင်းရာသီ၌ ထမနဲထိုးကြရာတွင် ကျန်းမာရေး အတွက် ကောင်းမွန်သင့်မြတ်လှသလို အချင်းချင်း စည်းလုံးချစ်ခင်မှုကိုလည်း ဖြစ်စေသည်။ ထမနဲထိုးရာတွင် တစ်ယောက်တစ်လက်ဖြင့် စုပေါင်းအင်အား ပြနိုင်မှသာ ထမနဲကောင်း ရရှိနိုင်သည်။
ပါဝင်သောပစ္စည်းများ အချိုးအစား မှန်ကန်ပြီးထိုးနိုင်ပါက ထမနဲသည် စားကောင်းရုံသာမက ရက်ရှည်လည်း အထားခံသည်ဟု သိရသည်။
သြဝါဒပါတိမောက်အခါတော်နေ့
အေးချမ်းလှသည့် တပို့တွဲလရာသီတွင် မီးဖုန်း(မီးပုံပွဲ) ယာဂု(ထမနဲ)ပွဲများအပြင် လောကုတ္တရာဆိုင်ရာ ထူးခြားမှုများလည်း ရှိသည့်လဖြစ်သည်။ တပို့တွဲ လပြည့်နေ့ကို သြဝါဒပါတိမောက်အခါတော်နေ့ဟု ခေါ်ဆိုကြသည်။ ပါတိမောက်ဟူသည် ဘုရားရှင် အဆုံးအမသြဝါဒနှင့်အညီ ပညတ်တော်မူအပ်သော သိက္ခာပုဒ်များဖြစ်သည်။ ပါတိမောက်တွင် သြဝါဒပါတိမောက်နှင့် အာဏာပါတိမောက်ဟူ၍ နှစ်မျိုးရှိရာ ဘုရားရှင်သည် သြဝါဒပါတိမောက်ကိုသာ ပြခွင့်ရှိသည်။ သြဝါဒပါတိမောက်ဂါထာသည် သီလ၊ သမာဓိ၊ ပညာကိုဟောကြားခြင်းဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်ဟုလည်းခေါ်သည်။ မြတ်စွာဘုရား လက်ထက်တော်တပို့တွဲလပြည့်နေ့တွင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ ရဟန္တာပေါင်း ၁၂၅၀ တက်ရောက်သော ပထမသံဃသန္နိပါတ (ပထမဆုံး သံဃာအစည်းအဝေး)ကို ကျင်းပကာ ဘုရားအဆူဆူ၏ ဆုံးမသြဝါဒပါတိမောက်ကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြတ်စွာဘုရားရှင်၏ လက်ယာရံအဂ္ဂသာဝက ရှင်သာရိပုတ္တရာနှင့် လက်ဝဲရံအဂ္ဂသာဝက ရှင်မဟာမောဂ္ဂလာန်တို့အား ဧတဒဂ်အပ်နှင်းသောနေ့ (ဧတဒဂ်ရသောနေ့)ဖြစ်သည်။ ထို့ပြင် အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ရဟန်းပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့ဖြစ်သောကြောင့် တပို့တွဲလပြည့်နေ့သည် ဗုဒ္ဓဘာသာမြန်မာတို့အတွက် ထူးမြတ်လှသောနေ့လည်းဖြစ်သည်။
ထိုသို့ထူးမြတ်လှသည့် လတပို့တွဲတွင် ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်စူးရည်မှန်း၍ ပူဇော်သောအလှူပွဲများ ကျင်းပသည့်လဖြစ်သကဲ့သို့ ဆောင်းရာသီ၏ နှင်းမှုန် နှင်းစက်နှင်းငွေ့များဖြင့် လူတို့၏စိတ်နှလုံးကို ပျော်ရွှင်ကြည်နူးစေသော လဖြစ်သည်။ တပို့တွဲလ၏ပွဲတော်များကို လေ့လာကြည့်ပါက ရာသီဥတုနှင့်ကိုက်ညီ၍ ရိုးရာယဉ်ကျေးမှု ဓလေ့များကို ဖော်ကျူးပြသနေသည့် မြန်မာတို့၏ စိတ်စေတနာထက်သန်မှုတို့ကို မြင်တွေ့ကြရမည်ဖြစ်သည်။ ထိုသို့မြန်မာ့ယဉ်ကျေးမှု ပြယုဂ်ဖြစ်သည့် မြန်မာတို့၏တပို့တွဲလ၏ ရိုးရာပွဲတော်များကို မပျောက်ပျက်စေရန် သားစဉ်မြေးဆက် ဆက်လက်ထိန်းသိမ်းကြပါစို့လို့ တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
မယ်ထွေးလေး