စာဖတ်စို့

စာဖတ်စို့

မြန်မာနိုင်ငံသည် စာတတ်မြောက်မှု မြင့်မားသည့် နိုင်ငံဖြစ်သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်ထောင်စု အကြောင်းအရာ သန်းခေါင်စာရင်းအရ မြို့ပြနေ စာတတ်မြောက်မှုနှုန်းမှာ ၉၅ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး ကျေးလက်များတွင် ၈၇ ဒသမ ၁ ရာခိုင်နှုန်း ရှိသည်။

သက်ကြီးစာတတ်မြောက်မှုနှုန်းမှာလည်း အားရဖွယ်ဖြစ်သည်။ ကျောင်းနေအရွယ် ကလေးသူငယ်နှင့် လူငယ်အားလုံး ပညာသင်ယူ ခွင့်ရှိသည်။ မသန်စွမ်းသူနိုင်ငံသားများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် မရရှိသူများကိုပင် ပညာသင်ယူခွင့် ရရှိစေရန် ဥပဒေအရ အခွင့်အရေးပေးထားသည်။ 

ထို့ကြောင့် စာတတ်လာသူကလေးသူငယ်၊ အရွယ်ရောက်သူတိုင်းစာသင်၍ စာတတ်လာကြသည်။ စာတတ်ခြင်းမှ စာဖတ်သည့် အလေ့အထများ ဆက်လက်ရှင်သန်စေရန် အားပေးသင့်သည်။ စာဖတ်ခြင်းအလေ့အထ တိုးတက်လာသည်နှင့်အမျှ စဉ်းစား တွေးခေါ်မှု မှန်ကန်ပြီး ဆန်းစစ်ဝေဖန်ပိုင်းခြားနိုင်စွမ်း (Critical and Analytical Skill )ကို ရရှိစေနိုင်သည်။ ထိုမှတစ်ဖန် စိတ်ကူး စိတ်သန်းနှင့် တီထွင်ဖန်တီးနိုင်စွမ်း (Creative and Inventive Skill)ကိုလည်း ရရှိစေနိုင်မည်ဖြစ်သည်။ စာဖတ်ခြင်းသည် လူတစ်ဦး တစ်ယောက်အတွက်သာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာအထောက်အပံ့ရရှိနိုင်သည်။ သို့ကြောင့် စာတတ်သူတို့ စာဖတ်ဖို့လိုသည်။

စာမဖတ်ကြသည့်အကြောင်းရင်းကို စူးစမ်းတိုင်း ရရှိသည့်အဖြေသည် ပြည့်စုံမှုမရှိသည်ကို လေ့လာမိသည်။ Struggle ကြောင့်၊  အလုပ်မအားလို့ပါ၊ အချိန်မပေးနိုင်သေးပါဘူး၊ စာအုပ်ဈေးကကြီးတယ် မကပ်နိုင်သေးလို့၊ ကျန်းမာရေးက မကောင်းတာနဲ့၊  စာဖတ် ဝါသနာက ပါတာမဟုတ်ဘူးလေ  စသည့် မရိုးနိုင်သော ညည်းချင်းများကို နားထောင်လိုက်ရသည်ချည်း ဖြစ်သည်။    စာတတ်သော် လည်း စာဖတ်ခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးကို မခံစားတတ်ခြင်းဖြစ်သည်။ စာပေကိုမွေ့လျော်ခြင်းဖြင့် စာပေကပေးအပ် လာမည့် ပျော်ရွှင်နှစ်လိုဖွယ်များကို မခံစားဖူး၍ဖြစ်သည်။ စင်စစ် စာဖတ်ခြင်းသည် လျှောက်လှမ်းနေသည့် ဘဝ၏ခြေလှမ်းများပင် ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် ရုပ်ဝတ္ထု အရင်းအမြစ်၊ ဓနငွေကြေးအရင်းအမြစ်နှင့် လူသားအရင်းအမြစ်တို့သည် အရေးပါစမြဲ ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံအဖြစ် တည်ဆောက်ကြရာတွင် လူ့စွမ်းအား( Human Capital)၊ လျှပ်စစ်စွမ်းအင်၊ ရေရရှိမှု၊ လမ်းတံတား စသည့် စီးပွားရေးအခြေခံ အဆောက်အဦထူထောင်နိုင်မှုစွမ်းအား(Physical Capital)နှင့် လူမှုရေးစွမ်းအား (Social Capital) တို့ဖြစ်သည်။ ထိုစွမ်းအားတို့တွင် အသိဉာဏ်ရှင်သန်ဖွံ့ဖြိုးသော လူမှုအသိုက်အဝန်းတစ်ရပ်တည်ဆောက်ရန် လူ့စွမ်းအား သည် အရေးကြီးဆုံးဖြစ်သည်။ နိုင်ငံတစ်ခု၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ အဆိုပါနိုင်ငံရှိ နိုင်ငံသားများကို အရေအတွက်မှ အရည်အချင်းသို့ ပြောင်းလဲလိုက်ခြင်းသာ ဖြစ်သည်။ နိုင်ငံသားတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုတို့ကို နဂိုရှိနေရာမှ ဆွဲတင်ခြင်းသာ ဖြစ်သည်။ အရည်အချင်းမြင့်မားလာမှုကြောင့် နဂိုမူလ လုပ်ဆောင်နေမှုထက် ပိုမိုမြင့်မားသော လုပ်ဆောင်မှုကို လုပ်ဆောင်နိုင်လာကြသည်။ ဥပမာအားဖြင့် ရေကို ရေနေရာထားခြင်းမဟုတ်တော့ဘဲ ဆည်ရေ၊ သောက်ရေ၊ သုံးရေအဖြစ် ပြောင်းလဲလိုက်နိုင်ခြင်း၊ ရေဆိုးရေညစ်ကိုပင် အသုံးပြန်ဝင်လာရန် အသုံးပြုနိုင်ခြင်းမျိုးဖြစ်သည်။ ထိုသို့ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လူတိုင်းလူတိုင်း စာတတ်ကြဖို့လိုသည်။ စာတတ်သည်နှင့် စာကို ဆက်လက် ဖတ်ကြရန်လည်း တိုက်တွန်းရမည်ဖြစ်သည်။   စာဖတ်မှသာလျှင် နည်းပညာနှင့် အတတ်ပညာကျွမ်းကျင်မှုကို ဆက်လက် ဆည်းပူးရာရောက်သည်။   ဆက်လက်ဆည်းပူးခြင်းဖြင့်    လူသားအရင်းအမြစ်ပေါကြွယ်၀ လာမည်ဖြစ်သည်။ လူသားအရင်းအမြစ် ပေါကြွယ်ဝလာခြင်းသည် နိုင်ငံဖွံ့ဖြိုးရေးကိုရှေးရှုသည်။ ထို့ကြောင့်  စာတတ်သည့်လူတိုင်း  စာဖတ်ကြဖို့ တောင်းဆိုခြင်း ဖြစ်ပါသည်။

ဘာကြောင့် စာဖတ်ရမှာလဲ

မိမိကိုယ်မိမိ Confidence ရှိရန်နှင့် မိမိ၏ ဝမ်းစာလုံလောက်နေစေရန် ဖြည့်တင်းသည့်အနေနှင့် စာဖတ်သင့်သည်။ စာဖတ်ရာ၌ သတင်းအချက်အလက်သိရှိရန် (Reading for Information)၊ အသိအမြင်နိုးကြားပွင့်လင်းရန်  (Reading for Understanding) နှင့် အပျော်ဖတ်ရန် (Reading for Entertainment)  ဟူသောစိတ်ထားတို့ဖြင့် စာဖတ်ကြခြင်းကများသည်။ အသိအမြင်နိုးကြား ပွင့်လင်းရာ၌ ပတ်ဝန်းကျင် ဗဟိဒ္ဓလောကကြီးနှင့် သက်ဆိုင်သည့် ဗဟုသုတအသိအမြင်၊ မိမိ၏ အဇ္ဈတ္တနှင့်ဆိုင်သည့် ဘဝအသိ အမြင်၊ မိမိ၏ အဇ္ဈတ္တနှင့် ဗဟိဒ္ဓနှစ်ပါးမှ လွန်မြောက်နိုင်သည့် လောကုတ္တရာအသိအမြင်တို့ကိုလည်း စာဖတ်ခြင်းမှ ရရှိမည်ဖြစ် သည်။လောကီ၊  လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးကိုပေးစွမ်းနိုင်သောကြောင့် စာဖတ်သင့်သည်ဟု ဆိုဝံ့ခြင်းဖြစ်သည်။

ဘာတွေရမှာလဲ

စာပေဗဟုသုတကြွယ်ဝခြင်းသည် လူ့ဘဝ၏ အကြောင်းအကျိုး၊ အကောင်းအဆိုးတို့ကို သိမြင်နိုင်သည်။ ဝေဖန်ပိုင်းခြား နိုင်စွမ်း ရှိသည်။   ဘဝတစ်လျှောက်လုံး ကောင်းစွာပြုမူ ကျင့်ကြံနေထိုင်ရေးကို စာပေကပေးသည်။ စာပေမှ  ရယူနိုင်သည်။ စာဖတ်ခြင်းသည် ကိုယ်၊ နှုတ်၊ နှလုံးကို  လိမ္မာယဉ်ကျေးစေရန်   သင်ကြားနာယူခြင်းဖြစ်၍   ကိုယ်၊ နှုတ်၊နှလုံး  လိမ္မာယဉ်ကျေးလာစေသည်။  ဆင်ခြင်တုံ တရားကိုလည်း တိုးပွားစေသည်။ စာဖတ်ခြင်းသည် တန်ခိုးတက်စေသည်။ ဆိုလိုသည်မှာ တန်ဖိုးတက်ခြင်းဖြစ်သည်။ တန်ဖိုး တက်ခြင်းကြောင့် မိမိဘဝသည် လှနေသည်။ မိမိဘဝ၌ ပိုနေသည်တို့ကို နုတ်၍ လိုနေသည်များကို ဖြည့်တင်းလာတတ်သည်။ ထိုအခါ အတွေ့အကြုံအသစ်များနှင့်  ထိတွေ့ခွင့် ရလာသည်။ စိန်ခေါ်မှုကိုရင်ဆိုင်ဖြေရှင်းရန် သစ်လွင်သော နည်းလမ်းရှိရာသို့ သိမ်မွေ့စွာ ချဉ်းကပ်နိုင်သည်။ လူမှုဘဝသည် တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက် မြင့်လာပါလိမ့်မည်။ မည်သည့်အရာသည် အမှန်၊ မည်သည့်အရာသည်  အမှားဆိုသည်ကို လမ်းညွှန်ပြသပေးသည်။ အချိန်ကုန်သက်သာ လူမပင်ပန်းခြင်းသည် စာဖတ်ခြင်း၌ ရလာသည့် အကျိုးပင်ဖြစ်သည်။

ဘယ်ကိုသွားမှာလဲ

စာဖတ်ရန်အတွက် အနီးစပ်ဆုံးရှိရာ စာကြည့်တိုက်သို့သွားပါဟု  တိုက်တွန်းပါသည်။ စာကြည့်တိုက်ဆိုသည်မှာ  အများပြည်သူတို့  စာပေဖတ်ရှုရန် သို့မဟုတ် စာပေငှားရမ်းရန်  ဖွင့်လှစ်ထားသည့် သို့မဟုတ် ထားရှိသည့်နေရာ သို့မဟုတ် အဆောက်အအုံကို ဆိုလိုသည်။ စာကြည့်တိုက်အသုံးပြုသည့် ဓလေ့ကို ကျောင်းစာကြည့်တိုက်များကစ၍ ပြုစုပျိုးထောင်ပေးသင့်သည်။ ဆိုရပါမူ   ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးသည် ရေသောက်မြစ်ကို အားပေးရာရောက်သည်။ ကျောင်းစာကြည့်တိုက်နှင့် ရင်းနှီးလာရာမှ စာကြည့်တိုက်များသို့ ဝင်ထွက်သွား လာရဲမည်။ စာကြည့်တိုက်တွင် နေ့စဉ် စာဖတ်သည့် ဓလေ့သည် စွဲကပ်လာမည်။ စာကြည့်တိုက်များ ခေတ်နှင့်အညီ  တိုးတက်ပြောင်းလဲလာရေးလည်း  လိုအပ်လာပါသည်။ စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍ သည်လည်း လူတိုင်းစာဖတ်လာရေးတွင် အရေးပါလာမည်ဖြစ်သည်။ ဝန်ဆောင်မှုကောင်းလေ စာဖတ်သူဦးရေ တိုးပွားလာလေပင် ဖြစ်မည်။ စေတနာရှင် လုပ်သားပြည်သူများကလည်း စာကြည့်တိုက်ဖွံ့ဖြိုးရေးအတွက် ငွေအားစိုက်ထုတ်၍ ကူညီသင့်သည်။      ဒစ်ဂျစ်တယ် နည်းပညာခေတ်တွင် အီလက်ထရွန်နစ်စာကြည့်တိုက်များ ပေါ်ပေါက်လာစေရန်လည်း လိုအပ်သည်။

ဘယ်လိုနည်းနဲ့ ဖတ်မှာလဲ

မိမိဖတ်နေသည့် စာအုပ်စာပေကို နားလည်အောင်(Comprehension) ဖတ်ပါ။ နားလည်လာသည်နှင့်အမျှ ဖတ်နေသည့်စာကို အရသာခံတတ်(Literary Appreciation) လာမည်ဖြစ်သည်။ အရသာရှိသောအစာကို အဖန်တလဲလဲစားချင်စိတ် ရှိလာသည့်နှယ် အရသာရှိသောစာကို ထပ်ကာထပ်ကာ ဖတ်ချင်စိတ်ဖြစ်လာပါလိမ့်မည်။ စိတ်အားထက်သန်မှုသည် စာဖတ်လိုစိတ်ကို စေ့ဆော် ပေးနေသဖြင့် စာကိုပိုမိုဖတ်ရှုလာစေသည်။ စာဖတ်လေ ခြုံငုံနားလည်နိုင်စွမ်း (Reading Comprehension)သည် မြင့်မားလေဖြစ် တော့သည်။ ထို့နောက်မှ မည်သည့်စာများကို ဖတ်ရှုမည်ဟူသည့် ဆုံးဖြတ်ချက်သည် ကပ်၍လိုက်ပါလာ လိမ့်မည်။ Reading Blog တစ်ခုကို ထားရှိခြင်းသည် စာဖတ်သူနှစ်သက်ခဲ့သည့်စာအုပ်များကို အမှတ်ရစေမည့် နည်းလမ်း ကောင်း တစ်ခုလည်းဖြစ်သည်။ ဝေဖန်ပိုင်းခြားမှုရှိသော စာဖတ်ခြင်းနည်းလမ်းတွင် သုံးသပ်ခြင်း၊ ဖွင့်ဆိုခြင်းနှင့် တစ်ခါတစ်ရံ အကဲဖြတ်ခြင်းတို့ပါ ပါဝင်သည်။ ဝေဖန်ပိုင်းခြားစွာ စာဖတ်သည့်အခါ ဖတ်ရှုနေသောစာသားကိုသာမက စာဖတ်နေသည့် မိမိကိုယ်မိမိ မေးခွန်းများထုတ်လာမည်သာ ဖြစ်သည်။ ဝေဖန်ပိုင်းခြားနိုင်သောတွေးခေါ်မှုကို ထက်မြက်စေသည်။

စာဖတ်ဖို့ ပြောသူတွေ

ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသန့်က “စာဖတ်သော လူမျိုးများသည်တိုးတက်၍    တိုးတက်သော လူမျိုးတို့ စာဖတ်ကြသည်” ဟုမိန့်ဆိုခဲ့သည်။ စာပေနယ်၌ ထင်ရှားသော စာရေးဆရာကြီးအောင်သင်းက “ဘယ်သူတွေက ဘာပြောနေနေ မင်းကိုယ်ကိုမင်းချစ်ရင် ပညာသင်ပါ၊ စာဖတ်ပါ၊ တိုင်းပြည်နဲ့ လူမျိုးကိုချစ်ရင် ပညာသင်ပါ၊ စာဖတ်ပါ” ဟု ပြောကြားခဲ့သည်။ မိန့်ဆိုချက်များသည် စာဖတ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကိုသာ ရည်ညွှန်းနေကြသည်။ နာယူသင့် သည်စကားများပင် ဖြစ်သည်။

စာအုပ်စာပေ လူ့မိတ်ဆွေ

မေ့လျော့နေသော   အကြောင်းအရာအဖြစ်အပျက်တို့ကို မိတ်ဆွေတို့အားမေးမြန်းခြင်းဖြင့် ပြန်လည်အစဖော်နိုင်သည်။ ထိုနည်းတူ စာအုပ်အတွင်းမှ ပြန်လည်တူးဆွ   အစဖော်နိုင်သည်။ အခြားသူအား   ပြန်လည်ချေပပြောဆိုလမ်းညွှန်နိုင်သည်။ စာအုပ်စာပေတို့ကို  မိမိ၏ မိတ်ဆွေတစ်ဦးနှယ် မေးမြန်းနိုင်သည်။ မိမိ မသိသည့် အသိပညာ၊ စကားလုံး၊ ခံစားမှုရသ စသည်တို့ကို သိစေအပ်သည့်  မိတ်ဆွေကောင်းတစ်ဦးနှယ်ဖြစ်သည်။

မိမိအား ဆင်ခြင်တုံတရားကိုလည်း သင်ကြားပြောပြပေးသူဖြစ်သည်။ မိတ်ဆွေကောင်းအား စားကောင်းသောက်ဖွယ်တို့နှင့် ဧည့်ခံ သည့်နည်းတူ စာအုပ်တို့ကို  နေရာခင်းကျင်းကျနစွာနှင့် ထားလိုစိတ်ရှိရမည်။ လိုအပ်၍ စာအုပ်ကိုပြန်လည်ဖတ်ရှုချိန်သည်  မိတ်ဆွေ ကောင်းအား  ပြန်လည်ဆုံတွေ့ရသည့်  ခံစားမှုမျိုးပင်ဖြစ်သည်။  မိမိ၌ မိတ်ကောင်းဆွေကောင်း  အမြဲရှိနေသလို  မိမိလက်ဝယ် စာကောင်းပေမွန်တစ်အုပ်သည်  အမြဲရှိနေသင့်သည်။ စာဖတ်သူတို့ ပျော်ရွှင်စေရန်၊  အသိအလိမ္မာရရှိရန်နှင့် အကျိုးအကြောင်း ဆင်ခြင်နိုင်စေရန် စေတနာကိုအရင်းခံထား၍ ရေးသားထားသော စာအုပ်မှန်သမျှသည် မိမိ၏မိတ်ဆွေများပင်ဖြစ်သည်။

လူနေမှုအဆင့်အတန်းကို လူတစ်ဦး၏ ချမ်းသာကြွယ်ဝမှု၊ သက်သောင့်သက်သာရှိမှု၊ ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မှုတို့ဖြင့် တိုင်းတာသည်။ အခြားတစ်ဖက်၌  စိတ်ကူးစိတ်သန်း၊  စကားပြောဆို ဆက်ဆံမှုတို့ဖြင့်  အကဲဖြတ်ကြသည်။  လူတစ်ဦးချင်းစီကိုသယ်ဆောင်လာရာမှ      သက်ဆိုင်ရာ ပထဝီဝင်ဒေသအတွင်း၊ ထိုမှ နိုင်ငံတစ်နိုင်ငံအတွင်း Level တစ်ခုသို့တက်လှမ်းကြသည်။ ခြေလှမ်းအစသည် စာတတ် မြောက်ရေးဖြစ်သည်။ ယနေ့မြန်မာနိုင်ငံ၌ အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်နှင့် နိုင်ငံရေးလုပ်ငန်းစဉ်(၂)ရပ် အောင်မြင်အောင် ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်နေချိန်ဖြစ်သည်။  

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်မှာ စာတတ်ခြင်း၊ စာဖတ်ခြင်းသည်လည်း ပါဝင် ပတ်သက်နေသည်။ တစ်ဖန် စာဖတ်ခြင်းကြောင့် မိမိအတွက်သာမက မိသားစုနှင့် ပတ်ဝန်းကျင်၊ နိုင်ငံအထိတိုင် အကျိုးရလဒ်ကောင်း များစွာရရှိခံစားနိုင်သည်။ ထို့ကြောင့် လူ့စွမ်းအားဖွံ့ဖြိုးပြီး အတွေးအခေါ်အမြော်အမြင် ဗဟုသုတများစွာ တိုးပွားရရှိနိုင်ရန်အတွက် စာတတ်သူတို့ စာဖတ်စို့ဟု တိုက်တွန်းလိုက်ရပါသည်။     ။

 ကိုဇော်ဌေး(ယဉ်ကျေးမှု)