နှလုံးကျန်းမာစေမည့် နည်းလမ်းကောင်းများ

နှလုံးကျန်းမာစေမည့် နည်းလမ်းကောင်းများ

    အလေးချိန် ၈ အောင်စမှ ၁၂ အောင်စကြားရှိ နှလုံးသည် အခန်းလေးခန်းခွဲ၍ သွေးအဝင်အထွက်ကို ချိန်ခါမလပ် (၂၄ နာရီပတ်လုံး) လုပ်ဆောင်ရသဖြင့် နှလုံးသည် လူ့ခန္ဓာကိုယ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထို့ပြင် နှလုံးသည် တစ်မိနစ်လျှင် အကြိမ်ရေ ၆၀ မှ ၈၀ ခန့် စည်းချက်မှန်မှန် ကျုံ့ကာ  ခန္ဓာကိုယ်အနှံ့ သွေးစုပ်ယူခြင်း၊  အဆုတ်မှ အောက်ဆီဂျင်ပါသောသွေးကို ရရှိပြီး ကျန်ခန္ဓာကိုယ် တစ်ခုလုံးဆီသို့ ညှစ်ထုတ်ပေးခြင်း၊ အောက်ဆီဂျင်နှင့် အာဟာရများကို ထောက်ပံ့ပေးခြင်း၊ အဆိပ်အတောက်များနှင့်  အညစ်အကြေးများကို  ဖယ်ရှားပေးခြင်းစသည့်အမျိုးမျိုးသော တာဝန်များကို ထမ်းဆောင်ပေးသည်။  ဤဇီဝနည်းတို့ဖြင့်  နှလုံး၏ ကျေးဇူးကြောင့်  လူသားတို့ အသက်ဆက်နိုင်ကြခြင်းဖြစ်ပေသည်။

ထိုမျှအလုပ်ရှုပ်သောနှလုံးသည် လူတို့၏အပြုအမူ၊ အနေအထိုင်၊ အစားအသောက် တစ်စုံတစ်ရာ မှားယွင်းခြင်းကြောင့်ဖြစ်စေ၊ မျိုးရိုးလိုက်ရောဂါကြောင့်ဖြစ်စေ၊ ကိုလက်စထရောမြင့်မားခြင်း၊  သွေးတိုးခြင်း၊  ဆေးလိပ်သောက်ခြင်း၊ ဆီးချိုရောဂါနှင့် အရက်အလွန်အကျွံ သောက်ခြင်းကြောင့်ဖြစ်စေ နှလုံးနှင့် နှလုံးသွေးကြောတို့ကို ထိခိုက်စေကာ နှလုံးရောဂါ ဖြစ်ပေါ်လာရသည်။ နှလုံးရောဂါသည် နှစ်ထောင်ပေါင်းများစွာကတည်းကပင်  လူသားမျိုးနွယ်တို့၌  ရှိနေပြီဖြစ်သော်လည်း ယနေ့ခေတ်  လူနေမှုဘဝသည်  နှလုံးကျန်းမာရေး အတွက် အန္တရာယ်ဖြစ်စေသော အမူအကျင့်များကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေ တစ်စထက်တစ်စ မြင့်တက်လျက်ရှိသည်။ အမျိုးသား၊ အမျိုးသမီးအားလုံး နှလုံးရောဂါ ခံစားရနိုင်သဖြင့် မပေါ့ဆသင့်ပေ။

နှလုံးကျန်းမာရေး အသိပညာပေး ဖေဖော်ဝါရီလ

    နှလုံးရောဂါသည် တစ်ကမ္ဘာလုံး၌ အဖြစ်အများ ဆုံးရောဂါတစ်မျိုးဖြစ်သည့်အတွက် အမေရိကန်နိုင်ငံဆိုင်ရာ  နှလုံးကျန်းမာရေး အဖွဲ့က  နှစ်တစ်နှစ်၏ ဖေဖော်ဝါရီလ တစ်လလုံးကို    February  Heart Awareness Month (နှလုံးကျန်းမာရေး အသိပညာပေး ဖေဖော်ဝါရီလ)အဖြစ် သတ်မှတ်ထားသည်။ ထိုသို့ သတ်မှတ်ရခြင်း၏  ရည်ရွယ်ချက်များမှာ  လူသားအားလုံး နှလုံးနှင့်နှလုံးသွေးကြော ဆိုင်ရာရောဂါများကြောင့် သေဆုံးမှုများ လျှော့ချရန်၊ အဖြစ်များသော နှလုံးသွေးကြောကျဉ်းရောဂါ၊   သွေးတိုးရောဂါနှင့် ယင်းရောဂါနှစ်မျိုးကြောင့် လေဖြတ်နိုင်သော အလားအလာကို လျှော့ချနိုင်ရန် စသည့် ကျန်းမာသုတဆိုင်ရာ အချက်အလက်များကို လူအများ သိရှိလာကြပြီး အသိ၊  သတိတို့ဖြင့် သိရှိဆောင်ရွက်နိုင်ကြစေရေး ရည်ရွယ်ခြင်းဖြစ်သည်။  လက်ရှိ  အမေရိကန်၌  သေဆုံးသူလေးဦးလျှင်  တစ်ဦးသည်  နှလုံးရောဂါကြောင့်ဖြစ်ကြောင်းကို အမေရိကန်နိုင်ငံဆိုင်ရာ နှလုံးကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

နှလုံးကျန်းမာစေမည့် နည်းလမ်းကောင်းများ

    မွေးရာပါနှလုံးရောဂါကို မဆိုလိုသော်လည်း မိမိ၏ အပြုအမူ၊ နေထိုင်မှုနည်းလမ်း မမှန်ကန်မှုများ ကြောင့်နှလုံးရောဂါကို   ဖိတ်ခေါ်နေသကဲ့သို့  မဖြစ်စေရန် ကျန်းမာရေးနှင့် ညီညွတ်သော     အစားအစာများ စားသောက်ခြင်း၊  ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ ကိုလက်စထရောနှင့် သွေးပေါင်ချိန်ကို မှန်ကန်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် နှလုံးရောဂါဖြစ်လာနိုင်ခြေကို  လျှော့ချနိုင်သည်။  ကျန်းမာသောနှလုံး ပိုင်ရှင်ဖြစ်စေရန်အတွက် အောက်ဖော်ပြပါ နည်းလမ်းကောင်းများကို ကျင့်ကြံကြစေလိုကြောင်း အကြံပြုလိုပါသည်။

- ဆေးလိပ်ဖြတ်ပါ။  ဆေးလိပ်သည်  ကျန်းမာရေး အတွက်  ဘက်ပေါင်းစုံမှ   ဆိုးကျိုးပေးသည့်အပြင် ဆေးပညာစစ်တမ်းများ အရ နှလုံးရောဂါ ဝေဒနာရှင်အများစုသည်   ဆေးလိပ်သောက်သုံးသူများ ဖြစ်ကြကြောင်း   လေ့လာတွေ့ရှိရသည်။   ဆေးလိပ်သည် အဆုတ်၏ လုပ်ဆောင်နိုင်စွမ်းရည်ကို နိမ့်ကျသွားစေသည့်အပြင် အရေပြားများ သွေးလည်ပတ် စီးဆင်းမှုကိုပါ  နှေးကွေးလာစေသည်။ နှိုင်းယှဉ်ချက်များအရ ဆေးလိပ်သောက်သူများသည် ဆေးလိပ်လုံးဝမသောက်သူများထက်  ငါးနှစ်ခန့်စော၍  နှလုံးရောဂါဝေဒနာ ဖြစ်လာနိုင်ကြောင်း တွေ့ရှိရသည်။

-ကိုလက်စထရောချပါ။ သွေးထဲရှိ ကိုလက်စထရောများက သွေးလွှတ်ကြောများအတွင်း အနည်ထိုင်နေသဖြင့် နှလုံးသွေးကြော ကျဉ်းလာကာ နှလုံးသွေးလည်ပတ်စီးဆင်းမှု နှေးကွေးလာစေသည်။ HDL (ခေါ်) ခန္ဓာကိုယ်အတွက်  ကောင်းသော သွေးတွင်းအဆီမြင့်တက်ပါက LDL (ခေါ်) ခန္ဓာကိုယ်အတွက် အသုံးမဝင်သည့် မကောင်းသော သွေးတွင်းအဆီဓာတ်ကို လျော့ ကျသွားစေသည်။  ထို့ကြောင့်  ကိုလက်စထရောကို လျှော့ချပေးရမည်ဖြစ်သည်။ သွေးတစ်မီလီမီတာတွင် HDLပမာဏ ၆၀ မီလီဂရမ်အထိ ရောက်အောင် ထိန်းညှိပေးနိုင်ပါက နှလုံးရောဂါ မဖြစ်နိုင်ပေ။

- ကိုယ်အလေးချိန်ထိန်းပါ။ အဝလွန်ခြင်းက နှလုံးရောဂါဖြစ်စေနိုင်သည်။  အဝလွန်သော ခန္ဓာကိုယ်အတွက် နှလုံးက ပိုမိုအလုပ်လုပ်ရသောကြောင့် နှလုံးသွေးကြော ရောဂါများအပြင်   သွေးတိုးနှင့်   ဆီးချိုရောဂါများပါ ဖြစ်စေတတ်၍ အဝမလွန်အောင် ထိန်းသိမ်းပါ။

- ဆီးချိုမတက်ပါစေနှင့်။ ဆီးချိုရောဂါရှိသူများသည် ဆီးချိုရောဂါမရှိသူများထက် နှလုံးရောဂါဖြစ်နိုင်ခြေအလားအလာ  သုံးဆမျှပိုများသည်။  အထူးသဖြင့် ဆီးချိုရောဂါအမှတ်-၂ က  နှလုံးရောဂါနှင့်အတူ  လေဖြတ်ခြင်းကိုဖြစ်စေနိုင်သည်။ ဆီးချိုပမာဏ တက်မလာအောင် အချိုလျှော့စားရင်း ကိုယ်အလေးချိန် လျော့ကျစေရန်       လေ့ကျင့်ခန်းများ ပြုလုပ်၍ သက်ရှည်ကျန်းမာအောင် နေထိုင်ရမည်။

• စိတ်ဖိစီးမှုနည်းအောင်နေပါ။ စိတ်ဖိစီးမှုများခြင်းက နှလုံးကို ထိခိုက်စေသည့်အပြင် ကိုလက်စထရော မြင့်တက်လာစေသည်။ ထို့ပြင် သွေးတိုးစေသဖြင့် အချိန်ကြာလာသည်နှင့်အမျှ    အသက်တိုစေသည်။ စိတ်ဖိစီးမှုကြောင့် အရက်၊ ဆေးလိပ်ဖြင့် လွဲမှားစွာ စိတ်ဖြေခြင်းမျိုး မလုပ်သင့်ပေ။ အလုပ်တွင် စိတ်ဖိစီး မှုများသူများ ခေတ္တမျှ လမ်းထလျှောက်ပေးခြင်းဖြင့် စိတ်သက်သာမှု ရစေနိုင်သည်။

•Aspirin  ဆေးဝါးမှီဝဲပါ။ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူများ အတွက်  ၈၁  ဂရမ်ပမာဏရှိသော Aspirin ဆေးကို နေ့စဉ် သောက်သုံးပေးခြင်းဖြင့် နှလုံးသွေးကြောအတွင်း အနည်ကျပိတ်ဆို့ခြင်းကို မဖြစ်စေဘဲ နှလုံးရောဂါ သိသိသာသာ သက်သာလာစေသည်။ သို့သော် တချို့သူများမှာ Aspirin ဆေးဝါး၏ ဘေးထွက်ဆိုးကျိုးများ ရှိနိုင်၍ နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သုံးပါ။

• သွေးမတိုးပါစေနှင့်။ လေ့လာဆန်းစစ်ချက်များ အရ သွေးတိုးရောဂါ၏ ၃ ရာခိုင်နှုန်းခန့်က နှလုံးရောဂါပါ တွဲ၍ဖြစ်လာလေ့ရှိသည်။ သွေးမတိုးစေရန် ဆား(အငန်)  လျှော့စားပြီး  အိပ်ရေး၀၀အိပ်ရန် လိုအပ်သည်။   သွေးပေါင်ချိန်တိုင်းခြင်းဖြင့်   နှလုံးခုန်နှုန်းကိုပါ တစ်ပါတည်း သိရှိနိုင်ပြီး သွေးပေါင်ချိန်မြင့်တက် လာပါက    နှလုံးခုန်နှုန်းပါ မြင့်တက်လာလေ့ရှိသည်။

ထို့ကြောင့် သင့်နှလုံးကို ကာကွယ်သည့်အနေဖြင့် သွေးပေါင်ချိန်မတက်အောင် ထိန်းသိမ်းပါ။

• ဗီတာမင်အားဆေးမှီဝဲပါ။   ဗီတာမင်အီးနှင့် ဗီတာမင်ဘီ-6 တို့က နှလုံးရောဂါကို သက်သာစေသကဲ့သို့ ဖောလစ်အက်စစ်နှင့် ဗီတာမင်ဘီ-12 တို့ကလည်း ဟော်မုန်းပမာဏကို ပုံမှန်ဖြစ်စေသည်။ အနည်းဆုံး  ရက်သတ္တပတ်လျှင်  နှစ်ကြိမ်မျှ ငါးသေတ္တာနှင့် အဆီများသော ငါးစားပါ။  တူနာငါး၊ ဆယ်လ်မွန်ငါး စသော  အဆီများသည့် ပင်လယ်ငါးများသည် နှလုံးကို လွန်စွာကောင်းကျိုးပြုသည်။ ငါးထဲရှိ အကျိုးပြု အဆီဓာတ် အာနိသင်မပြယ်စေရန် ကြော်မစားသင့်ပေ။ ငါးပေါင်း၊ ငါးပြုတ်၊ ငါးကင်စားပေးပါ။ သို့သော် ထိုငါးမျိုးက မြန်မာနိုင်ငံ၌ ရနိုင်ရန် ခက်ခဲသဖြင့် လိုအပ်လျှင် ငါးကြီးဆီမှီဝဲခြင်းဖြင့် အထောက်အပံ့ကောင်း ဖြစ်စေသည်။

• အမျှင်ဓာတ်စားပေးပါ။ ပြည့်ဝဆီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ကြွယ်ဝသည့် အသီးအနှံ၊ အစေ့အဆန်များက နှလုံးကိုအားကောင်းစေသည်။ ထို့ပြင် အစိမ်းရောင် ဟင်းသီးဟင်းရွက်များက နှလုံးကို ကျန်းမာလာစေသကဲ့သို့   ဗီတာမင်စီကြွယ်ဝသော အသီးအနှံများကလည်း နှလုံးရောဂါဖြစ်ခြင်းမှ     ကာကွယ်ပေးနိုင်သည်။

လတ်ဆတ်သောသစ်သီးများ၊ ဘယ်ရီသီးများနှင့် ကြက်သွန်နီတို့တွင် ဗီတာမင်စီကြွယ်ဝစွာ ပါရှိသည်။ အထူးသဖြင့် ထောပတ်သီးထဲရှိ မဂ္ဂနီစီယမ်ဓာတ်က နှလုံးရောဂါကို   လျှော့ချပေးပြီး   ပိုတက်စီယမ်ဓာတ်က နှလုံးသွေးဖိအားကို   ပုံမှန်ဖြစ်စေသည်။   ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝသော   ဘလူးဘယ်ရီသီးက လည်း  ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေသည့်  ဖရီးရယ်ဒီကယ်လ်များနှင့် အဆိပ်အတောက်များကို တိုက်ထုတ်ပေးကာ  နှလုံးသွေးကြောများကို  အထူးကောင်းကျိုး ဖြစ်စေသည်။

-လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းက နှလုံးကြွက်သားများ သန်မာစေရန်နှင့် နှလုံးကြွက်သား အားကောင်းစေရန်   အထောက်အကူပြုသည်။ လမ်းမြန်မြန်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊   အေရိုးဗစ်၊   ကြိုးခုန်   စသည့်ပေါ့ပါးလွယ်ကူသော  ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို တစ်ရက်လျှင် မိနစ် ၃၀ ခန့် ပြုလုပ်ပေးပါ။

- ကျန်းမာရေးနှင့် ညီညွတ်မျှတအောင်စားပါ။ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများတွင် အဆီဓာတ် နည်းပါးပြီး ဗီတာမင်၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်တို့ များစွာပါဝင်သည့် အတွက် ကိုယ်အလေးချိန်၊ သွေးတွင်းအဆီနှင့် သွေးပေါင်ချိန် မတက်စေရန် ထိန်းသိမ်းပေးသည်။  ဆန်လုံးညိုကဲ့သို့  အရောင်မချွတ်ထားသော ဆန်နှင့်ဂျုံများတွင်  အမျှင်ဓာတ်များ ပါရှိသည့်အပြင် အာဟာရပြည့်ဝစေသဖြင့် များများစားပေးသင့်သည်။ အသားများကိုလည်း အရေခွံဖယ်ပြီး အဆီနည်းသော အသားကိုသာ     ရွေးချယ်စားသင့်သည်။

ကျန်းမာရေးနှင့်မညီညွတ်သော  တိရစ္ဆာန်အဆီများနှင့်  ဆီကြော်မုန့်များကိုရှောင်ပါ။ ဖြစ်နိုင်လျှင် အော်ဂဲနစ် သစ်သီးဝလံများနှင့်  ဟင်းသီးဟင်းရွက်များကိုသာ ရွေးချယ်စားသုံးသင့်သည်။ ဖရုံစေ့၊ အစေ့အဆန်များနှင့် အခွံမာရေသတ္တဝါများတွင် ပါဝင်သော ဇင့်ဓာတ်ကလည်း အိုမီဂါ-3 ကဲ့သို့ပင် နှလုံးရောဂါကို ကာကွယ်ပေးနိုင်သည်။    နေရောင်ခြည်မှ တစ်ဆင့်ရရှိသော ဗီတာမင်ဒီက နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်သည်။ အသား၊ ဥ အမျိုးမျိုးနှင့် ငါးများတွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်သည့် CoQ10 အာဟာရဓာတ်ကလည်း နှလုံးသွေးကြောများ ပျက်စီးမှုကို ကာကွယ်ပေးနိုင်သည်။ ကြက်သွန်ဖြူက နှလုံးသွေးကြော စီးဆင်းမှုကို အားကောင်းစေ၍ တစ်ပြိုင်တည်းမှာပင် သွေးတိုးရောဂါနှင့် ကိုလက်စထရော ကျစေသဖြင့် နှလုံးကျန်းမာရေး အတွက် ကြက်သွန်ဖြူကို နေ့စဉ်စားပေးသင့်သည်။ အနက်ရောင်ချောကလက်ကလည်း နှလုံးသွေးလွှတ်ကြော နံရံများအပေါ် သွေးဖြူဥအနည်ကျခြင်းနှင့် နှလုံးသွေးကြော  ကြွပ်ဆတ်မာတင်းခြင်း မဖြစ်စေရန် အထောက်အကူပြုပေးနိုင်သည်။

အချုပ်အားဖြင့်ဆိုသော် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ မှတ်တမ်းများအရ မြန်မာနိုင်ငံ၌ နှလုံးခုန်နှုန်းမမှန်သော ရောဂါမှာ အသက် ၆၅ နှစ်နှင့်အထက် လူကြီးများတွင် အဖြစ်များနေသော်လည်း လေးဖက်နာရောဂါရှိသူ လူငယ်များလည်း နှလုံးရောဂါဖြစ်နိုင်ခြေ များနေကြောင်း  တွေ့ရသည်။   သုတေသနရလဒ်များ အရ ကိုဗစ်-၁၉ ရောဂါပိုးသည် နှလုံးကြွက်သားကို တိုက်ရိုက်ထိခိုက်စေကြောင်း သိရသည်။ ထို့ပြင် နှလုံးရောဂါသည်  လူတစ်ဦးမှ တစ်ဦးဆီသို့ ကူးစက်နိုင်ခြင်း မရှိသော်လည်း   လုံးဝပျောက်ကင်းရန် မလွယ်ကူသည့်  နာတာရှည်ရောဂါ တစ်မျိုးဖြစ်သဖြင့်    ကိုဗစ်-၁၉  ရောဂါကာလတွင် အသက်ဘေးကို ခြိမ်းခြောက်နိုင်ကြောင်း၊ ယခင်က နှလုံးလုပ်ငန်း ဆောင်တာ ပျက်စီးမှု (Heart Failure) ရှိဖူးသူသည်  ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရပါက သေဆုံးနိုင်ခြေ ၂ ဒသမ ၀၉ ဆ ပိုများကြောင်း၊ ယခင်က  နှလုံးသွေးကြောပိတ်ဆို့မှု (Myocardial Infarct)) ရှိခဲ့ဖူးသူ အနေဖြင့် သေဆုံးနိုင်ခြေ ၁ ဒသမ ၁၁ ဆ ပိုများကြောင်း သတိပေးထားသည်။ ထို့ကြောင့် နာတာရှည်နှလုံးရောဂါ ရှိသူများအနေဖြင့် ကြိုတင်ကာကွယ် ပြုမူနေထိုင်သင့်ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။

ပေါက်ပေါက်