ညီရင်းအစ်ကိုပမာဆက်ဆံရေးဖြင့် စိန်ရတုမှသည် ရတုအဆက်ဆက်ဆီသို့
မြန်မာ-ရုရှား သံတမန်ဆက်သွယ်ထူထောင်မှု (၇၅)နှစ်မြောက်ဂုဏ်ပြုဆောင်းပါး
“အဝတ်ပုဆိုး၊ တန်ဆာမျိုးကား၊ တိုး၍တိုး၍၊ တစ်နေ့တစ်ခါ၊ လဲပါတုံရှောင်း၊ သစ်တိုင်းကောင်း၏၊ အပေါင်းအဖော်၊ ဟုတုံသော်မူ၊ ငယ်ဖော်ငယ်ပေါင်း၊ ဟောင်းတိုင်းကောင်း၏၊ အဝတ်ပုဆိုး၊ တန်ဆာမျိုးကား၊ သစ်တိုင်းကောင်း၏”
အထက်ပါစာပိုဒ်ကို ရေးဖွဲ့သွားသူကတော့ မန်လည်ဆရာတော်ဘုရားကြီးပါ။ အဓိပ္ပာယ်ကား အဝတ်အစားတွေဆိုတာ သစ်လွင်လေ ကောင်းမွန်လေဖြစ်ပေမယ့် မိတ်ဆွေအပေါင်းအသင်းဆိုတာကတော့ ဟောင်းလေကောင်းလေဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
တစ်နည်းဆိုသော် မိတ်ဟောင်းဆွေဟောင်းတွေက အချိန်ကြာလာပေမယ့် စိတ်ထားမပြောင်းလဲဘဲ ကိုယ့်အကျိုးကိုသာ အစဉ် လိုလားကြသူများဖြစ်တဲ့အတွက် အဝတ်ဆိုရင် သစ်လွင်တာကိုဝတ်ပါ။
မိတ်ဆွေဆက်ဆံရေးကိုတော့ နှစ်ပေါင်းများစွာကြာ ခိုင်မြဲအောင်တည်ဆောက်ပါလို့ ဆိုချင်ပါတယ်။ မိတ်ဆွေဆက်ဆံရေးထက် တစ်ဆင့်တက်ကြည့်ရင်တွေ့ရမှာက ညီရင်းအစ်ကိုဆက်ဆံရေးပေါ့။ ညီရင်းအစ်ကိုဆက်ဆံရေးဆိုတာ ကြုံတွေ့လာရတဲ့အခက်အခဲ၊ စိန်ခေါ်မှုမှန်သမျှကို တစ်အူထုံ့ဆင်းညီအစ်ကိုအရင်းပမာ ဖြေရှင်းဆောင်ရွက်မယ်။ လောကဓံရဲ့ ရိုက်ခတ်မှုတွေကို ဆိုးအတူ၊ ကောင်းအတူ မျှဝေခံစားမယ်။ တစ်ယောက်နဲ့တစ်ယောက်သွေးနီး ကြမယ်။
လူသားတစ်ဦးတစ်ယောက်ချင်းစီမှာ ဒီလိုမျိုးယုံကြည်စိတ်ချရတဲ့ မိတ်ကောင်းဆွေကောင်းတွေရှိဖို့လိုအပ်သလို နိုင်ငံတစ်နိုင်ငံ အတွက်ဆိုရင် ပိုလို့တောင်မှလိုအပ်ဦးမှာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်ကတော့ ကံကောင်းတယ်လို့ပဲပြောရမလား။ အကြောင်းကောင်းလို့ အကျိုးကောင်းတယ်လို့ပဲဆိုရမလား။ ကျွန်တော်တို့နိုင်ငံအတွက် မိတ်ကောင်းဆွေကောင်းထက်ကိုပိုပြီး ညီရင်းအစ်ကို ဆက်ဆံရေးမျိုး တည်ဆောက်ထားနိုင်တဲ့ နိုင်ငံရှိပါတယ်။
မြန်မာနိုင်ငံအတွက် မိတ်ကောင်းဆွေကောင်းထက်ကျော်လွန်လို့ ညီရင်းအစ်ကိုပမာဆက်ဆံရေးထူထောင် ထားနိုင်တဲ့နိုင်ငံကတော့ ရုရှားဖက်ဒရေးရှင်းနိုင်ငံပါပဲ။ ဘာအတွက်ကြောင့်များ ရုရှားနိုင်ငံနဲ့ ညီရင်းအစ်ကို ဆက်ဆံရေးထူထောင်ထားနိုင်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ရှင်းပါဦးမယ်။
ကျွန်တော်တို့ညီရင်းအစ်ကိုနှစ်နိုင်ငံရဲ့ဆက်ဆံရေးသမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်မြတ်စွာဘုရားရှင်လက်ထက်တော်အခါကတည်းက ဗျာဒိတ်ရထားတဲ့ ဗျာဒိတ်တော်လာဆက်ဆံရေးလို့လည်း ဆိုကြပါတယ်။
နောက်ပိုင်း တစ်နိုင်ငံနဲ့တစ်နိုင်ငံကူးလူးဆက်နွှယ်မှုကိုတော့ ရှေးမြန်မာဘုရင်များလက်ထက်မှာတွေ့ရပါတယ်။ အဲဒီကနေမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးထူထောင်နိုင်ဖို့ ကြိုးပမ်းခဲ့တာကိုမြင်ရမှာပါ။
အထူးသဖြင့် ကုန်းဘောင်မင်းဆက်ရဲ့ ၁၀ ဆက်မြောက်မင်းဖြစ်တဲ့ မင်းတုန်းမင်းလက်ထက်မှာ ကြိုးပမ်းခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံ ဘက်ကလည်း လှိုက်လှိုက်လှဲလှဲနဲ့ကြိုဆိုခဲ့ပါတယ်။ အဲဒီအချိန်ကာလတုန်းက နှစ်နိုင်ငံကြား ကုန်သွယ်မှုလည်းရှိနေပါပြီ။ဒါပေမဲ့ မြန်မာနိုင်ငံအောက်ပိုင်းကို ဗြိတိသျှ နယ်ချဲ့များကသိမ်းပိုက်ထားတဲ့အချိန်၊ နန်းတွင်းမှာလည်း ရှုပ်ထွေးမှုတွေဖြစ်ပွားနေတဲ့အချိန်၊ တိုင်းရေးပြည်ရေးအခြေအနေကလည်း ငြိမ်သက်မှုတွေမရှိတဲ့အချိန်တို့မှာ ရုရှားနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးမထူထောင်နိုင်ခဲ့ပါဘူး။
၁၈၈၅ ခုနှစ် မြန်မာနိုင်ငံက ဗြိတိသျှနယ်ချဲ့တို့ရဲ့လက်အောက်ကိုကျရောက်သွားချိန်မှာတော့ မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ထူထောင်ဖို့ဆိုတာ အလှမ်းဝေးသည်ထက် ဝေးသွားရပါတော့တယ်။ အဲဒီနောက်ပိုင်းမှာ ပထမကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်အပြင်ကိုယ့်ပြည်တွင်းရေးနဲ့ ကိုယ်အလုပ်များနေကြတဲ့အတွက် နှစ်နိုင်ငံကြားသံတမန်ဆက်ဆံရေးကို တရားဝင်မထူထောင် ဖြစ်ခဲ့ပြန်ပါဘူး။
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်၊ ကမ္ဘာ့အင်အားချိန်ခွင်လျှာပြောင်းလဲသွားချိန်၊ ကမ္ဘာ့အရှေ့ခြမ်းနဲ့အနောက်ခြမ်းက တစ်ဖက်နဲ့ တစ်ဖက်လွှမ်းမိုးနိုင်ဖို့ အပြိုင်ကြိုးပမ်းနေကြချိန်မှာ နယ်ချဲ့လက်အောက်ရောက်ရှိနေကြတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများအပြားက ရှေ့ဆင့်နောက်ဆင့်ဆိုသလို လွတ်လပ်ရေးတွေရရှိပြီးအချုပ်အခြာအာဏာပိုင်နိုင်ငံတွေဖြစ်လာကြပါတယ်။
မြန်မာနိုင်ငံက လွတ်လပ်ရေးအကြိုနှစ်ဖြစ်တဲ့ ၁၉၄၇ ခုနှစ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကို စတင်တည်ထောင်ပါတယ်။ ဝန်ကြီးဌာန တည်ထောင်ဖွင့်လှစ်ပြီးနောက် နိုင်ငံတကာနဲ့သံတမန်ဆက်ဆံရေးကို ထူထောင်ခဲ့ရာမှာ ရုရှားနိုင်ငံက မြန်မာနိုင်ငံအတွက် ဆဋ္ဌမမြောက် သံတမန်ဆက်ဆံရေး ထူထောင်တဲ့နိုင်ငံဖြစ်လာပါတယ်။ ရုရှားနိုင်ငံနဲ့တရားဝင် သံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်မှာ ထူထောင်နိုင်ခဲ့တာပါ။
တစ်နည်းပြောရရင် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ လွတ်လပ်ရေးရရှိခဲ့တဲ့ မြန်မာနိုင်ငံအတွက် ရုရှားနိုင်ငံဟာ လွတ်လပ်ရေးနဲ့ အတူပေါ်ပေါက်လာတဲ့ မိတ်ဆွေနိုင်ငံဖြစ်တယ်လို့ဆိုရမှာပါ။ အခုဆိုရင် မြန်မာနိုင်ငံက နယ်ချဲ့လက်အောက်ကနေလွတ်မြောက်ပြီး လွတ်လပ်ရေးရရှိတာ (၇၅) နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သလို မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးကလည်း ဒီကနေ့မှာ စိန်ရတုထိတိုင် ရောက်ရှိခဲ့ပါပြီ။
မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံတို့ဟာ ပထဝီမြေမျက်နှာပြင်အနေအထားအရ သမုဒ္ဒရာကြီးများနဲ့ တိုက်ကြီးများ ခြားထားပေမယ့် နှစ်နိုင်ငံ အပြန်အလှန်နားလည်မှု၊ စီးပွားရေးအခွင့်အလမ်းနဲ့ မဟာဗျူဟာဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများအပေါ်အခြေခံပြီး နီးနီးကပ်ကပ် ရင်းနှီးချစ်ကြည်ဆက်ဆံလာခဲ့ကြတာပါ။ သံတမန်ဆက်ဆံရေးစတင်ထူထောင်တုန်းက မိတ်ဆွေနိုင်ငံအဖြစ်နဲ့သာရှိနေခဲ့ပေမယ့် အခုအချိန်မှာတော့ မိတ်ဆွေရင်းချာဆက်ဆံရေးမှသည် ညီရင်းအစ်ကိုဆက်ဆံရေးအထိ တိုးမြှင့်တက်လှမ်းနိုင်ခဲ့ပြီလို့ ကျွန်တော့် အနေနဲ့ ဆိုရပါလိမ့်မယ်။
မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုအမြင့်ဆုံးကာလကိုပြပါဆိုရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် စတင်တာဝန်ယူတဲ့ ၂၀၁၁ ခုနှစ်ကနေ ယခုအချိန်အထိကို လက်ညှိုးထိုးပြရပါလိမ့်မယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာ ၇ ရက်တုန်းက ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့မှာကျင်းပတဲ့ (၇)ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်ကို တက်ဖို့ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီလိုတွေ့ဆုံစဉ် အရှေ့တောင်အာရှနိုင်ငံများထဲကမှ မြန်မာနိုင်ငံက ရုရှားအတွက် “ရေရှည်ယုံကြည်စိတ်ချရမှုရှိတဲ့ မိတ်ဖက်နိုင်ငံ” ဖြစ်တယ်ဆိုပြီး တွေ့ဆုံဆွေးနွေးမှု အစမှာတင် ပြောသွားတာတွေ့ရပါတယ်။
ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ အခုလိုပြောဆိုမှုကိုကြည့်ရင် မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံတို့ကြားက ဆက်ဆံရေးအခြေအနေဟာ ဘယ်လောက်အတိုင်းအတာအထိ ရောက်ရှိနေပြီလဲဆိုတာ အထင်းသားတွေ့ရ မှာပါ။
“ရေရှည်ယုံကြည်စိတ်ချရမှုရှိတဲ့ မိတ်ဖက်နိုင်ငံ” ဆိုတဲ့စကားလုံးအသုံးအနှုန်းကို သရုပ်ခွဲကြည့်ရင် တစ်နိုင်ငံနဲ့တစ်နိုင်ငံဟာ သူ့အကျိုးကိုလိုလားတဲ့ မိတ်ဖက်နိုင်ငံလည်းဖြစ်ရဦးမယ်။ ဒီလိုမိတ်ဖက်ဖြစ်နေလျက်နဲ့ ဘက်ပြောင်းသွားတဲ့ နိုင်ငံတွေလည်း ရှိတာကြောင့် ယုံကြည်စိတ်ချရမှုရှိဖို့လည်း လိုအပ်ပါတယ်။
ယုံကြည်စိတ်ချရမှုရှိတယ်ဆိုတဲ့နေရာမှာလည်း တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည်မဟုတ်ဘဲ ကမ္ဘာတည်သရွေ့အထိလို့ အဓိပ္ပာယ် ဆွဲဆန့်နိုင်တဲ့ ရေရှည်ကာလလည်းဖြစ်ရဦးပါမယ်။ တကယ်တော့ ဒီလိုမျိုးဆက်ဆံရေး တည်ဆောက်နိုင်ဖို့ဆိုတာ တော်ရုံတန်ရုံ ရင်းနှီးခင်မင်မှုနဲ့တော့ မရနိုင်ပါဘူး။ ဒါကြောင့် ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့အခုလိုပြောဆိုမှုဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက် ပကတိအမှန်တရားကို ဖော်ထုတ်နေသလို ရှေ့ဆက်လျှောက်ရမယ့် ဆက်ဆံရေးခရီးလမ်း အရှည်ကြီးအတွက်လည်း အားဆေး တစ်ခွက်ဖြစ်စေပါတယ်။
နိုင်ငံတိုင်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မဟာမိတ်ဖွဲ့ကြရာမှာ ကိုယ့်နိုင်ငံအကျိုးစီးပွားအတွက် ရေရှည်မြော်တွေးပြီး မိတ်ဆွေဖွဲ့လေ့ ရှိတယ်လို့ ဆိုပေမယ့် အင်အားကြီးနိုင်ငံက အင်အားနည်းတဲ့နိုင်ငံကို နည်းနည်းပေးပြီး များများယူတာနဲ့ များများပေးပြီး နည်းနည်း ယူတာနဲ့တော့ ကွာပါတယ်။
ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကြားက ဆက်ဆံရေးအခြေအနေ အရပ်ရပ်ကိုကြည့်မယ်ဆိုရင် ရုရှားဆိုတာ ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်ပေမယ့် မြန်မာနိုင်ငံဆိုတာ ပထဝီနိုင်ငံရေးအရအရေးပါတဲ့ နိုင်ငံငယ်တစ်ခုမျှသာဖြစ်ပါတယ်။ တချို့နိုင်ငံတွေဆိုရင် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်ပါလျက်နဲ့ အင်အားနည်းတဲ့နိုင်ငံငယ်တွေဆီကနေ ဘာပြန်ရနိုင်မလဲဆိုတဲ့ အကြည့်နဲ့ဆက်ဆံကြတာပါ။ အထူးသဖြင့် အနောက်နိုင်ငံတွေက အဆိုးဆုံးပါပဲ။
ရုရှားနိုင်ငံကတော့ မြန်မာနိုင်ငံကနေဘာပြန်ရနိုင်မလဲဆိုတာထက် မြန်မာနိုင်ငံကဘာတွေလိုအပ်လဲ။ ဘာတွေဖြည့်ဆည်းပေးရမလဲ။ ဘာတွေကိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတာကိုသာ အစဉ်တစိုက်ကြည့်ရှုလေ့ရှိပါတယ်။
ဒါကြောင့်လည်း ကျွန်တော်တို့နှစ်နိုင်ငံရဲ့သံတမန်ဆက်ဆံရေးဟာ စိန်ရတုတိုင်ခဲ့ချိန်မှာ တစ်ခုပ်တရပြောရလောက်အောင်အထိ ပြောစမှတ်တွင်နေရတာပေါ့။ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုရဲ့ရလဒ်တွေကတော့ ပြောမကုန်အောင်ပါပဲ။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ တိုးတက်လာတာကို ဝမ်းမြောက်ဖွယ်ရာတွေ့ရပါတယ်။
နိုင်ငံရေးမှာဆိုရင် တစ်နိုင်ငံနဲ့တစ်နိုင်ငံ လက္ခဏာသွင်ပြင်ချင်း အနည်းငယ်ကွဲပြားကြပေမယ့် တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ကျန်တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုမပြုခြင်းဖြင့် ကူညီခဲ့ကြပါတယ်။ ဒါမှသာ တကယ့်ကို သိက္ခာရှိတဲ့ ကမ္ဘာ့နိုင်ငံရေးဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့လွတ်လပ်ရေးကြေညာစာတမ်းမှာ “ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့ လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သောကျင့်ဝတ်ကို စောင့်ရှောက် ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုး သည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားစောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့် အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့်အတူ လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။ ဤငါတို့ ကြေညာချက်ကို တစ်ကမ္ဘာလုံး တစ်ယောက်မကျန် ကြားသိစေသတည်း” လို့ ရေးသားကြေညာခဲ့တာ တွေ့ရပါတယ်။
လွတ်လပ်ရေးကြေညာစာတမ်းကိုကြည့်ရင် မြန်မာနိုင်ငံသားများဟာ လွတ်လပ်ရေးကို လေးစားမြတ်နိုး တန်ဖိုးထားထိန်းသိမ်း သူများဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို အလေးထားသူများဖြစ်ကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်လိုစိတ်ရှိသူများ ဖြစ်ကြောင်း အထင်းသားတွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ ယနေ့ကမ္ဘာမှာတော့ အင်အားကြီးနိုင်ငံတချို့က အကြောင်းအမျိုးမျိုးပြပြီး နိုင်ငံငယ်များရဲ့ပြည်တွင်းရေးကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်ပြီး အနိုင်ကျင့်ဗိုလ်ကျစိုးမိုးမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ လိုတစ်မျိုး၊ မလိုတစ်မျိုး လုပ်ဆောင်မှုတွေ ဆောင်ရွက်လာကြပါတယ်။
အထူးသဖြင့် အနောက်အုပ်စုမှ အင်အားကြီးနိုင်ငံများဟာ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့မြန်မာနိုင်ငံအပေါ် အဆိုးမြင်စိတ်များစွာနဲ့ အလုံးစုံပျက်သုဉ်းရေး ရည်ရွယ်ကျင့်ကြံဆောင်ရွက်လာကြတာပါ။ မြန်မာနိုင်ငံကို ကမ္ဘာ့စင်မြင့်ပေါ်တင်ပြီး အလဲသိပ်ဖို့ကြိုးစားတဲ့ အနောက်အုပ်စုရဲ့လုပ်ရပ်တွေကနေ ဗီတိုအာဏာသုံးပြီး ကာကွယ်ပေးခဲ့တဲ့ နိုင်ငံတွေထဲမှာ မိတ်ကောင်းဆွေသဟာပီသစွာ အမြဲဖေးမကူညီပေးခဲ့တဲ့ ရုရှားနိုင်ငံက ထိပ်ဆုံးကပါဝင်ပါတယ်။
ရုရှားနိုင်ငံအနေနဲ့ အခုလိုကာကွယ်ပေးခြင်းဟာ မြန်မာနိုင်ငံအစိုးရအဆက်ဆက်ကို ကာကွယ်ပေးတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံသား မျိုးဆက်အဆက်ဆက်ကို ကာကွယ်ပေးရာလည်း ရောက်ပါတယ်။ ဒီအတွက်ကြောင့် ရုရှားနိုင်ငံရဲ့ ခေါင်းဆောင်များနဲ့ ရုရှားနိုင်ငံသူ၊ နိုင်ငံသားများကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ။
စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကတော့ နှစ်ထောင်းအားရရှိလွန်းလှပါတယ်။ ဘာကြောင့်လဲဆိုရင် ပြည်တွင်းသောင်းကျန်းသူ အရေး၊ ပြည်ပရန်ကျူးကျော်မှုအရေးတို့နဲ့ ရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံအတွက် ဒေသတွင်းမှာအင်အားရှိတဲ့ မြန်မာ့တပ်မတော် ဖြစ်အောင် ကူညီပေးခဲ့တဲ့နိုင်ငံတွေထဲမှာ ရုရှားနိုင်ငံက ပင်မနေရာကနေပါဝင်နေတဲ့အတွက်ကြောင့်ပါပဲ။
ဒါ့အပြင် အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံတိုးတက်မှုအတွက် အင်မတန်အရေးပါတဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ရုရှားနိုင်ငံကအလေးပေးစဉ်းစားကာ မြန်မာနိုင်ငံမှပညာထူးချွန်သူများကို ပညာတော်သင်အဖြစ်လက်ခံပြီး စစ်ဘက်-အရပ်ဘက်ဆိုင်ရာ ခေတ်မီပညာများကိုသင်ကြားပေးလျက်ရှိပါတယ်။
အခုဆိုရင် မြန်မာ့တပ်မတော်မှ စာပေပညာထူးချွန်သူ ၁၁ ဦးဟာ ရုရှားနိုင်ငံရဲ့ အဆင့်အမြင့်ဆုံးဘွဲ့တစ်ခုဖြစ်တဲ့ နည်းပညာ သိပ္ပံ ဒေါက်တာဘွဲ့ကိုရရှိခဲ့ပါပြီ။
တစ်ဖန်စီးပွားရေးအရဆက်ဆံရေးကိုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသလို ကူးသန်းရောင်းဝယ်ရေးမှာလည်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏက များစွာမြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။
နှစ်နိုင်ငံကြား စီးပွားရေးအရဆက်ဆံရေးရဲ့ တိုးတက်မှုတစ်ခုကတော့ ရုရှား-မြန်မာ နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ (Strategy for the Development of Russia-Myanmar Economic Cooperation) ကို (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အခုဆိုရင် အဲဒီမဟာဗျူဟာအရ နှစ်နိုင်ငံ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးများကိုပင် ကျင်းပပြီး ကုန်သွယ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်လာနိုင်ပါပြီ။
ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့်လည်း “ရုရှား စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ စွမ်းအင်အရင်းအမြစ်နဲ့ သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု တွေလာလုပ်ဖို့ ဖိတ်ခေါ်မှုကြောင့် ရုရှားကုမ္ပဏီတွေဟာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာတာရှိသလို ရင်းနှီးမြှုပ်နှံဖို့ အတွက် လေ့လာမှုတွေ လုပ်ဆောင်သွားတာလည်း ရှိပါတယ်။ အခုဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေအတွက် အကောင်အထည်ဖော် ဆောင်ရွက်မှုတွေကို စတင်မြင်တွေ့နေရပြီဖြစ်သလို မကြာခင်မှာ အခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်လာနိုင်လိမ့်မယ်လို့လည်း ယုံကြည်မျှော်လင့်ရပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစိုးရအဖွဲ့အနေနဲ့ မြန်မာနိုင်ငံအကျိုးကိုလိုလားတဲ့ မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ်များနဲ့မဆို ပူးပေါင်း ဆောင်ရွက်ဖို့အသင့်ရှိတယ်” လို့ အသိပေးစကားပြောထားပါတယ်။ လူမှုရေးအရဆက်ဆံရေး အပိုင်းမှာတော့ ယဉ်ကျေးမှုနဲ့ ဘာသာရေး နှီးနှောဖလှယ်ခြင်းသည်လည်း တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ ကြားဆက်ဆံရေးကို ပိုမိုရင်းနှီးနွေးထွေးစေခဲ့တဲ့ အကြောင်းရင်းတစ်ခုက ရုရှားနိုင်ငံမှာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ တည်ရှိလာခြင်းဖြစ်ပါတယ်။
လက်ရှိမှာဆိုရင်ပဲ ဒီလိုဆက်ဆံရေးတိုးတက်မှုရဲ့ ပြယုဂ်တစ်ခုအဖြစ် မြန်မာတို့ရဲ့အထွတ်အမြတ်ထားရာ အထင်ကရစေတီ တစ်ဆူဖြစ်တဲ့ ရွှေစည်းခုံစေတီတော်ကြီးရဲ့ပုံတူစေတီကို ရုရှားနိုင်ငံ မော်စကိုမြို့ ကာလုဂါပြည်နယ် အက်နိုမီယာ ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်မှာ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပြီး တည်ထားကိုးကွယ်နိုင်တဲ့အထိ ဖြစ်လာတာကို ဝမ်းမြောက် ကြည်နူးဖွယ်ရာတွေ့ရပါတယ်။
ရွှေစည်းခုံပုံတူစေတီအတွက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်ဦးဆောင်ပြီး ရုရှားနိုင်ငံဘက်မှ အထက်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌအပြင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနဲ့ တာဝန်ရှိသူအများအပြား တက်ရောက်ခဲ့ပါတယ်။
အခြားသော ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများအနက် အဓိကကဏ္ဍတစ်ခုဖြစ်တဲ့ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြုရေးဆိုတဲ့ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုရဲ့ ပထမဆုံးခြေလှမ်းအဖြစ် မြန်မာနိုင်ငံရဲ့ ပထမဆုံး နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို ဖေဖော်ဝါရီ ၆ ရက်က ရန်ကုန်မြို့မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး နျူကလီးယား သတင်းအချက်အလက်စင်တာကို တည်ဆောက်နိုင်ဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ သွားရောက်ခဲ့တဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်မှာ ရုရှားနိုင်ငံပိုင်အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း Rosatom နဲ့ တွေ့ဆုံဆွေးနွေးပြီး သဘော တူညီချက် ရယူနိုင်ခဲ့တာပါ။
နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ တည်ဆောက်ခြင်းအားဖြင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုပြီး ပညာရေး၊ ကျန်းမာရေး၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်ဆိုင်ရာနဲ့ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍပေါင်းစုံတို့မှာ ကောင်းမွန်စွာအသုံးချနိုင်တဲ့ အသိအမြင်များကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အနေနဲ့ လေ့လာသိရှိနိုင်မှာဖြစ်ပါတယ်။ ဒါဟာလည်း သိပ်ကိုအရေးကြီးတဲ့ လူ့စွမ်းအားအရင်းအမြစ်အတွက် ရင်းနှီးမြှုပ်နှံမှုကြီး တစ်ခုပါပဲ။
ဒီတော့ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြားက ဆက်ဆံရေးကိုပြန်ကြည့်မယ်ဆိုရင် ၇၅ နှစ်အတွင်းမှာ ပြည်တွင်းရေး ကိစ္စရပ် အသီးသီးကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးအနည်းငယ် တန့်သွားတာကလွဲလို့ ကတောက်ကဆတ်ဖြစ်တာမျိုး မရှိခဲ့ဖူးပါဘူး။ တစ်နိုင်ငံက တစ်နိုင်ငံကို နစ်နာပါစေတော့ဆိုတဲ့စိတ်နဲ့ ကြံရွယ်လုပ်ဆောင်ခဲ့တာလည်း စိုးစဉ်းမျှမရှိခဲ့ပါဘူး။
ဒါတွေရဲ့ အကြောင်းရင်းခံကတော့ တစ်နိုင်ငံကတစ်နိုင်ငံကို မိတ်ဆွေဆက်ဆံရေးဆိုတဲ့အဆင့်ထက်ကျော်လွန်ပြီး ညီရင်းအစ်ကိုပမာ သဘောထားကာ ရုရှားနိုင်ငံက မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကိုသာ အစဉ်အမြဲလိုလားပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ခဲ့ကြလို့သာဖြစ်ပါတယ်။
ဒါကြောင့် အဝတ်အစားဆိုတာ သစ်တိုင်းကောင်းပေမယ့် မိတ်ဆွေအပေါင်းအသင်းဆိုတာကတော့ ဟောင်းလေ ကောင်းလေဆိုတဲ့ မန်လည်ဆရာတော်ဘုရားကြီးရဲ့ဆုံးမသြဝါဒအတိုင်း ဒီကနေ့မှာ သံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ မိတ်ဆွေရင်းချာထက်ပိုတဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့ကြားက ညီရင်းအစ်ကိုပမာဆက်ဆံရေးဟာ စိန်ရတုမှသည် ရတုအဆက်ဆက်ဆီသို့ အောင်မြင်စွာလျှောက်လှမ်းရောက်ရှိပါစေ၊ သမိုင်းကြောင်းအရ နှစ်ပေါင်းများစွာ ဖြစ်တည်ရှည်ကြာခဲ့တဲ့ နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်ကြာတည်တံ့ပါစေ၊ နှစ်နိုင်ငံယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ပါစေ၊ နှစ်ပြည်ထောင် တိုးတက်ဖွံ့ဖြိုးပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ ။
ထက်မြတ်