အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်)
မှန်ကန်မှုမရှိသော ထုတ်ပြန်ပြောဆိုမှု ပြတ်သားစွာပယ်ချ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းခြင်းကို ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် စတင်ခဲ့သည်။ အစိုးရသက်တမ်း နှစ်ဆက်ပြည့်မြောက်သည့်ကာလ ၂၀၂၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကို ထိုနှစ်နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပခဲ့သည်။ အဆိုပါရွေးကောက်ပွဲမကျင်းပမီ မဲဆွယ်စည်းရုံးကာလမှာပင် NLD ပါတီသည် တရားမဲ့ပြုကျင့်မှု၊ လူအုပ်စုဖြင့် အနိုင်ကျင့်မှုများ လုပ်ဆောင်ခဲ့သည်ကို လူမှုကွန်ရက်များတွင် ထင်ရှားစွာထွက်ပေါ်လာခဲ့သည်။
အခြားသောပါတီတစ်ခုက မဲဆွယ်ဟောပြောမှုပြုလျှင် ထိုပါတီဝင်များသည် ဣန္ဒြေသိက္ခာမဲ့စွာ ပြောင်လှောင် အော်ဟစ်ဆဲဆိုခြင်း၊ ရန်ပွဲဖြစ်အောင် ဖန်တီးခြင်းတို့ပြုလုပ်ခဲ့သည်။ ရွေးကောက်ပွဲတွင်လည်း မဲမသမာမှုများ ကြီးမားစွာပြုလုပ်ခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးကောင်းကျိုးအတွက် ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်းမရှိသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲပေးခဲ့ရသည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ချမှတ်ကာ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအားပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဆိုသည့်အတိုင်း လုပ်ငန်းများကို တစ်ဆင့်ချင်းပြီးမြောက်အောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပြန်လည်ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် စည်းကမ်းနည်းလမ်းတကျ ပါဝင်သင့်ပါလျက် အကြမ်းဖက် အဖျက်လုပ်ရပ်များကို ရွေးချယ်ကာ တိုင်းပြည်ပျက်စီးရေး လုပ်ဆောင်ခဲ့သည်။
ထိုသို့လုပ်ဆောင်နေသူများမှာ မည်သူတွေဖြစ်ပါသနည်း။ အကြမ်းဖက်အဖျက်သမားများမှာ NLD ပါတီမှမွေးဖွားလာသော NUG၊ CRPH နှင့် ယင်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားတို့ ဖြစ်ပါသည်။ ဤသည်မှာ နိုင်ငံတကာက မြင်တွေ့သိရှိနိုင်သည့် အမှန်တရားဖြစ်သည်။ ထိုအကြမ်းဖက်မှုများ ဆိုးရွားစွာရှိနေခြင်းကြောင့် အရေးပေါ်ကာလကို သက်တမ်းတိုးခဲ့ရသည်။ သက်တမ်း တိုးခြင်းကို မလိုလားခဲ့သော် အကြမ်းဖက်မှုများကို လုပ်ဆောင်ခြင်းမပြုဘဲနေခြင်း၊ နိုင်ငံအချို့နှင့် ကုလသမဂ္ဂတာဝန်ရှိသူအချို့က သွေးထိုးမြှောက်ပင့်ပေးမှု မပြုဘဲနေခြင်းများ လုပ်ဆောင်ကြရန်သာ ဖြစ်သည်။
ယခုမူ ထိုသို့မဟုတ်မူဘဲ မြန်မာနိုင်ငံပျက်စီးရေး၊ မတည်မငြိမ်ဖြစ်ရေးကိုသာ လိုလားနေသည့် သဘောရှိသည့် အဆိုပါအဖွဲ့အစည်းနှင့် အားပေးနေသူများကြောင့် မြန်မာနိုင်ငံတွင်အရေးပေါ် ကာလသက်တမ်းရှည်လျားနေခြင်းဖြစ်သည်။ အကြမ်းဖက်အုပ်စုများဖြစ်သည့် NUG၊ CRPH နှင့်ယင်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ ၅၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်ကို အကြမ်းဖက် အဖျက်အားပေးနိုင်ငံအချို့နှင့် ကုလသမဂ္ဂမှ တာဝန်ရှိသူအချို့ ဖုံးကွယ်ထားကြသည်။ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ကျူးလွန်သူ NUG၊ CRPH နှင့် ယင်းတို့၏ လက်ဝေခံ PDF အမည်ကို ထုတ်ဖော်ပြောကြားခြင်းမပြုဘဲ နိုင်ငံ့ကောင်းကျိုးလုပ်ဆောင်နေသည့် အစိုးရအပေါ် အပြစ်တင်လျက်ရှိနေသည်မှာ အရေးပေါ် ကာလကို ကြာမြင့်အောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်မှုများနှင့် အဖျက်အမှောင့်လုပ်ရပ်များ ပိုမိုအားကောင်းလာစေမည့် ထုတ်ပြန်မှုများ ပြုလုပ်နေမည့်အစား ပြည်သူများ၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းနိုင်ရေးအတွက် အစိုးရမှဆောင်ရွက် နေသည့်တိုင်းပြည်ကောင်းကျိုး ကြိုးပမ်းအားထုတ်နေမှုများကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာ အာဏာတန်းတူညီမျှမှုကို လေးစားလျက် အပြုသဘောအထောက်အကူ ပြုသင့်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်တွင် အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြုမှုများကို သက်သေပြခဲ့ပြီးဖြစ်သည်။ ယခုအခါတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ဒီမိုကရေစီအခွင့်အရေးမဆုံးရှုံးစေရန် တစ်နိုင်ငံလုံးအကြားအလပ်မရှိသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံကို ပုံမှန်အခြေအနေသို့ ရောက်ရှိစေလိုပါက မြန်မာအစိုးရမှရှေ့ဆက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဆက်လက် အကောင်အထည်ဖော်ခြင်းမှတစ်ဆင့် နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေး နှင့်ဒီမိုကရေစီဖြစ်ထွန်းရေး မြန်မာအစိုးရ၏ ကြိုးပမ်း ဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုရန် လိုအပ်သည်။ ကုလသမဂ္ဂရည်ရွယ်ချက်နှင့် အခြေခံမူများကို လိုက်နာရန်ပျက်ကွက်ပြီး မြန်မာနိုင်ငံ ပြည်တွင်းရေးကို စွက်ဖက်နေသည့် နိုင်ငံအချို့နှင့် လုပ်ပိုင်ခွင့်ကိုကျော်လွန်လုပ်ဆောင်နေသူ ကုလသမဂ္ဂမှ တာဝန်ရှိသူ အချို့၏ တာဝန်မဲ့ပြောဆိုလုပ်ဆောင်ချက်များကို မြန်မာပြည်သူတစ်ရပ်လုံးက ပြတ်သားစွာ ကန့်ကွက်ပယ်ချလျက်ရှိကြောင်း ရေးသားလိုက်ရပေသည်။ ။