ဥပဒေပြုရေးဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲများ အပေါ်လေ့လာခြင်း (အာမေးနီးယားနိုင်ငံ)

ဥပဒေပြုရေးဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲများ အပေါ်လေ့လာခြင်း (အာမေးနီးယားနိုင်ငံ)

နိဒါန်း

    အာမေးနီးယား သမ္မတနိုင်ငံသည် ကော့ကေးဆပ် (Caucasus)နှင့် ယူရေးရှား (Eurasia) ဒေသဖြစ်သော အနောက်တောင်အာရှနှင့် အရှေ့ဥရောပတို့ကြားတွင်ရှိပြီး အာရှတိုက်၏ အရှေ့မြောက်ဘက်စွန်းကို မျက်နှာမူလျက် တည်ရှိသော ကုန်းတွင်းပိတ်နိုင်ငံ တစ်ခုဖြစ်သည်။ နိုင်ငံ၏ အရှေ့ဘက်တွင် အဇာဘိုင်ဂျန် သမ္မတနိုင်ငံ၊ အနောက်ဘက်တွင် တူကီယဲနိုင်ငံ၊ တောင်ဘက်တွင်  အီရန်နိုင်ငံနှင့် အဇာဘိုင်ဂျန်၏ နာ့ခ်ချီဗန်ပြည်နယ်၊ မြောက်ဘက်တွင် ဂျော်ဂျီယန်ဆို သမ္မတနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် မီတာ ၁၈၀၀ ( ၅၉၀၀ ပေ)တွင်ရှိပြီး   ဧရိယာ အကျယ်အဝန်း ၂၉၇၄၃ စတုရန်းကီလိုမီတာ (၁၁၄၈၃ စတုရန်းမိုင်) အကျယ်အဝန်းရှိသည်။   နိုင်ငံ၏မြို့တော်မှာ ယေရေဗန်မြို့ ( Yerevan) ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ  ရှိထားသော စာရင်းအရ  လူဦးရေသန်းပေါင်း ၂ ဒသမ ၉၆ သန်းကျော်ရှိသည်။ 

အစိုးရဖွဲ့စည်းမှု

    သမ္မတသည် နိုင်ငံတော်၏ အကြီးအကဲဖြစ်သည်။ နိုင်ငံတော်သမ္မတအား အမျိုးသား လွှတ်တော်က ရွေးချယ်တင်မြှောက်ရပြီး နိုင်ငံတော်သမ္မတ၏ သက်တမ်းမှာ   ခုနစ်နှစ်ဖြစ်သည်။အစိုးရသည် အုပ်ချုပ်ရေး အာဏာ၏ အမြင့်ဆုံး အဖွဲ့ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ လုပ်ပိုင်ခွင့်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် သက်ဆိုင်ရာ ဥပဒေများဖြင့် သတ်မှတ်ထားသည်။ ပြည်နယ်အစိုးရ အဖွဲ့များ သို့မဟုတ် အခြားသောဒေသန္တရ ကိုယ်ပိုင်အစိုးရအဖွဲ့များသို့   အပ်နှင်းထားသော အုပ်ချုပ်ရေး အာဏာလုပ်ပိုင်ခွင့်များမှ လွဲ၍ အုပ်ချုပ်ရေးအာဏာနှင့် စပ်လျဉ်းသည့် ကိစ္စရပ်အားလုံးသည် အစိုးရ၏ လက်အောက်တွင်ရှိသည်။ အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများဖြင့် ဖွဲ့စည်းထားပြီး ကိုယ်စားလှယ်အများစုက ရွေးချယ် တင်မြှောက်ထားသည့် ကိုယ်စားလှယ်လောင်းအား နိုင်ငံတော်သမ္မတက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သည်။ ဝန်ကြီးချုပ်၏ ထောက်ခံချက်ဖြင့် နိုင်ငံတော် သမ္မတက ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများကို ခန့်အပ်သည်။ ဝန်ကြီးချုပ်သည် အစိုးရ၏အဓိက  မူဝါဒလမ်းညွှန်ချက်များကို ဆုံးဖြတ်ခြင်း၊ အစိုးရ၏ လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲခြင်းနှင့် အစိုးရ အဖွဲ့ဝင်များ၏ လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်သည်။

လွှတ်တော်ဖွဲ့စည်းမှု

    အမျိုးသားလွှတ်တော်သည် ဥပဒေပြုရေး အာဏာကို အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ပြည်သူများ၏ ကိုယ်စားလှယ်ဖြစ်သည်။ အမျိုးသား လွှတ်တော်သည် အုပ်ချုပ်မှုအာဏာကို ကြီးကြပ်ကွပ်ကဲရပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေ အရအသုံး စာရင်းများကို ရေးဆွဲခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသော အခြားလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရသည်။ အမျိုးသား လွှတ်တော်တွင် အနည်းဆုံး လွှတ်တော် ကိုယ်စားလှယ် ဦးရေ ၁၀၁ ဦးနှင့် ဖွဲ့စည်းထားပြီး အချိုးကျကိုယ်စားပြု စနစ် (Proportional Representation System)ဖြင့် ရွေးကောက်တင်မြှောက်သည်။ အမျိုးသား လွှတ်တော်၏ သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။

ရွေးကောက်ပွဲသမိုင်း

    အာမေးနီးယားနိုင်ငံတွင် ပါလီမန် ရွေးကောက်ပွဲများကို ၁၉၁၉ ခုနှစ်အထိ ကျင်းပခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပပြီးနောက်နှစ်တွင်  ဆိုဗီယက်ယူနီယံက နိုင်ငံကို သိမ်းယူသောအခါ ပထမဆုံး သမ္မတနိုင်ငံ ပြီးဆုံးခဲ့ပြီး ၁၉၉၅ ခုနှစ်အထိ ပါတီစုံရွေးကောက်ပွဲများကို ထပ်မံကျင်းပနိုင်ခြင်း မရှိခဲ့ပါ။အာမေးနီးယားနိုင်ငံ၏ ၁၉၉၅ ရွေးကောက်ပွဲ ဥပဒေတွင် ဥပဒေပြု လွှတ်တော်အမတ် ၁၉၀ နေရာအား ကိုယ်စားပြုရန် ပြဋ္ဌာန်းထားသည်။ လွှတ်တော်အမတ်နေရာ ၁၅၀ နေရာကို ပထမအကြိမ်တွင် မဲ ၂၅ ရာခိုင်နှုန်း ရရှိရန်လိုအပ်သော နှစ်ကျော့ပြိုင် စနစ် (Two-round system)ဖြင့်  ရွေးကောက် တင်မြှောက်ပြီး ကျန်လွှတ်တော် အမတ်နေရာ ၄၀ ကို နိုင်ငံရေး ပါတီကိုသာ ရွေးချယ်မဲပေးနိုင်သော ပါတီအချိုးကျ ကိုယ်စားပြုမှုစနစ်   (Party-list Proportional Representation System) အသုံးပြုကာ ရွေးကောက် တင်မြှောက်ခြင်းဖြစ်သော (Mixed-member Majoritarian system  ) ဖြင့် ရွေးကောက် တင်မြှောက်သည်။

အာမေးနီးယားနိုင်ငံတွင် အောက်ပါရွေးကောက်ပွဲများကို ကျင်းပသည်-

(က)   သမ္မတရွေးကောက်ပွဲများ

(ခ)     လွှတ်တော်ရွေးကောက်ပွဲများ

(ဂ)    ဒေသန္တရရွေးကောက်ပွဲများ

(ဃ)   ဆန္ဒခံယူပွဲများ

၂၀၁၅ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအပြီးတွင် အငြင်းပွားဖွယ်ဖြစ်ရသည့် အာမေးနီးယား၏ အစိုးရစနစ်ကို သမ္မတစနစ်မှ ပါလီမန်စနစ်သို့ ပြောင်းလဲခဲ့ပြီး ရွေးကောက်ပွဲစနစ်အား (mixedmember majoritarian system)  မှ ပါတီအချိုးကျ ကိုယ်စားပြုစနစ် (party-list proportional representation system) သို့ ပြောင်းလဲခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲစနစ် အပြောင်းအလဲများ လုပ်ဆောင်ပြီးနောက် ၂၀၁၅ ခုနှစ် ဧပြီ ၂ ရက်တွင် ပါလီမန် ရွေးကောက်ပွဲကို ပထမဆုံး ကျင်းပခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းမှု

    ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗဟိုရွေးကောက်ပွဲ ကော်မရှင်ကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ခုနစ်ဦးဖြင့်  ဖွဲ့စည်းထားသည်။ ကော်မရှင် ဥက္ကဋ္ဌသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ကြီးကြပ်ကွပ်ကဲပြီး ဥပဒေ၊ နည်းဥပဒေနှင့်အညီ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ဆောင်ရွက်သည်။ ဥက္ကဋ္ဌ၏ လက်အောက်တွင် ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ရှိသည်။

ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးသည် အစည်းအဝေးများ ကျင်းပခြင်း အပါအဝင် လုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေး၊ လွယ်ကူချောမွေ့စေရေးတို့ အတွက် လုပ်ဆောင်ရသည်။ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ဥပဒေနှင့်အညီ သိမ်းဆည်းခြင်း၊ စနစ်တကျ စီမံခန့်ခွဲခြင်းများကိုလည်း လုပ်ဆောင်ရသည်။ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၊ ရွေးကောက်ပွဲ လေ့လာသူများနှင့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အခြားသူများအတွက် ရွေးကောက်ပွဲကော်မရှင်မှ ပြုလုပ်သော သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရန်ဆောင်ရွက်ပေးရသည်။ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းများအပြင် စာရင်းစစ်ဆေးခြင်းနှင့် သက်ဆိုင်သည့် စာရင်းစစ် လုပ်ငန်းများကိုလည်း ညှိနှိုင်း ဆောင်ရွက်ပေးရသည်။

ဗဟိုနှင့် အဖွဲ့ခွဲများဖွဲ့စည်းပုံ

    “အာမေးနီးယား သမ္မတရွေးကောက်ပွဲဆိုင်ရာ RA ဥပဒေ”အရ အာမေးနီးယား ရွေးကောက်ပွဲ ကော်မရှင်နှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတွက် အောက်ဖော်ပြပါအတိုင်း ရွေးကောက်ပွဲကော်မရှင်ကို အဆင့်သုံးဆင့်ဖြင့် ဖွဲ့စည်းစီမံခန့်ခွဲသည်။

၁။      အာမေးနီးယား သမ္မတနိုင်ငံ၏   ဗဟိုရွေးကောက်ပွဲကော်မရှင်

၂။      ခရိုင်နှင့် မြူနီစီပယ်အဆင့် ရွေးကောက်ပွဲကော်မရှင်များ

၃။      ရပ်ကွက်အဆင့် ရွေးကောက်ပွဲကော်မရှင်များ

    ဗဟိုရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အောက်ပါအတိုင်း ဖွဲ့စည်းသည်။ ဗဟိုရွေးကောက်ပွဲ ကော်မရှင်တွင် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ခုနစ်ဦးပါဝင်သည်။ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသော ဗဟိုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို အမျိုးသားလွှတ်တော်က ရွေးချယ်တင်မြှောက်ပြီး စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ် ဦးရေ၏ အနည်းဆုံး ဆန္ဒမဲ အရေအတွက် ငါးပုံသုံးပုံ ထောက်ခံမဲရရှိရမည်ဖြစ်သည်။ ကော်မရှင်၏ သက်တမ်းကာလမှာ ခြောက်နှစ်ဖြစ်သည်။  ဗဟိုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အပါဝင် အဖွဲ့ဝင် တစ်ဦးဦးက နှစ်ကြိမ်ထက်ပို၍  ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေရပါ။ သတ်မှတ်ပညာ အရည်အချင်းနှင့် ကိုက်ညီသူ မည်သူမဆို ဗဟိုရွေးကောက်ပွဲ ကော်မရှင်၏ အဖွဲ့ဝင်အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်။ တာဝန်ထမ်းဆောင်နေစဉ် ကာအတွင်း ဗဟိုရွေးကောက်ပွဲ အဖွဲ့ဝင်များသည် ပါတီဝင်ဖြစ်ခြင်း သို့မဟုတ် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုလုပ်ရပါ။ လူထုဟောပြောပွဲများတွင် နိုင်ငံရေးအရ သတ်မှတ်ထားသည့် အတိုင်းသာ ဆောင်ရွက်ရမည်။ ပြဋ္ဌာန်းချက်တစ်ခုခုအား ချိုးဖောက်ပါက ဗဟိုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်၏ လုပ်ပိုင်ခွင့်များကို ရပ်ဆိုင်းရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ငါးပုံ သုံးပုံမှ ထောက်ခံပါက အမျိုးသားလွှတ်တော်က ဗဟိုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၏ လုပ်ပိုင်ခွင့်များကို ရပ်ဆိုင်းမည်ဖြစ်သည်။

ရွေးကောက်ပွဲစီမံခန့်ခွဲမှု

    ရွေးကောက်ပွဲကျင်းပရန်  ပြင်ဆင်မှုများနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် အတွက် ဗဟိုရွေးကောက်ပွဲ ကော်မရှင်က ဘဏ္ဍာငွေများကို နိုင်ငံတော် ဘတ်ဂျက်မှ ခွဲဝေသုံးစွဲသည်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတွက် စွမ်းရည်မြှင့် သင်တန်းများကို ပို့ချပေးခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းများ အတွက် စည်းမျဉ်းစည်းကမ်းများကိုလည်း သတ်မှတ်ပေးသည်။  ရွေးကောက်ပွဲကော်မရှင်များ၊ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲလေ့လာသူများအတွက် လုပ်ငန်းလမ်းညွှန်များကိုလည်း ထုတ်ပြန်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ရလဒ်များ ထုတ်ပြန်ပြီး သုံးလအတွင်း ဗဟိုရွေးကောက်ပွဲ ကော်မရှင်အကြီးအကဲ သို့မဟုတ် ခန့်အပ်တာဝန် ပေးသည့် အဖွဲ့ဝင်များသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေချိုးဖောက်မှုများကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ဥပဒေပြင်ဆင်ခြင်းတို့ကို အမျိုးသားလွှတ်တော်သို့  ပေးပို့ရသည်။ ရွေးကောက်ပွဲ ဥပဒေများ ပိုမိုကောင်းမွန်ပြည့်စုံလာစေရန် ဗဟိုရွေးကောက်ပွဲ ကော်မရှင်သည် အစိုးရထံ အယူခံဝင်နိုင်သည်။

ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းမှုနှင့် ပြင်ဆင်မှုများ

    ရွေးကောက်ပွဲ ဥပဒေကို အပိုင်း (၃) ပိုင်း၊ အခန်း (၃၁) ခန်း၊ ပုဒ်မပေါင်း (၁၄၅) ခုဖြင့် ပြဋ္ဌာန်းထားသည်။ ရွေးကောက်ပွဲ ဥပဒေများကို အကြိမ်ကြိမ်ပြင်ဆင်ချက်များ ပြုလုပ်ထားသည်ကိုလည်း  တွေ့ရသည်။ နောက်ဆုံး ပြင်ဆင်ထားသည်မှာ ၂၀၂၁ ခုနှစ်ဧပြီလတွင်ဖြစ်သည်။

လက်ရှိကျင့်သုံးလျက်ရှိသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမူဘောင်များ

    အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကို အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင် မြှောက်သည်။ မဲအရေအတွက် အနည်းဆုံး ၁၀၁ မဲ ရရှိရမည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံတိုးမြှင့် သတ်မှတ်နိုင်သည်။ ပါတီတစ်ခုချင်းစီ အတွက် မဲအရေအတွက် ၅ ရာခိုင်နှုန်း ရရှိရမည်ဖြစ်ပြီး ပါတီများ စုပေါင်းထားသော မဟာမိတ်ပါတီများအတွက် မဲအရေအတွက် ၇ ရာခိုင်နှုန်းကို (d ' Hondt) နည်းလမ်း ဖြင့် ခွဲဝေသတ်မှတ်ပါသည်။ သို့ရာတွင် တတိယ အကောင်းဆုံးပါတီ သို့မဟုတ် မဟာမိတ်အဖွဲ့၏ စွမ်းဆောင်နိုင်မှု မည်သို့ပင်ရှိစေကာမူ နိုင်ငံရေးအုပ်စု အနည်းဆုံး သုံးဖွဲ့သည် လွှတ်တော်ထဲသို့ ဝင်ရောက်မည်ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များကို အမျိုးသား မဲခွဲဝေမှုနည်းစနစ်ကို အသုံးပြု၍ ပါတီများသို့ ခွဲဝေပေးသည်။ အမျိုးသား လူနည်းစုများ (အာရှုရိ၊ ကာ့ဒ်၊ ရုရှနှင့် ယာဇီဒီ များ)အတွက် လွှတ်တော် ကိုယ်စားလှယ်နေရာများကို သီးသန့်ခွဲဝေထားရှိသည်။ ကျား/မ ခွဲတမ်းတစ်ခုအတွက် ကျား/မ တစ်ဦးစီ၏ အနည်းဆုံး ကိုယ်စားလှယ်လောင်း ၃၃ ရာခိုင်နှုန်း ပါဝင်ရန်လိုအပ်သည်။

ပါတီတစ်ခုသည်  မဲအများစု ရရှိသော်လည်း အမတ်နေရာ၏ ၅၄ ရာခိုင်နှုန်း မရရှိပါက ၎င်းတို့ စုစုပေါင်း၏ ၅၄ ရာခိုင်နှုန်းကို ထပ်ပေါင်းဖြည့်ပေးသည်။ အကယ်၍ ပါတီတစ်ခုသည် အမတ်နေရာရရှိမှု သုံးပုံနှစ်ပုံထက် ကျော်လွန်ပါက သတ်မှတ်ထားသော အရေအတွက်အောက် လျော့နည်းရရှိသော ပါတီများကို အနိုင်ရပါတီ၏  အမတ်နေရာများကို ခွဲဝေပေးအပ်သည်။ ပဏာမမဲရလဒ်များ ထွက်ပေါ်ပြီး ခြောက်ရက် အတွင်း အစိုးရမဖွဲ့နိုင်ပါက မဲအများဆုံး ရရှိထားသော ထိပ်သီးပါတီ နှစ်ရပ်အတွက် ၂၈ ရက်မြောက်နေ့တွင် ရွေးကောက်ပွဲကို ဒုတိယအကြိမ် ထပ်မံကျင်းပပေးရမည်။ ပထမအကြိမ်တွင် ရရှိထားသော အမတ်နေရာများကို ဆက်လက် ထိန်းသိမ်းထားပြီး ၅၄ ရာခိုင်နှုန်းထက် ကျော်လွန်၍  မဲအများဆုံး ရရှိသောပါတီအား အနိုင်ပေးအပ်မည်ဖြစ်သည်။

နိုင်ငံရေးပါတီများ

    ၂၀၂၁ ခုနှစ်၊ ဇွန်လအထိ အာမေးနီးယားနိုင်ငံ၏ တရားရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီပေါင်း ၁၀၀ ရှိပါသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း သတ်မှတ်ချက်

    အသက် (၂၅) နှစ်ပြည့်ပြီး နိုင်ငံသားဖြစ်သူ၊ နိုင်ငံ၌လွန်ခဲ့သည့် (၅) နှစ်အတွင်း အမြဲတမ်း နေထိုင်ခဲ့သူဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မည်သူမဆို ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်။

မဲဆန္ဒရှင်

    မဲပေးသည့်နေ့တွင် အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးသော အာမေးနီးယား နိုင်ငံသားများသည် မဲပေးပိုင်ခွင့်ရှိသည်။ မှတ်ပုံတင်မရှိသော နိုင်ငံသားများသည် ဒေသန္တရ ရွေးကောက်ပွဲရှိ မဲဆန္ဒရှင် စာရင်းတွင်ပါဝင်ပြီး ရွေးကောက်ပွဲနေ့ မတိုင်မီ အနည်းဆုံး ခြောက်လခန့် မဲစာရင်းတွင် ပါဝင်နိုင်ရေး မှတ်ပုံတင်ထားရှိရသည်။ မှတ်ပုံတင်ခြင်းမရှိသော   နိုင်ငံသားများသည် အာမေးနီးယား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့်အညီ သတ်မှတ်ထားသည့် နောက်ဆက်တွဲ မဲဆန္ဒရှင်များစာရင်းတွင် ပါဝင်ပါက ရွေးကောက်ပွဲများ၌ မဲပေးရာတွင် ပါဝင်ခွင့်ရှိမည်ဖြစ်သည်။

ဆန္ဒမဲပေးခြင်း

    ရွေးကောက်ပွဲ ကျင်းပသည့်နေ့ နံနက် ၈နာရီအချိန်တွင် မဲရုံကို စတင်ဖွင့်လှစ်ပြီး ည ၈  နာရီအချိန်တွင် မဲရုံပိတ်သည်။ ဆန္ဒမဲပေးရာတွင် မဲဆန္ဒရှင်များသည် Fingerprint system စက်များဖြင့် မဲဆန္ဒရှင် အချက်အလက်များကို ထည့်သွင်းထားသော စက်တွင် လက်ဗွေနှိပ်၍ မဲလက်မှတ်များ ပါသောစာအိတ်ကို ထုတ်ယူရသည်။ စာအိတ်ထဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော ပါတီ ကိုယ်စားပြုမဲစာရွက်များ ပါရှိပြီး လျှို့ဝှက်ဆန္ဒပြုခန်း၌ မိမိမဲပေးလိုသော ပါတီကိုယ်စားပြုစာရွက် တစ်ရွက်ကိုသာ ရွေးချယ်၍ စာအိတ်အတွင်းထည့်ကာ ၎င်းစာရွက်အား မဲပုံးထဲသို့ ထည့်ရသည်။

ကျန်မဲ စာရွက်များအား လျှို့ဝှက်ဆန္ဒမဲပေးခန်း အနောက်ရှိ အမှိုက်ပုံးထဲသို့ စွန့်ပစ်ရသည်။ ထို့ပြင် နိုင်ငံပြင်ပ ရောက်နေသော မဲဆန္ဒရှင်များ အတွက်လည်း Electronic Voting စနစ်ဖြင့် ကြိုတင်မဲပေးနိုင်သည်။

ရွေးကောက်ပွဲကျင်းပနေစဉ်  မဲရုံအတွင်း၌ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲစောင့်ကြည် လေ့လာသူများ၊ နိုင်ငံပိုင်မီဒီယာများနှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်သည် ဥပဒေအရ မိမိတို့အတွက် သတ်မှတ်ပေးထားသည့် နေရာများတွင်သာ နေရာယူရမည်ဖြစ်ပြီး မဲဆန္ဒရှင်များ၏ လျှို့ဝှက်စွာ မဲပေးခွင့်အား မထိခိုက်စေပဲ မဲပေးခြင်း လုပ်ငန်းစဉ်ကို  ဓာတ်ပုံနှင့်ဗီဒီယိုများ ရိုက်ကူးနိုင်သည်။

ရွေးကောက်ပွဲရလဒ်များ ရေတွက်ခြင်း၊ ကြေညာခြင်း

    ဆန္ဒမဲပေးသည့်နေ့တွင်  ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသည် ဆန္ဒမဲပေးသည့် မဲဆန္ဒရှင် အရေအတွက်အား ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ထံ ၁၁ နာရီ၊ ၁၄ နာရီ၊ ၁၇ နာရီနှင့် ၂၀ နာရီအချိန်များတွင် တင်ပြရမည်ဖြစ်ပါသည်။ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်များသည် အဆိုပါ အချက်အလက်များကို ဗဟိုရွေးကောက်ပွဲ ကော်မရှင်သို့ အချိန်နှင့်တစ်ပြေးညီ ဆက်လက် တင်ပြရသည်။ ဆန္ဒမဲပေးသည့်နေ့တွင် ဗဟိုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲ အချက်အလက်များအား ၃ နာရီလျှင် တစ်ကြိမ် ထုတ်ပြန်ရသည်။

ဆန္ဒမဲများကို မဲရုံပိတ်သည့် ည ၈ နာရီအချိန်တွင် မဲရုံတာဝန်ခံများနှင့် ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံများမှ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများရှေ့တွင် မဲပုံးများကို ဖွင့်ဖောက်၍ မဲရေတွက်ခြင်းအား ပြုလုပ်သည်။ ဆန္ဒမဲပေးရာတွင်ပါဝင်သည့် မဲဆန္ဒရှင် အရေအတွက် ဆိုင်ရာအချက်အလက်များကို ထုတ်ပြန်ပြီးနောက် ကော်မရှင်၏ဝက်ဘ်ဆိုဒ်တွင် ရွေးကောက်ပွဲဆိုင်ရာ နယ်မြေအလိုက် ကြေညာခြင်း၊ ရေဒီယိုနှင့်ရုပ်မြင်သံကြား တို့မှ မဲရလဒ်များကို ထုတ်ပြန်ရသည်။

ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများ

    အာမေးနီးယားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲများကို ၁၉၉၆ ခုနှစ်၊ ၁၉၉၈ ခုနှစ်၊ ၂၀၀၃ ခုနှစ်၊ ၂၀၀၈ ခုနှစ်၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် လည်းကောင်း၊ လွှတ်တော်ရွေးကောက်ပွဲများကို ၁၉၉၉ ခုနှစ်၊ ၂၀၀၃ ခုနှစ်၊ ၂၀၀၇ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် လည်းကောင်း အသီးသီး ကျင်းပခဲ့ပါသည်။

၂၀၂၁ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲ   

    အာမေးနီးယားနိုင်ငံတွင် နောက်ဆုံး ကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲကို  မူလက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် သတ်မှတ်ထားသော်လည်း ၂၀၂၀ တွင် ဖြစ်ပွားခဲ့သော နိုင်ငံရေး ပဋိပက္ခ အကျပ်အတည်းများကြောင့်  ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် စော၍ ကျင်းပခဲ့ပါသည်။

ဗဟိုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ ထိုရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပေါင်း ၂၅၇၈၆၇၈ ဦးရှိပြီး နိုင်ငံတစ်ဝှမ်းတွင် မဲရုံပေါင်း ၂၀၀၈ ရုံရှိသည်။ ရွေးကောက်ပွဲတွင် ပါတီ (၂၁) ပါတီနှင့် မဟာမိတ် (၄) ဖွဲ့မှ ကိုယ်စားလှယ်လောင်း ၂၅၁၀ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မဲဆန္ဒရှင် စုစုပေါင်း ၁၂၈၁၁၇၄ ဦး၊ မဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ၄၉ ဒသမ ၄ ရာခိုင်နှုန်း မဲပေးခဲ့သည်။

ညနေပိုင်းတွင် ဗဟိုရွေးကောက်ပွဲ ကော်မရှင်အကြီးအကဲ Tigran Mukuchyan သည် ပဏာမ မဲရလဒ်များကိုကြေညာခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း Pashinyan ၏ Civil Contract ပါတီသည် ထောက်ခံမဲ ၅၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် အမျိုးသား လွှတ်တော်တွင် ၇၂ နေရာဖြင့် ဦးဆောင်နေပြီး ၂၀၁၈ ခုနှစ်ထက် ၁၆ နေရာလျော့နည်းကာ သမ္မတဟောင်း Robert Kocharyan ၏ Armenia Alliance က ၂၇ နေရာနှင့်  ၁၈ ဒသမ ၈  ရာခိုင်နှုန်း ရရှိခဲ့သည်။ တတိယနိုင်ငံရေး ပါတီအင်အားစုမှာ I Have Honor Alliance  ပါတီဖြစ်ပြီး ၅ ဒသမ ၂၃  ရာခိုင်နှုန်းနှင့် ခြောက်နေရာ ရရှိခဲ့သည်။

နိဂုံး

     အာမေးနီးယားနိုင်ငံတွင် ကျင့်သုံးလျက်ရှိသော ရွေးကောက်ပွဲစနစ်သည် အချိုးကျကိုယ်စားပြု စနစ်ဖြစ်သောကြောင့် လူနည်းစုမျိုးနွယ်များ အတွက်သာမက လွှတ်တော်တွင် ပါတီတစ်ခုတည်းမှ နေရာများစွာ ရရှိမည် မဟုတ်သောကြောင့် မျှတသောစနစ်ဖြစ်သည်။

ထို့ပြင် ဥပဒေအရ လွှတ်တော်တွင် အနည်းဆုံးနိုင်ငံရေး အင်အားစု (၃)ခု မဖြစ်မနေပါဝင်ရန် သတ်မှတ်ထားသောကြောင့် ပါတီတစ်ခုတည်းမှ လွှတ်တော်တွင် ကြီးစိုးချယ်လှယ်နိုင်သည့် အခြေအနေများကိုလည်း ကာကွယ်တားဆီး ထားသည်။

ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ဥပဒေများကိုလည်း ပြင်ဆင်ရန် လိုအပ်ပါက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ ကျင်းပ၍ လိုအပ်သလို ပြင်ဆင်ပြဋ္ဌာန်းသော နိုင်ငံဖြစ်သည်။ နိုင်ငံ၏ ရွေးကောက်ပွဲ ကော်မရှင်သည်လည်း ၎င်းတို့၏လုပ်ပိုင်ခွင့်များကို တိကျစွာ လုပ်ဆောင်လျက်ရှိပြီး စွမ်းဆောင်ရည် ပြည့်ဝကာ တရားမျှတ၍ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပလျက်ရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။  ။

ရိုး(တောင်ပေါ်မြေ)