စစ်တွေမြို့၊ ရေချမ်းပြင်ကျေးရွာအနီး သဘာဝရေပြင်အတွင်းသို့ ရေငန်ပုစွန် သားပေါက် ကောင်ရေ ၅ သိန်း မျိုးစိုက်ထည့်

စစ်တွေမြို့၊ ရေချမ်းပြင်ကျေးရွာအနီး သဘာဝရေပြင်အတွင်းသို့ ရေငန်ပုစွန် သားပေါက် ကောင်ရေ ၅ သိန်း မျိုးစိုက်ထည့်

နေပြည်တော်၊  ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၂- ၂၀၂၃ ခုနှစ်၊ ငါး/ ပုစွန် မျိုးစိုက် ရာသီအတွက် သဘာဝရေပြင် အတွင်းသို့ ရေငန်ပုစွန်သားပေါက် မျိုးစိုက်ထည့်ခြင်း ကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ရေချမ်းပြင်ကျေးရွာအနီးရှိ သဘာဝရေပြင် ကြွီတဲချောင်းကမ်းနံဘေး၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရေငန်ပုစွန် သားပေါက်မျိုးစိုက်ထည့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သဘာဝရေပြင် အတွင်းသို့ မျိုးစိုက် ထည့်မည့် ရေငန်ပုစွန်သားပေါက်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု စစ်ဆေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ရေငန်ပုစွန် သားပေါက်ကောင်ရေ ၅ သိန်းကို ကြွီတဲချောင်း သဘာဝရေပြင်အတွင်းသို့ မျိုးစိုက်ထည့်ပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရေချမ်းပြင်ကျေးရွာအနီးရှိ ရေငန်ပုစွန် မွေးမြူရေး ဗဟိုသရုပ်ပြစခန်းသို့ သွားရောက်၍ ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းများ၊ ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေး ကျင့်စဉ်များနှင့်အညီ သရုပ်ပြမွေးမြူရေးကန်အပါအဝင် မွေးမြူရေးကန်များ တိုးချဲ့ဆောင်ရွက်နေမှု၊ မွေးမြူရေးကန်များနှင့် ဆက်စပ်သည့် အခြားဆောက်လုပ် ရေးလုပ်ငန်းများ ဆောက်လုပ်မည့် တည်ဆောက်ရေး လုပ်ငန်းခွင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။