နွားထိုးကြီးမြို့နယ်ရှိ မျက်စိဝေဒနာရှင် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ မျက်စိခွဲစိတ် ကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၂၆

   

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ရှိ ဒေသခံပြည်သူ များ၏ မျက်စိခွဲစိတ်ကုသရေးနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် နွားထိုးကြီးမြို့ရှိ အလည်ကျောင်း ပရိယတ္တိစာသင်တိုက်၌ အခြေပြု၍ သံဃာတော် ၄ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၂ ပါးနှင့် ဒေသခံပြည်သူ ၁၄၃ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အတွင်းတိမ်ခွဲစိတ်ကုသမှု ၁၆ ဦးနှင့် အသေးစားမျက်စိခွဲစိတ်လူနာ ၁ ဦး၊ စုစုပေါင်းမျက်စိခွဲစိတ် ကုသလူနာ ၁၇ ဦးကို ရွေ့လျားခွဲစိတ်ကုသယာဉ်ပေါ်၌ ခွဲစိတ်ကုသပေးခြင်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

   

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးပြီး မျက်မှန်တပ်ဆင်ရန် လိုအပ်သည့် မျက်စိဝေဒနာ ရှင်များအား မျက်မှန်များ တပ်ဆင်ပေးပြီး ဆေးကုသမှုလာရောက် ခံယူသည့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများက နေ့လယ်စာထမင်း၊ ဟင်းများဖြင့် ဧည့်ခံကျွေးမွေးသည်။

   

တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ်ကုသ ယာဉ်တစ်စီးပါဝင်ပြီး အဆိုပါမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား မျက်စိရောဂါနှင့် အခြားလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို COVID-19  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ သတ်မှတ်ချက်များနှင့်အညီ ကုသဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။