COVID-19  ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား ဆက်လက်လက်ခံပြီး လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၂၆

   

တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19)   ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ COVID-19  ရောဂါဓာတ်ခွဲအတည်ပြုလူနာများကို လက်ခံ ကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက် ထားရှိလျက်ရှိပြီး စက်တင် ဘာ ၂၅ ရက်မှစတင်၍ အတည်ပြုလူနာများကို လူမျိုး၊ ဘာသာမရွေး လက်ခံကာ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။  ယနေ့အထိ မှော်ဘီမြို့နယ်ရှိ နယ်မြေခံ ဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သာသနာနွယ်ဝင်သီလရှင် ၁ ပါး၊ အင်းစိန် မြို့နယ်ရှိ သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သံဃာတော် ၁၀၉ ပါး၊  လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအရပ်သား ၅၈၅ ဦးနှင့် လှည်းကူးမြို့နယ်၊ ရဲမွန်မြို့၊ နယ်မြေခံ သင်တန်းကျောင်းမှ အတည်ပြုလူနာ အရပ်သား ၂၀၂ ဦးတို့ကို အသီးသီး ဆက်လက်လက်ခံကုသပေးလျက်ရှိပြီး အဆိုပါ ဓာတ်ခွဲအတည်ပြု လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

   

ထိုသို့လက်ခံကုသမှုများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်မှ အတည်ပြုလူနာ သံဃာတော် ၂၀ ပါး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းမှ အတည်ပြုလူနာ အရပ်သား ၇၄ ဦးတို့ကို ယနေ့တွင် သက်ဆိုင်ရာ ရပ်ကွက် များသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံ ပို့ဆောင်ပေးကြသည်။

   

ထို့ပြင် သီးသန့်စောင့်ကြည့်ရမည့် သူများကိုလည်း လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ ၇၆၇ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၃၇ ဦးတို့ကို အသီးသီး လက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး အဆိုပါသီးသန့် စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်အလိုက် စီစဉ်ဆောင်ရွက်ပေး လျက်ရှိသည်။

ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စောင့်ကြည့်သူများ၏ နေထိုင် စားသောက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နန်းဦးကျောင်းတိုက်ရှိ COVID-19   ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သော သံဃာတော် ၁၀ ပါးနှင့် ရှင်သာမဏေ ၃ ပါး တို့အား မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ကြိုတင်ပြင်ဆင်ထားသည့် ကုတင်-၂၀၀ ဆံ့ တပ်မတော် COVID-19  လူနာများကုသရေးဌာန (မန္တလေး)၌ စောင့်ကြည့်ကုသပေးလျက် ရှိရာ သံဃာတော်များနှင့် သာမဏေများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ်များရယူ၍ အောက်တိုဘာ ၂၀ ရက်တွင် ၁ ကြိမ်၊ အောက်တိုဘာ ၂၅ ရက်တွင် ၁ ကြိမ် စစ်ဆေးရာ ၂ ကြိမ်စလုံးတွင် COVID-19  ရောဂါပိုးတွေ့ရှိမှုမရှိ (မရှိ)သဖြင့် တပ်မတော်ပိုင် မော်တော်ယာဉ်များဖြင့် အဆိုပါ ကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။