စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်
အမှတ်စဉ်(၅၃)
နှစ် ၃၀ ကျော်ရင် စက်ရုံလည်းကိုယ်ပိုင်ဖြစ်လာမယ်၊ ကိုယ့်နိုင်ငံထဲမှာ အားလုံးပြန်သုံးချင်သုံးမယ်၊ ရောင်းချင်ရင်ဆက်ရောင်းမယ်။ ထက်ဝက် ရောင်းခြင်းကနေ ရလာမယ့်နှစ်စဉ်ငွေဟာ ဖက်စပ်ကုမ္ပဏီအတွက် ဒေါ်လာ သန်း ၂၅၀ နီးပါးရမယ်၊ နိုင်ငံတော်အတွက် ဒီထဲက ရှယ်ယာနဲ့ အခွန်တွေရမယ်။ နိုင်ငံခြားငွေကိုသုံးပြီး ဝယ်မှရမယ့် ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲရုံပစ္စည်းတွေကို ဒီငွေနဲ့ပြန်ဝယ်ပြီး ဒေသတွေကို ဓာတ်အားပေးသွားရင် သားရွှေအိုးထမ်းလာတဲ့ စီမံကိန်းလို့တောင် ပြောနိုင်ပါတယ်။ ထွက်လာမယ့် ဓာတ်အားထက်ဝက်ကို ဖော်ပြခဲ့တဲ့အတိုင်း နိုင်ငံထဲမှာသုံးမယ်ဆိုရင်တောင် ယနေ့ ရဲရွာစက်ရုံကြီး တစ်ရုံကထွက်ရှိနေတဲ့ ဓာတ်အားနဲ့ညီမျှတဲ့ ဓာတ်အားကို ဖြန့်ဝေနိုင်မှာဖြစ်လို့ အလွန်အားထားရမယ့် စက်ရုံကြီးတစ်ရုံလို့ဆိုရမှာပါ။ ဒီလိုရလာတဲ့ ထက်ဝက်ကို ဒေသကြီးသုံးခုမှာ ဦးစားပေးပြီး ဖြန့်ပေးဖို့လည်း အခက်အခဲမရှိပါဘူး။ ဒီလိုမှမဟုတ်ဘဲ ရေအားလျှပ်စစ်လည်းမလာနဲ့၊ ကျောက်မီးသွေးလည်းမလာနဲ့ဆိုပြီး သွေးထိုးလှုံ့ဆော်နေမယ်ဆိုရင် ကြာလာရင် ကရင်၊ မွန်၊ တနင်္သာရီဒေသက အရွယ်ကောင်းတွေ နယ်စပ်အလုပ်ရုံတွေကနေ ပြန်မလာနိုင်တော့တဲ့အပြင် ပို၍ပို၍သာ သူများနိုင်ငံကိုသွားပြီး အလုပ်အကျွေးပြုနေကြတော့မှာ မလွဲပါဘူးလို့ ဆိုပါရစေ။ အကျိုးဆက်ဟာ အရှေ့တောင်အာရှအာဆီယံနိုင်ငံထဲမှာ အဆင်းရဲဆုံးဘဝက တက်မှာ မဟုတ်တဲ့ ရလဒ်သာရလာပါလိမ့်မယ်။ ပညာရှင်အမည်ခံသူအချို့ဟာ ယနေ့ခေတ်စားနေတဲ့ ကမ္ဘာကြီးပူနွေးမှုကို ထောက်ပြပြီး ဒါဟာ ကာဗွန် ထုတ်လုပ်မှုကြောင့်လို့ဆိုတယ်။ ဟုတ်ပါပြီ။ ရေအားလျှပ်စစ်က ဘာကာဗွန်မှမထွက်ပါဘူး။ ဟတ်ကြီးကထွက်မယ့် နှစ်စဉ်ဓာတ်အား မျိုးကို ကျောက်မီးသွေးစက်ရုံတစ်ရုံတည်ပြီး ရယူမယ်ဆိုရင် နှစ်စဉ် ကာဗွန်တန်ချိန် နှစ်သန်းခွဲကျော်ထွက်ပါမယ်။ ဒါကြောင့် Runoff-River ရေအားလျှပ်စစ်ကို ကန့်ကွက်နေတာဟာ ဘာလာလာကန့်ကွက်နေမယ်ဆိုတာ ပေါ်လွင်စေပါတယ်။ စေတနာနဲ့ ဝေဖန် ပြောဆိုနေသူ အချို့ရှိနိုင်ပါတယ်။ ၎င်းတို့ရဲ့စေတနာကိုလည်း လေးစားပါတယ်။
မြန်မာ့ဆိုရိုးတစ်ခုလို ‘ဘယ်သူမပြု မိမိမှု’ ပါပဲ။ မိမိတဒင်္ဂ အကျိုးစီးပွား လောက်ကို ရှေ့တန်းတင်ပြီး အသားထဲက လောက်ထွက် နေကြသူအချို့ဟာ ၎င်းတို့ရဲ့မျိုးဆက်ကို ကိုယ်တိုင်ပြန်သတ်နေသူများ ဖြစ်မှန်းမသိ ဖြစ်နေပါတယ်။ ခေါင်းဆောင်လုပ်သူတွေဟာ လည်း ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး လုပ်သင့်တာလုပ်ကြရပါမယ်။ အကျပ်အတည်းတစ်ခုတွေ့ရင် အောင်မြင်အောင် ဖြေရှင်းနိုင်မှ အဆင့်တစ်ခုကို တက်လှမ်းနိုင်မှာပါ။ အကျပ်အတည်းကို အခွင့်အလမ်းအဖြစ် အသုံးချနိုင်မှ မိမိတို့နိုင်ငံ တိုးတက်မှာပါ။
အခန်း (၁၇)
သံလွင်အပေါ် တရုတ်စဉ်းစားပုံ
သံလွင်မြစ်ဟာ တရုတ်နိုင်ငံ တိဘက်ကုန်းပြင်မြင့်ကစပြီး မြစ်ဖျားခံလာ တယ်။ မြင့်မားမတ်စောက်တဲ့ တောင်ကြားများကို ဖြတ်သန်းစီးဆင်းပြီး တရုတ်နိုင်ငံ ဘိုရှန် (Boashan) မြို့နဲ့ ဒါလီ (Dali) မြို့များဝန်းကျင်မှာ သံလွင်နဲ့မဲခေါင်မြစ်တွေဟာ တောင်ဘက်ကို ဦးတည်ဆင်းသွားပြီး ယမ်စီကတော့ အရှေ့ဘက်ကို ကွေ့စီးသွားခဲ့တယ်။ ယမ်စီစီးဆင်းရာ တစ်လျှောက်လုံးဟာ တရုတ်နိုင်ငံထဲမှာပဲရှိနေပြီး အလယ်က မဲခေါင် ကတော့ တရုတ်နိုင်ငံမှတစ်ဆင့် တခြားနိုင်ငံတွေကို ဖြတ်သန်းပြီး ဆက်လက်စီး ဆင်းခဲ့တယ်။ သံလွင်မြစ်ကတော့ မြန်မာနိုင်ငံထဲကို ကွမ်းလုံမြို့ အထက်ဘက်နားမှာဝင်လာပြီး ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်တွေကိုဖြတ်ပြီး အဆုံးသတ်မှာ မွန်ပြည်နယ် မော်လမြိုင်မြို့ အနီးမှာ ပင်လယ်ထဲကို စီးဝင်သွားတယ်။
မြစ်သုံးစင်းကို နှိုင်းယှဉ်မယ်
သံလွင်ကို တရုတ်နိုင်ငံက Nujiang (နုဂျန်း)လို့ခေါ်တယ်။ မြစ်ရိုင်း လို့အဓိပ္ပာယ်ရတယ်။ ဒီမြစ်ကြီးဟာ ကရင်ပြည်နယ်ထဲမှာ ထိုင်းနိုင်ငံနဲ့နယ်ခြားမြစ်အဖြစ် ကီလိုမီတာ ၁၂၀ (၇၅ မိုင်)ခန့် စီးဆင်းပြီးမှ မြန်မာ နိုင်ငံထဲကတစ်ဆင့် ပင်လယ်ထဲကိုဝင်တာဖြစ်လို့ နိုင်ငံသုံးနိုင်ငံဖြတ်စီးတဲ့ အပြည်ပြည်ဆိုင်ရာမြစ် (International River) အဖြစ် သတ်မှတ်ကြတယ်။ ကမ္ဘာ့မြစ်ကြီးများစာရင်းမှာ ၂၆ စင်းမြောက် အရှည်ဆုံးမြစ် ဖြစ်တယ်။ နှစ်စဉ်ပျမ်းမျှ ရေထုစီးနှုန်းဟာ ၄၉၇၈ ကုဗမီတာ/စက္ကန့် (၁၇၅၇၉၆ ကုဗပေ/စက္ကန့်) နှုန်းနဲ့ စီးနေပေမယ့် ယမ်စီမြစ်ရဲ့ ပျမ်းမျှ ရေထုစီးနှုန်း ၃၀၁၆၆ ကုဗမီတာ/စက္ကန့်နဲ့ နှိုင်းရင်တော့ ၆ ပုံ ၁ ပုံ လောက်သာရှိတယ်။ မဲခေါင်မြစ်ဟာလည်း နှစ်စဉ်ပျမ်းမျှရေထုစီးနှုန်း ၁၆၀၀၀ ကုဗမီတာ/စက္ကန့်ရှိတဲ့အတွက် သံလွင်ဟာ မဲခေါင်ထက် သုံးပုံ တစ်ပုံ လောက်သာ ရေထုစီးနှုန်းရှိပါတယ်။ ဒီလိုရေထုစီးနှုန်းတွေကို နှိုင်းယှဉ်ရတာအကြောင်းရှိပါတယ်။ ရေထုစီးနှုန်းကောင်းတဲ့ မြစ်ချောင်း တွေဟာ ပိုပြီးအသုံးဝင်နိုင်သလို အသုံးချတတ်ရင်၊ လျှပ်စစ်ဓာတ်အား ထွက်ရှိရေးအတွက် စီးပွားရေးတွက်ခြေကိုက်မှုပိုမိုရရှိနိုင်လို့ မြင်သာအောင် နှိုင်းယှဉ်ပြခြင်းဖြစ်ပါတယ်။ ရေထုစီးနှုန်းကောင်းတဲ့ တချို့မြစ်များကို မထိန်းတတ်ရင်တော့ ရေကြီးရေလျှံ အကျိုးဆက်တွေ ခံစားကြရပါတယ်။ မြစ်သုံးစင်းရဲ့ပျမ်းမျှနှစ်စဉ် ရေထုစီးနှုန်းအရ ယမ်စီဟာ အကောင်းဆုံး၊ မဲခေါင်ဟာ ဒုတိယနဲ့ သံလွင်ဟာ တတိယအဆင့်မှာသာ ရှိပါတယ်။ ဒီတော့ မြစ်သုံးစင်းစလုံးကိုသာ ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် ဘယ်မြစ်ကိုဦးစားပေးပြီး အကျိုးရှိအောင်သုံးမလဲ၊ ရေအားလျှပ်စစ် ထုတ်မလဲစတဲ့ မေးခွန်းတွေမေးလာရင် စာရေးသူရဲ့ အတွေ့အကြုံအရ ဆိုရင် ယမ်စီရဲ့ လက်တက်မြစ်တွေကို ပထမ၊ ယမ်စီမြစ်ပေါ်မှာ ဒုတိယ၊ မဲခေါင်ကိုတတိယထားပြီး လိုအပ်မှသာ သံလွင်ကိုသုံးမှာလို့ဖြေပါ့မယ်။ ဒီလိုစဉ်းစားနည်းကိုပဲ စီးပွားရေးကျွမ်းကျင်တဲ့တရုတ်က စဉ်းစားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် တရုတ်ဟာ ဧရာမရေအားလျှပ်စစ်ကြီးတွေ၊ ရေဘေးကာကွယ်ရေး တမံကြီးတွေကို ယမ်စီနဲ့ယမ်စီရဲ့လက်တက်တွေနဲ့ မဲခေါင် မြစ်ပေါ်မှာ မဂ္ဂါဝပ်သောင်းဂဏန်းအထိ ဦးစားပေးဆောင်ရွက်နေပြီး သံလွင်ကိုတော့ လိုအပ်မှသုံးမယ့်သဘောပါပဲ။
ယမ်စီကိုရွေးရတဲ့အကြောင်းရင်း
နောက်တစ်ချက်က တရုတ်ဘက်ကကြည့်ရင် ယမ်စီဟာ သူ့ကို နှစ်စဉ်ဒုက္ခပေးနေတဲ့ မြစ်ဖြစ်တာကြောင့်ရယ်၊ သူ့ပြည်မကြီးရဲ့ အချက်အချာနေရာမှာရှိတာကြောင့် ရေအားလျှပ်စစ်စက်ရုံတည်ရင် ဓာတ်အား ပို့လွှတ်မှုလိုင်းကုန်ကျစရိတ် သက်သာမယ် ဆိုတာရယ်ကြောင့် ရွေးတာလည်းပါပါတယ်။ ဒါ့ပြင် ယမ်စီမြစ်ဟာ မြို့ကြီးအတော်များများကို ဖြတ်သန်းစီးဆင်းနေတာ ဖြစ်တဲ့ အတွက် ရေကြောင်းသွားလာရေးအတွက် လုပ်တတ်ရင်လုပ်တတ်သလောက် များစွာအထောက်အကူပြုစေမယ်။ ဒီအချက်သုံး ချက်နဲ့ ယမ်စီကို သူတို့ဦးစားပေးတာပါ။
မဲခေါင်ကို ရွေးရတဲ့အကြောင်းရင်း
မဲခေါင်ကျတော့ သူ့နိုင်ငံထဲက ယူနန်ပြည်နယ်ရဲ့ တောတောင်မြင့်မား မတ်စောက်တဲ့ဒေသတွေမှာ လူနေကျဲတဲ့အားသာချက်ရှိတယ်။ ဓာတ်အားပို့လွှတ်ရေးလိုင်းတွေသွယ်တန်းရင်လည်း ယူနန်ပြည်ထဲကိုရော၊ ပြည်မကိုရော ဓာတ်အားလိုင်းသွယ်တန်းမယ်။
ဆက်လက်ဖော်ပြပါမည်။
မော်သာထွေး(မန္တလေး)