ပိုမိုတိုးတက်တော့မည် ဧရာဝတီ

ပိုမိုတိုးတက်တော့မည် ဧရာဝတီ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ဖေဖော်ဝါရီ ၇ ရက်နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME))လုပ်ငန်းရှင်များအား ပုသိမ်မြို့မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ဆွေးနွေး ပြောကြားခဲ့သည်။

ထိုသို့ပြောကြားရာတွင် “ဧရာဝတီတိုင်း ဒေသကြီးအတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် အခြေခံ ကုန်ကြမ်းများ ရှိပြီးဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်း စီးပွားရေး ယခုထက်ပိုမို တိုးတက်လာမည်ဖြစ်ကြောင်း၊ One Region One Product ကိုဆောင်ရွက် ရာတွင်လည်း ပြည်တွင်းဈေးကွက်ကိုသာမက ပြည်ပဈေးကွက်သို့ပါ တင်ပို့နိုင်ရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ နိုင်ငံ့စီးပွားရေးကို ဆောင်ရွက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသားအားလုံးက အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်ကြရန်လိုပြီး ကမ္ဘာကြည့် ကြည့်မြင်ကြရမည်ဖြစ်ကာ အတူတကွဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း” ဆွေးနွေးတိုက်တွန်း ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက်  အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများကို အားပေး ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်တွင် နေထိုင်ကြပြီး ၃၀ ရာခိုင်နှုန်းမှာ မြို့ပြတွင် နေထိုင်လျက်ရှိသည်။ ကျေးလက်နေ ပြည်သူအများစုမှာ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်ကြပြီး စပါးစိုက်ပျိုးခြင်း၊ ဆီထွက်သီးနှံများ စိုက်ပျိုးခြင်း၊ ငါးမွေးမြူခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားသည့် ဒေသကြီးဖြစ်သည်။ ငါးမွေးမြူရေး လုပ်ငန်းများကို စနစ်တကျဖြင့် မွေးမြူထားရှိခြင်း၊ နို့စားနွားမွေးမြူရေးနှင့် တန်ဖိုးမြင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးလျက် ရှိခြင်းနှင့် ပုသိမ်စက်မှုဇုန် စီမံကိန်းဆောင်ရွက်နေခြင်းတို့ကြောင့် စီးပွားရေးတိုးတက်မှုနှုန်း မြင့်မားလျက်ရှိပါသည်။ ပြည်တွင်းပြည်ပသို့ ဆန်တင်ပို့ရောင်းချမှု မြင့်မားသည့်အတွက် နိုင်ငံတော်၏ စပါးကျီဟု တင်စားထားသည်။ ထို့ပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် နွေစပါးနှင့်ပဲတီစိမ်းများ အထွက်တိုးလျက်ရှိသည့် အတွက် ဒေသခံပြည်သူများ ဝင်ငွေတိုးပွားလျက်ရှိသည်။

ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းမှ ထွက်ရှိသည့်ကုန်ကြမ်းများကို အဓိကထား ဆောင်ရွက်ရမည်ဖြစ်သည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့်ကုန်ကြမ်းများမှ တန်ဖိုးမြှင့် ထုတ်ကုန်များကို ထုတ်လုပ်ကြရပေမည်။ ဆန်စပါး စိုက်ပျိုးရေးတွင် တစ်ဧကချင်း အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ဆီထွက်သီးနှံများကိုလည်း အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသကဲ့သို့ ငါးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အရင်းအမြစ်ကောင်းများ ပိုင်ဆိုင်ထားသည့် ဒေသကြီးတစ်ခုဖြစ်ပေရာ ငါးမွေးမြူရေးမှာ စဉ်ဆက်မပြတ် ထုတ်လုပ်ပြီး စဉ်ဆက်မပြတ် ရောင်းချနေရမည့် လုပ်ငန်းဖြစ်သည်။ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့ငါးမွေးမြူ ထုတ်လုပ်သည့် နိုင်ငံများတွင် မြန်မာနိုင်ငံသည် အဆင့်(၈)နေရာတွင် ရပ်တည်လျက်ရှိသည်။ အရှေ့တောင်အာရှ နိုင်ငံများတွင် မြန်မာနိုင်ငံသည် ငါးစားသုံးမှု ဒုတိယ အမြင့်မားဆုံးဖြစ်သည်။ ပြည်တွင်းစားသုံးမှုတွင် အသားထက် ငါးစားသုံးမှုက ပိုမိုများပြားလှသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ငါးတင်ပို့မှုမှာ ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းခန့်သာရှိပြီး တန်ဖိုးအားဖြင့် ဒေါ်လာသန်း ၄၀၀ ဝန်းကျင်ခန့်သာရှိသေးကြောင်းသိရှိရသည်။ ထို့ကြောင့်ငါးကို ပိုမိုထုတ်လုပ်ပြီး ပိုမိုတင်ပို့နိုင်ပါက နိုင်ငံခြားငွေ ပိုမိုရရှိလာမည်ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး အတွင်း ငါးမွေးမြူရေးလုပ်ငန်း များကိုအောင်မြင်စွာ ဆောင်ရွက်ရာတွင် လူအများ စားသုံးနိုင်သော သင့်တော်သည့် ဈေးနှုန်းဖြင့် ရောင်းချနိုင်သည့် ငါးမျိုးများမွေးမြူရန် လိုအပ်ကြောင်းလည်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှုပြုထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှုများ လျင်မြန်ချောမွေ့စေရေးတို့အတွက် တစ်နိုင်ငံလုံးရှိ လမ်း၊ တံတားများ ကောင်းမွန်စေရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ ခရီးသွားလုပ်ငန်း တိုးတက်စေရေးနှင့် ဒေသခံတို့၏ လူမှုစီးပွားမြင့်တက်စေရေး အတွက် ပုသိမ်လေယာဉ်ကွင်းကို အဆင့်မြှင့်တင်ခြင်း၊ ငပုတောတွင် ပင်လယ်ကူးသင်္ဘောများ ဝင်ရောက်နိုင်အောင် ဆိပ်ကမ်းတည်ဆောက်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ  လမ်းပန်းဆက်သွယ်ရေး ပိုမိုမြန်ဆန်တော့မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ပိုမိုကျယ်ပြန့်လာခြင်းနှင့်အတူ ခရီးသွားလုပ်ငန်းများလည်း တွင်ကျယ်လာတော့မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။