မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့်အထူး‌ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင် ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့်အထူး‌ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင် ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ  - ၁၀

မန္တလေးတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် မိတ္ထီလာမြို့နယ်၊ ရေဝေကျေးရွာရှိ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၆၈၆ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၉၄ ဦး၊ ခွဲစိတ်ရောဂါ ၅၁ ဦး၊ ကလေးရောဂါ ၂၉ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၂ ဦး၊ အရိုးရောဂါ ၁၆၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၀ ဦး၊ မျက်စိရောဂါ ၁၅၅ ဦးနှင့် သွားရောဂါ ၄၂ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေ ခွဲစိတ်လူနာ ၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၀ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ် ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၅၅ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၂ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၈၃ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲ ခန်းယာဉ်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၃၅ ဦးအား နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးသည်။ ၎င်းအပြင် နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား သွေးတိုးရောဂါနှင့် ဆီးချို၊ သွေးချို ရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် တာဝန်ရှိသူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြ သည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။