ပဲခူးမြို့နယ်အတွင်း လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်ဖောက်ခွဲမှုများ ဆောင်ရွက်ခဲ့သည့် ပဲခူး PDF အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၉
နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် PDF အမည်ခံအဖွဲ့များသည် ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်း၊ လုယက်ခြင်းများအပြင် ပြည်သူများအထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ မိုင်းထောင်ဖောက်ခွဲခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ပဲခူးမြို့ပေါ်ရှိ မဇင်းရပ်ကွက်၊ ပုဏ္ဏားစုရပ်ကွက်၊ ရှင်စောပု ရပ်ကွက်တို့၌ အကြမ်းဖက်သမားများက လက်လုပ်မိုင်း ၅ လုံး ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများဖမ်းဆီးရမိရေး လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်မှုနှင့် အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီလ ၈ ရက် ညနေပိုင်းတွင် ပဲခူးမြို့နယ်၊ ကလိကျေးရွာအနီး၌ ပဲခူးမြို့နယ်အတွင်း လက်လုပ်မိုင်းများ ဖောက်ခွဲခဲ့သည့် တရားခံ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် (၂၀)နှစ်၊ မောင်သက်(၂၃)နှစ် နှင့် ၎င်း၏ဇနီး ထားထားဝင်း (၂၃)နှစ်၊ ငစော(ခ)မျိုးမြတ်မင်းစော(၁၉)နှစ်တို့ ၄ ဦးအား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် ၏ ထွက်ဆိုချက်အရ ၎င်းငှားရမ်းနေထိုင်သည့် ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ တိုးချဲ့(၃)လမ်းရှိ နေအိမ်မှ အူဇီ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ပွိုင့်-၃၈ ကျည် ၅၀ တောင့် တို့အားလည်းကောင်း၊ မောင်သက် နှင့် ထားထားဝင်းတို့၏ နေအိမ်မှ M-79 ဗုံးပစ်လောင်ချာ ၁ လက်၊ ၄၀ မမ ဗုံးသီး ၇ လုံး၊ C-4 ယမ်း ၅ ထုပ်၊ ဒီတိုနေတာ ၄ ချောင်း နှင့် လက်လုပ်မိုင်း ၃ လုံးတို့အား လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဖမ်းဆီးရမိတရားခံ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် ၏ ထွက်ဆိုချက် အရ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၁)၊ သီးသန့်(၁)လမ်း၊ အမှတ်(သ/၂၂၇)ရှိ မျိုးတင့် ၏ နေအိမ်၌ လက်နက်/ခဲယမ်းများ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ မျိုးတင့် (၅၅)နှစ် နှင့် ၎င်း၏ဇနီး ယဉ်ယဉ်ဌေး(၄၈) နှစ်တို့ ၂ ဦး အား M-16 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ၄၀ မမ ဗုံးသီး ၂၀ လုံး၊ ၅.၅၆ ကျည် ၁၀၀ တောင့်၊ ကျည်မျိုးစုံ ၂၈၈ တောင့်၊ လက်လုပ်လက်ပစ်ဗုံး ၅ လုံး တို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ထို့အပြင် ဖမ်းဆီးရမိတရားခံ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် ၏ ထွက်ဆိုချက် အရ ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းကြောင်းအခြေအနေကြည့်ရှု ပေးသူ သူရိန်အောင်(ခ)အောင်သူ(၁၉)နှစ် အား ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်၊ ပုဏ္ဏားစု (၁၄)လမ်းရှိ ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၅ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၇ ဦးတို့အား လက်နက် မျိုးစုံ ၄ လက်၊ ကျည်အိမ်မျိုးစုံ ၅ ခု၊ ၄၀ မမဗုံးသီး ၂၇ လုံး၊ ကျည်မျိုးစုံ ၄၃၈ တောင့်၊ လက်လုပ်မိုင်းမျိုးစုံ ၈ လုံး၊ အခြားမိုင်းနှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် သည် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၇ ရက်မှစ၍ KNLA တပ်မဟာ(၃)၊ ရင်း(၉)နယ်မြေရှိ ငှက်ပျောတောစခန်းသို့ သွားရောက်၍ အကြမ်းဖက်သင်တန်း ၃ လ တက်ရောက်ခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံ ငရဲ(ခ)ရဲထွဋ်လှိုင် ခေါင်းဆောင်သည့် ပဲခူး PDF အမည်ခံ အကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ခဲ့ကြောင်း၊ ငစော(ခ)မျိုးမြတ်မင်းစော၊ သူရိန်အောင်(ခ) အောင်သူနှင့် မောင်သက် တို့ ၃ ဦးသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလခန့်တွင် ဖိုးခွား (ခ)ဉာဏ်မင်းမောင်မောင် ၏ စည်းရုံးမှုဖြင့် ပဲခူး PDF အမည်ခံအကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် ၏ထွက်ဆိုချက်အရ ဖမ်းဆီးရမိ လက်နက်/ ခဲယမ်းများအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)ခန့်တွင် လူမှုကွန်ရက်မှတစ်ဆင့် ရင်းနှီးခဲ့သည့် ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သော အောင်သပြေ မှ ပေးပို့ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး မောင်သက်၊ မျိုးတင့် နှင့် ဇနီး ယဉ်ယဉ်ဌေး တို့မှ ၎င်းတို့ နေအိမ်များ၌ လက်ခံသိမ်းဆည်းပေးထားခဲ့ခြင်းဖြစ်ကြောင်း၊ လက်လုပ်မိုင်းများ ကိုလည်း ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် ခေါင်းဆောင်၍ မောင်သက်၊ ငစော(ခ) မျိုးမြတ်မင်းစော နှင့် ဖမ်းဆီးရန်ကျန် တရားခံ ကုလားလေး တို့မှ ပဲခူးမြို့၊ မြို့သစ် ရပ်ကွက်၊ (၇)လမ်းရှိ မောင်သက်၏ နေအိမ်၌ ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ပဲခူး PDF အမည်ခံအကြမ်းဖက် အဖွဲ့မှ ပဲခူးမြို့နယ်အတွင်း အောက်ပါအတိုင်း အပြစ်မဲ့ပြည်သူများအား လုပ်ကြံ သတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း-
(က) ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်သည် ကဝ PDF အမည်ခံအကြမ်းဖက် အဖွဲ့ခေါင်းဆောင် ဖမ်းဆီးရန်ကျန်တရားခံ ကြာညို နှင့်အတူ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် ကဝမြို့နယ်၊ သက္ကလမြို့၊ ကန်တော် မင်္ဂလာရပ်ကွက်၌ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးသိန်းဇော်အား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။
(ခ) ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် သည် ၂၀၂၂ ခုနှစ်၊ မတ်လ ၄ ရက်တွင် ကဝမြို့နယ်၊ ပေါက်ကုန်းကြီးကျေးရွာအုပ်စု၊ အေးရွာသစ်ကျေးရွာ အနီး၌ မမောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဇော် နှင့် ရစ်ကန်ကြီး ကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးဆန်းဝင်း တို့ ၂ ဦးအား လုပ်ကြံသတ်ဖြတ် ခဲ့ကြောင်း။
( ဂ ) ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် နှင့် မောင်သက်တို့ ၂ ဦးသည် အပြစ်မဲ့ ပြည်သူများ ထိတ်လန့်ကြောက်ရွံ့မှုဖြစ်ပေါ်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဟာစေတီ ကန်လမ်းထောင့်၌ လက်လုပ်မိုင်း ၁ လုံးအားလည်းကောင်း၊ ရှင်စောပု ရပ်ကွက်၊ ဦးဘိုနီလမ်းရှိ ထရန်စဖော်မာအနီး၌ လက်လုပ်မိုင်း ၂ လုံးအား လည်းကောင်း၊ ညောင်ဝိုင်း(မြောက်ပိုင်း)ရပ်ကွက်၊ ဈေးတန်းအနီး၌ လက်လုပ်မိုင်း ၁ လုံး အား လည်းကောင်း ဖောက်ခွဲခဲ့ကြောင်း။
(ဃ) အလားတူ ငစော(ခ)မျိုးမြတ်မင်းစော နှင့် ဖမ်းဆီးရန်ကျန်တရားခံ ကုလားလေး တို့ ၂ ဦးသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ဆိုရှယ်လစ်(၉)လမ်း၌ လက်လုပ်မိုင်း ၂ လုံး အားလည်းကောင်း၊ ပုဏ္ဏားစုရပ်ကွက်၊ (၈)လမ်း၌ လက်လုပ်မိုင်း ၁ လုံး အားလည်းကောင်း အသီးသီး သွားရောက်ဖောက်ခွဲခဲ့ပြီး သူရိန်အောင် (ခ)အောင်သူ မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေအား စောင့်ကြည့် ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ပဲခူး PDF အမည်ခံအကြမ်းဖက် အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ညပိုင်းတွင် ပဲခူးမြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးအား လက်လုပ်မိုင်းများဖြင့် ထပ်မံ ဖောက်ခွဲရန် စီစဉ်လုပ်ဆောင်နေစဉ် အကြမ်းဖက်မှုကိုမလိုလားသော တာဝန်သိ ပြည်သူများ၏ သတင်းပေးပို့မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကွက်ပြည့်နင်းရှာဖွေ စစ်ဆေးဖော်ထုတ်မှုတို့ကြောင့် အကြမ်းဖက်သမားများမှ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ မဆောင်ရွက်နိုင်မီ အချိန်မီကြိုတင်သတင်းလက်ဦးမှုရယူကာ ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်၏ ထွက်ဆိုချက်အရ ပဲခူး PDF အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဖမ်းဆီးရန်ကျန်တရားခံ ငရဲ(ခ)ရဲထွဋ်လှိုင် မှ အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ၁ လ လျှင် ၂ သိန်းကျပ်၊ ဖမ်းဆီးရန်ကျန်တရားခံ အောင်သပြေ မှ ၁ လ လျှင် ၄ သိန်းကျပ် ထောက်ပံ့ပေးကြောင်း၊ အဆိုပါရရှိသည့် ငွေကြေးများအား ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်၊ မောင်သက်၊ ငစော(ခ) မျိုးမြတ်မင်းစော နှင့် သူရိန်အောင်(ခ)အောင်သူ တို့မှ ခွဲဝေယူကြသည့်အပြင် လက်လုပ်မိုင်းများ ပြုလုပ်ရာတွင် အသုံးပြုခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံ များအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။