တပ်မတော်ဆေးရုံများ၌ တက်ရောက် ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားပြီး ဆေးရုံတက် လူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားပြီး ဆေးရုံတက်လူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။