ဥပဒေပြုရေးဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း(ဘီလီဇီနိုင်ငံ)

ဥပဒေပြုရေးဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း(ဘီလီဇီနိုင်ငံ)

နိဒါန်း

ဘီလီဇီနိုင်ငံ (Belize) သည် ဗြိတိသျှ ဟွန်ဒူးရပ်စ်(British Honduras)ဖြစ်ခဲ့ပြီး ယခုအခါ စည်းမျဉ်းခံဘုရင်စနစ်ဖြင့် အုပ်ချုပ်သော လွတ်လပ်သည့် ဒီမိုကရေစီနိုင်ငံဖြစ်သည်။ ဗဟိုအမေရိက၏ မြောက်ဘက်အစွန်ဆုံးတွင် တည်ရှိပြီး လူမျိုးစုံ၊ ယဉ်ကျေးမှုပေါင်းစုံနှင့် ဘာသာစကားပေါင်းစုံရှိသည်။ တရားဝင်ရုံးသုံးဘာသာစကားမှာ အင်္ဂလိပ်ဘာသာစကားဖြစ်ပြီး စပိန်ဘာသာစကားနှင့် ဘလိဇ် ဘာသာစကားတို့ကိုလည်း  ပြောဆိုကြသည်။ ဘယ်လ်မိုပန် (Belmopan city) မြို့မှာ ဘီလီဇီနိုင်ငံ၏ မြို့တော်ဖြစ်ပြီး ဘလိဇ် (Belize city)မြို့မှာ အကြီးဆုံးမြို့ဖြစ်သည်။

ဘီလီဇီနိုင်ငံသည် အင်္ဂလိပ်လက်အောက်ခံနိုင်ငံအဖြစ်မှ ၁၉၆၄ ခုနှစ် ဇန်နဝါရီလတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခွင့် ရသည့် နိုင်ငံဖြစ်ပြီး ၁၉၈၁ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင်   လွတ်လပ်ရေးရရှိခဲ့သည်။

ဘီလီဇီနိုင်ငံသည် ဗဟိုအမေရိကအတွင်းရှိ အရှေ့ဘက်ကျသော ကမ်းရိုးတန်းပေါ်တွင်တည်ရှိပြီး နိုင်ငံ၏မြောက်ဘက်တွင်   မက္ကဆီကိုနိုင်ငံ၊ တောင်ဘက်နှင့် အနောက်ဘက်တွင် ဂွါတီမာလာနိုင်ငံ၊ အရှေ့ဘက်တွင် ကာရစ်ဘီယံပင်လယ်ပြင်နှင့် ထိစပ် လျက်ရှိသည်။ ဧရိယာအားဖြင့် ၈၈၆၇ စတုရန်းမိုင် (၂၂၉၆၆ စတုရန်းကီလိုမီတာ) ကျယ်ဝန်းပြီး နိုင်ငံပိုင်မြေဧရိယာအများဆုံး ကမ္ဘာ့နိုင်ငံများ စာရင်းတွင် အဆင့် ၁၄၇ အဖြစ်ရပ်တည်လျက်ရှိသည်။

၂၀၂၀ ပြည့်နှစ်က ဒေသတွင်းကောက်ယူခဲ့သည့် စစ်တမ်းများအရ ခန့်မှန်းလူဦးရေ ၄၁၉၁၉၉ ရှိပြီး နိုင်ငံလူဦးရေ၏ ၅၂ ဒသမ ၉ ရာခိုင်နှုန်းမှာ မက်စတီဇို၊ ၂၅ ဒသမ ၉ ရာခိုင်နှုန်းမှာ ခရီအို၊ ၁၁ ဒသမ ၃ ရာခိုင်နှုန်းမှာ မာယာ၊ ၆ ဒသမ ၁ ရာခိုင်နှုန်းမှာ ဂါရီဖူနာ၊ ၄ ဒသမ ၈ ရာခိုင်နှုန်းမှာ  ဥရောပတိုက်သားများ၊ ၃ ဒသမ ၉ ရာခိုင်နှုန်းမှာ အင်ဒီးယန်း၊ ၁ ဒသမ ၀ ရာခိုင်နှုန်းမှာ တရုတ် စသည့် လူမျိုးစုများ နေထိုင်လျက်ရှိပြီး  ကျန် ၁ ဒသမ ၅ ရာခိုင်နှုန်းမှာ  အခြား(မသိရှိ) လူမျိုးစုများဖြစ်သည်။ ဘီလီဇီနိုင်ငံ၏ ယုံကြည် ကိုးကွယ်မှုအနေဖြင့် နိုင်ငံ့လူဦးရေ၏ ၆၃ ဒသမ ၈ ရာခိုင်နှုန်းမှာ ခရစ်ယာန်ဘာသာ ၂၅ ဒသမ ၅ ရာခိုင်နှုန်းမှာ ဘာသာမဲ့များဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းနှင့်အထက်မှာ အခြားသောဘာသာဝင်များဖြစ်သည်။

အစိုးရဖွဲ့စည်းမှု

ဘီလီဇီနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သက်ဦးဆံပိုင်ဘုရင်စနစ်နှင့် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံတစ်ခု ဖြစ်သည်။ ဥရောပတိုက်ရှိနိုင်ငံများ (အထူးသဖြင့် အင်္ဂလန်နိုင်ငံ)၏ Westminster ပါလီမန်စနစ်များအပေါ် အခြေခံထားသည့် ဒီမိုကရေစီပုံစံမျိုးဖြစ် သည်။ တတိယမြောက် ချားလ်(King Charles III)သည် နိုင်ငံ၏အကြီးအကဲဖြစ်ပြီး ဘုရင်ခံဖြစ်သူ Froyla Tzalam မှ ကိုယ်စားပြုအုပ်ချုပ်သည်။ ဝန်ကြီးချုပ်ဦးဆောင်သော အစိုးရအဖွဲ့သည် နိုင်ငံ၏ အုပ်ချုပ်ရေး တာဝန်များကို အဓိက ဆောင်ရွက်ပြီး ပါလီမန်အတွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားပြုခေါင်းဆောင်များသည် အစိုးရအဖွဲ့ဝန်ကြီးများ ဖြစ်ကြသည်။

အစိုးရအဖွဲ့ဝင်ပုဂ္ဂိုလ်များမှာ လွှတ်တော်(ဆီးနိတ်)မှ ရွေးချယ်တင်မြှောက်ထားခြင်းဖြစ်သည်။ ဘီလီဇီနိုင်ငံအစိုးရအဖွဲ့ ဖွဲ့စည်းမှုတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် ဒေသဆိုင်ရာ အခွင့်အာဏာရ စီမံခန့်ခွဲမှုဟူ၍ ကဏ္ဍကြီး ၄ ခု ပါဝင်လျက်ရှိသည်။

လွှတ်တော်ဖွဲ့စည်းမှု

ဘီလီဇီနိုင်ငံ၏   လွှတ်တော်ကို အထက်လွှတ်တော် (Upper House)နှင့် အောက်လွှတ်တော် (Lower House) ဟူ၍ လွှတ်တော် ၂ ရပ်ဖြင့် ဖွဲ့စည်းထားသည်။ လွှတ်တော်နှစ်ရပ်လုံး၏သက်တမ်းမှာ ၅ နှစ်ဖြစ်သည်။

(က)အထက်လွှတ်တော် (Upper House)

အထက်လွှတ်တော်ကို ဘုရင်ခံချုပ်၏အမိန့်အရခန့်အပ်ဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းထားသည်။ လွှတ်တော်၏ ဥက္ကဋ္ဌအဖြစ် အဖွဲ့ဝင်များထဲမှ သင့်တော်သူကို ရွေးကောက်တင်မြှောက်၍သော်လည်းကောင်း၊  လွှတ်တော်၏ပြင်ပမှ ပုဂ္ဂိုလ်တစ်ဦး ဦးကိုလည်းကောင်းခန့်အပ်သည်။

(ခ) အောက်လွှတ်တော်(Lower House)

အောက်လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ် ၃၁ နေရာဖြင့် ဖွဲ့စည်းထားသည်။ လွှတ်တော်ကိုယ်စားလှယ်ကို ဘီလီဇီနိုင်ငံ၏ ခရိုင် ၆ ခုအတွင်းမှ နိုင်သူအကုန်ယူစနစ် (First Past The Post FPTP System) ဖြင့် ပြည်သူများမှ မဲပေး ရွေးကောက် တင်မြှောက်သည်။

ကျင်းပသည့်ရွေးကောက်ပွဲများ

ဘီလီဇီနိုင်ငံတွင် ကျင်းပလေ့ရှိသည့် ရွေးကောက်ပွဲများမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ စည်ပင်ရွေးကောက်ပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတို့ ဖြစ်ကြသည်။

ရွေးကောက်ပွဲစနစ်

အောက်လွှတ်တော် (Lower House) အတွက်သာ အထွေထွေရွေးကောက်ပွဲကို ကျင်းပသည်။ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP-First Past The Post System)ကို  ရွေးကောက်ပွဲများ စတင်ကျင်းပခဲ့စဉ်ကပင် ယနေ့အထိကျင့်သုံးခဲ့ပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။ ၁၉၅၄ ခုနှစ်က ဗြိတိသျှဟွန်ဒူးရပ်စ်တို့၏ ဥပဒေပြုရေးလွှတ်တော်မှ ဖွဲ့စည်းပုံအတိုင်း ရွေးကောက်ခံ ကိုယ်စားလှယ် ၉ ဦးဖြင့် ဖန်တီးပုံဖော်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ကိုယ်စားလှယ်  ၁၈  ဦး၊ ၁၉၈၄ ခုနှစ်တွင် ကိုယ်စားလှယ် ၂၈ ဦး၊ ၁၉၉၃ ခုနှစ်တွင် ကိုယ်စားလှယ် ၂၉ ဦးမှသည် ၂၀၀၈ ခုနှစ်   ရွေးကောက်ပွဲအရောက်တွင်  ကိုယ်စားလှယ် အရေအတွက်ပေါင်း ၃၁ ဦးအဖြစ် ကိုယ်စားလှယ်ဦးရေကို တစ်ကြိမ်ထက်တစ်ကြိမ် ပို၍ကျယ်ပြန့်စွာ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။ အမျိုးသား ညီလာခံ အတွင်းရှိ အဓိကကျသော ပါတီကြီး၏ ခေါင်းဆောင်ဖြစ်သူမှာ ဘီလီဇီနိုင်ငံ၏ဝန်ကြီးချုပ် ရာထူးတာဝန်ကို ဆက်ခံသူဖြစ်လာသည်။

ရွေးကောက်ပွဲများတွင် ဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များ

ရွေးကောက်ပွဲများတွင် ဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များအနေဖြင့် ပြည်သူ့ညီညွတ်ရေးပါတီ(PUP)သည် ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲတွင် အောက်လွှတ်တော်အမတ် ၂၆ နေရာအထိ အပြတ်အသတ် စံချိန်တင် အနိုင်ရခဲ့ပြီး ပြိုင်ဘက်ဖြစ်သူ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)သည် ၁၉၉၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရလဒ်အနေဖြင့် ၅ နေရာသာ အနိုင်ရခဲ့သည်။ ပြီးခဲ့သောနှစ်များအတွင်းဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်ကူးစက်ပြန့်ပွားသည့် ကပ်ရောဂါ (ကိုဗစ်-၁၉)နှင့် အပူပိုင်းမုန်တိုင်း(Eta)၏ သက်ရောက်မှုများကြောင့် အခက်အခဲများဖြစ်ပေါ်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ နိုင်ငံတစ်ဝန်း ဆန္ဒမဲလာရောက်ပေးသူ ၈၁ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ၁၉၉၈ ခုနှစ်နောက်ပိုင်း ဆန္ဒမဲပေးသူ ရာခိုင်နှုန်း အမြင့်ဆုံးအထိဖြစ်ခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းမှု

ဘီလီဇီနိုင်ငံ၏ ရွေးကောက်ပွဲကော်မရှင်ကို ၁၉၇၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ချမှတ်ခဲ့သော ဘီလီဇီဖွဲ့စည်းပုံ အခြေခံဥပဒေ၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပြီး ပုဒ်မ ၈၈ တွင် တရားဝင်ထည့်သွင်း ဖော်ပြထားသည်။ ဘီလီဇီရွေးကောက်ပွဲနှင့် နယ်နိမိတ်သတ်မှတ်ရေးကော်မရှင် (Belize Elections and Boundaries Commission -EBC)ဟု ခေါ်ဆိုကြပြီး  ဒေသဆိုင်ရာနှင့် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများ အားလုံးကို ကြီးကြပ်ဆောင်ရွက်သည်။ ဘီလီဇီနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ နယ်နိမိတ်ကွဲပြားမှု များကိုလည်း ချမှတ်ပေးသည့်အဖွဲ့ဖြစ်သည်။ ကော်မရှင်သည် မဲဆန္ဒရှင်များ၏ အချက်အလက်များကို ထိန်းသိမ်းထားပြီး မဲဆန္ဒရှင် များ၏ အခြေအနေအား အချိန်အခါအလိုက် အသိပေးသည်။ တန်းတူညီမျှစွာ မဲခွဲဝေမှုစနစ်အား ထိန်းသိမ်းထား နိုင်ရန် မဲဆန္ဒနယ်ဆိုင်ရာ နယ်နိမိတ်များကို ပြန်လည်ပြင်ဆင်သည့် အဆိုပြုသတ်မှတ်ချက်များကိုလည်း အခါအားလျော်စွာ ပြုလုပ်သည်။

ဗဟိုနှင့် အဖွဲ့ခွဲများဖွဲ့စည်းပုံ

ဘီလီဇီနိုင်ငံ၏ ရွေးကောက်ပွဲနှင့် နယ်နိမိတ်သတ်မှတ်ရေး ကော်မရှင်ကို ဥက္ကဋ္ဌတစ်ဦးနှင့် အဖွဲ့ဝင် ၄ ဦးတို့ဖြင့်ဖွဲ့စည်းထားသည်။  ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၂ ဦးကို အတိုက်အခံခေါင်းဆောင်နှင့်ဆွေးနွေးပြီး ဘုရင်ခံချုပ်ကခန့်အပ်တာဝန်ပေးသည်။ အခြားအဖွဲ့ဝင်များကို အတိုက်အခံခေါင်းဆောင်၏သဘောတူညီချက်ဖြင့် အလားတူခန့်အပ်သည်။ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် ၄ ဦးတို့၏ ရာထူးသက်တမ်း မှာ ၅ နှစ် ဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို ဗဟိုရုံးနှင့် ခရိုင်ရုံး၊ မြို့နယ်ရုံးများ ဖွဲ့စည်းဆောင်ရွက်သည်။ ခရိုင်အဆင့်ရုံးခွဲ ၆ ရုံးရှိပြီး မြို့နယ်အဆင့်ရုံးခွဲများအနေဖြင့် ၁၁ ရုံး ဖွင့်လှစ်ထားရှိသည်။ အထက်ပါရုံးများတွင် ရွေးကောက်ပွဲအရာရှိများ၊ လက်ထောက် ရွေးကောက်ပွဲ အရာရှိများနှင့် စာရေးဝန်ထမ်းများ ခန့်အပ်ထားရှိသည်။

ရွေးကောက်ပွဲစီမံခန့်ခွဲမှု

ဘီလီဇီနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့- (Electoral Management Bodies -EMB)တွင် ရွေးကောက်ပွဲနှင့် နယ်နိမိတ် သတ်မှတ်ရေးကော်မရှင် (Election and Boundaries Commission-EBC) နှင့်  ရွေးကောက်ပွဲနှင့် နယ်နိမိတ် သတ်မှတ်ရေးဌာန (Election and Boundaries Department -EBD) ဟူ၍ ၂ ခု ရှိသည်။ ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တစ်ခုစီသည် သီးခြား တရားဝင် အဖွဲ့အစည်းများဖြစ်သည်။ 

ရွေးကောက်ပွဲနှင့် နယ်နိမိတ်သတ်မှတ်ရေးဌာနကို ၁၉၈၉ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၈ ၏ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်မှု အပြီးတွင် ပြည်သူ့ကိုယ်စားပြုမှုအက်ဥပဒေ (၁၉၈၈ ခုနှစ်၏ ပြဋ္ဌာန်းချက်အပိုဒ် ၂၆ )ကို ပြင်ဆင်ချက်ပြုလုပ်ကာ တည်ထောင်ခဲ့သည်။ ထို့နောက် ဝန်ထမ်းရေးရာကိစ္စရပ်များ အားလုံးကို ရွေးကောက်ပွဲနှင့်နယ်နိမိတ်ကော်မရှင်မှ ပြည်သူ့ဝန်ဆောင်မှုကော်မရှင်သို့ လွှဲပြောင်းပေးခဲ့သည်။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ရက်စွဲပါ အက်ဥပဒေ အမှတ်  ၂  အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချက်ဖြင့် ရွေးကောက်ပွဲအရာရှိချုပ်အား ပြည်သူ့ဝန်ဆောင်မှု ကော်မရှင်ထံသို့ လွှဲပြောင်းပေးခဲ့သည်။ ရွေးကောက်ပွဲ အရာရှိချုပ်နှင့် ဝန်ထမ်းများသည် နေ့စဉ်စီမံခန့်ခွဲရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်အားလုံးအတွက် တာဝန်ယူကြရသည်။  ရွေးကောက်ပွဲအရာရှိချုပ်သည် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ဌာန၊ ရွေးကောက်ပွဲနှင့် နယ်နိမိတ်ကော်မရှင်သို့ အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြရသည်။

ရွေးကောက်ပွဲနှင့် နယ်နိမိတ်သတ်မှတ်ရေးဌာနသည် ဗဟိုရုံး ၁ ရုံး၊ ရုံးခွဲပေါင်း ၁၅ ခု ဖွင့်လှစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ဆောင်ရွက်လျက်ရှိသည်။ ဗဟိုရုံးသည် အုပ်ချုပ်မှုစင်တာအဖြစ်လည်းကောင်း၊ မှတ်တမ်းနှင့်အချက်အလက်အားလုံးကို ထိန်းသိမ်းရာ နေရာအဖြစ်လည်းကောင်း ဆောင်ရွက်သည်။ ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲမှုများအနေဖြင့် မဲဆန္ဒရှင်စာရင်းများ ပြုစုရန်ညွှန်ကြား ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာစာရင်းများပြုစုခြင်း၊ ရွေးကောက်ပွဲမှတ်တမ်းများကို အဆင့်မြှင့်တင်ခြင်းနှင့် ထိန်းသိမ်းခြင်း၊ ရွေးကောက် ပွဲများကျင်းပခြင်း၊ ရွေးကောက်ပွဲဆိုင်ရာများ လွှဲပြောင်းပေးအပ်ခြင်းနှင့် မဲဆန္ဒရှင်အသိပညာပေးမှုများကိုလည်း ဆောင်ရွက်ကြသည်။

နိုင်ငံရေးပါတီများဆိုင်ရာ

ဘီလီဇီနိုင်ငံတွင်  အဓိကအားဖြင့် ပါတီကြီး ၂ ခု နှင့် ပါတီငယ် ၃ ခု စုစုပေါင်း နိုင်ငံရေးပါတီ ၅  ခုရှိသည်။ ပြည်သူ့ညီညွတ်ရေး ပါတီ(People United Party-PUP )နှင့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (United Democratic Party -UDP)တို့မှာ ပါတီကြီးများ ဖြစ်ကြပြီး ဘီလီဇီ ပြည်သူ့ရှေ့ဆောင်ပါတီ (Belize People Front-BPF)၊ ဘီလီဇီကြီးပွားရေးပါတီ (Belize Progressive Party -BPP)နှင့် ပြည်သူ့အမြင်ပါတီ (Vision Inspired by the People -VIP)တို့မှာ ပါတီငယ်များ ဖြစ်ကြသည်။ အခြား ကွယ်ပျောက် သွားသည့် ပါတီငယ် ၁၁ ခုလည်းရှိပြီး နေရာအချို့မှလွဲ၍ တက်ကြွလှုပ်ရှားမှုနှင့် ဆောင်ရွက်မှုနည်းပါးသော လက်ရှိပါတီငယ် ၂ ခုလည်းရှိသည်။ ၎င်းတို့မှာ ကိုရိုဇယ်ရှေ့ဆောင် အင်အားစုပါတီ (Corozal United Front - CUF)၊ ဆန်ပက်ဒရို တိုးတက်မှု အင်အားစုပါတီ (San Pedro United Movement -SPUM)တို့ဖြစ်ကြသည်။

ပါတီစနစ်အား   ဗဟိုလက်ဝဲပြည်သူ့ ညီညွတ်ရေးပါတီနှင့်   ဗဟိုလက်ယာညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့ကသာ အဓိကလွှမ်းမိုး ထားသည်။ ပါတီငယ်များမှာ ယခင်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး သိသာထင်ရှားသော ကိုယ်စားလှယ် အရေအတွက် နေရာများကို မည်သည့်အခါကမျှ မရရှိခဲ့သော်လည်း ပါတီငယ်များ၏ စိန်ခေါ်ယှဉ်ပြိုင်မှုများသည်လည်း  နှစ်အလျောက် ကြီးထွားမှု ရှိခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများဆိုင်ရာ

ဘီလီဇီနိုင်ငံသားဖြစ်သူ မည်သူမဆို အသက် ၂၁ နှစ်နှင့်အထက်ဖြစ်ပါက ပါလီမန်ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်း အဖြစ်   ရပ်တည်နိုင်သည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသူ မည်သူမဆို အမည်စာရင်းတင်သွင်းသည့်နေ့  သို့မဟုတ်  မဲဆန္ဒရှင်အမည်စာရင်း လျှောက်ထားသည့်နေ့တွင် တရားဝင်အမည်စာရင်း တင်သွင်းလျှောက်ထားရန် လိုအပ်သည်။ နိုင်ငံရေး ပါတီတစ်ခု  သို့မဟုတ် တစ်သီးပုဂ္ဂလအဖြစ်  ရပ်တည်နိုင်ရမည်။ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန်လိုအပ်သည့်  အထွေထွေစာရင်း အတွက် မဲဆန္ဒရှင်စာရင်းတွင်ပါဝင်သည့် ပုဂ္ဂိုလ် ၆ ဦးသည် ကိုယ်စားလှယ်လောင်းအတွက် သက်သေအဖြစ် အမည်စာရင်း တင်သွင်းလွှာကို လက်မှတ်ရေးထိုးပေးရသည်။ ကိုယ်စားလှယ်လောင်း၏ အမည်စာရင်းတင်သွင်းလွှာတွင်  လက်မှတ်ရေးထိုးပြီးပါက ရွေးကောက်ပွဲဝင်ရန် အဆိုတင်သွင်းခြင်းအား အတည်ပြုသည်။ အမည်စာရင်းတင်သွင်းသည့်နေ့ ညနေ ၄ နာရီ အချိန်ထိ ကိုယ်စားလှယ်လောင်းတစ်ဦးတည်းသာ အမည်စာရင်းတင်သွင်းပါက ရွေးချယ်ခံရသူ ပုံစံ ၂၀ တွင် ထောက်ခံအတည်ပြုပြီး   ရွေးချယ်ခံရကြောင်း ပြန်လည်အပ်နှံရေးအရာရှိမှ ကြေညာပြီး လျှောက်ထားသူအား ပုံစံ ၂၀ ထောက်ခံစာကို ပြန်လည်ပေးပို့သည်။ ဘုရင်ခံချုပ်ထံပေးပို့ရန် ရွေးကောက်ပွဲအရာရှိချုပ်မှ ဆောင်ရွက်သည်။ ကိုယ်စားလှယ်လောင်းများ အားလုံးသည် အစိုးရဘဏ္ဍာ တိုက်သို့ သတ်မှတ်ထားသော သက်ဆိုင်ရာစပေါ်ငွေများ ပေးဆောင်ကြရသည်။ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်းတစ်ဦးစီ၏ မဲဆွယ်စည်းရုံးမည့် အသုံးစရိတ်အား မဲဆန္ဒနယ်တွင်စာရင်းသွင်းထားသည့် မဲဆန္ဒရှင်အရေ အတွက်ပေါ်မူတည်၍ ကျယ်ပြန့်စွာကန့်သတ်ထားရှိသည်။ ကန့်သတ်ချက်များကို ရွေးကောက်ပွဲနှင့် နယ်နိမိတ်ကော်မရှင်မှ ဥပဒေအရ အဓိကကြီးကြပ် ဆောင်ရွက်သည်။

မဲဆန္ဒရှင်များဆိုင်ရာ

အသက် ၁၈ နှစ်ပြည့်ပြီး ဘီလီဇီနိုင်ငံသားဖြစ်သူ၊ ဘီလီဇီနိုင်ငံတွင် ပုံမှန် ၁၂ လထက်မနည်း နေထိုင်ခဲ့ပြီး မည်သည့် ဓနသဟာယ နိုင်ငံများတွင်မဆို နေထိုင်သူ၊ ရွေးကောက်ပွဲကျင်းပရာနယ်မြေတွင် ၂ လ ထက်မနည်း အမှန်တကယ် အခြေချနေထိုင်သည့် မည်သည့် ဓနသဟာယနိုင်ငံမှ ပုဂ္ဂိုလ်မဆို မဲဆန္ဒရှင်အဖြစ် မှတ်ပုံတင်စာရင်းသွင်းနိုင်ပြီး ဆန္ဒမဲပေးခွင့်ရှိသည်။ မဲဆန္ဒရှင်   အမည်စာရင်းသွင်းရန် သက်ဆိုင်ရာဒေသရှိ ရွေးကောက်ပွဲနှင့် နယ်နိမိတ်သတ်မှတ်ရေးဦးစီးဌာန၏ မှတ်ပုံတင်ရုံးသို့သွားရောက်ပြီး မှတ်ပုံတင်ခြင်း (လျှောက်ထားခြင်း)ကို ပုံမှန်ရုံးချိန်အတွင်းတွင်  လျှောက်ထားနိုင်သည်။ အဆိုပါ မဲဆန္ဒရှင်အမည်စာရင်းသွင်းခြင်း လုပ်ငန်းများကို ဘီလီဇီနိုင်ငံတစ်ဝန်းရှိ ရုံးခွဲ ၁၄ ခု တွင် ဆောင်ရွက်ပေးပြီး မဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ တာဝန်ကျအရာရှိများမှ ကြီးကြပ်ကွပ်ကဲသည်။ မဲဆန္ဒရှင်များသည် မဲဆန္ဒရှင်အမည်စာရင်းသွင်းရန် နိုင်ငံသားဖြစ်ကြောင်းနှင့် မွေးသက္ကရာဇ် အထောက် အထားများအတွက် မွေးစာရင်းလက်မှတ်၊ နိုင်ငံကူးလက်မှတ်၊ မွေးစားခြင်းဆိုင်ရာလက်မှတ်၊ အခြားလိုအပ်မည့် စာရွက်စာတမ်း အထောက်အထားများနှင့်တကွ နိုင်ငံသားစိစစ်ရေးကတ်များကို တင်ပြရသည်။ ဆန္ဒမဲအမှန်တကယ်ပေးလိုပြီး ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ အရည်အချင်းပြည့်မီသူ မဲဆန္ဒရှင်များအနေဖြင့် သက်ဆိုင်ရာဒေသရှိရုံးခွဲများသို့ ကိုယ်တိုင်သွားရောက်ပြီး လျှောက်ထားမှသာ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ပြီး ဆန္ဒမဲပေးခွင့်ရမည့် နည်းစနစ်မျိုး ကျင့်သုံးခြင်းဖြစ်သည်။

ဆန္ဒမဲပေးခြင်း

ဆန္ဒမဲပေးရမည့် နေရာများအဖြစ် မဲဆန္ဒနယ်တစ်ခုစီကို မဲရုံတစ်ရုံအဖြစ်သတ်မှတ်ပြီး မဲရုံတစ်ရုံအတွင်းတွင် မဲရုံငယ်များဖြင့် ခွဲခြား သတ်မှတ်ထားသည်။ ဆန္ဒမဲပေးသည့်အခါ မဲဆန္ဒရှင်အမည်စာရင်းတွင်ပါဝင်ပြီး သူဖြစ်ပါက အမည်၊ မဲရုံအမှတ်နှင့် မဲပေးရမည့် မဲရုံလိပ်စာတို့ကို ရိုက်နှိပ်ထားသည့် မဲဆန္ဒရှင်ကတ်ပြားကို စာတိုက်မှတစ်ဆင့် လက်ခံရရှိမည်ဖြစ်သည်။ မဲဆန္ဒရှင်ကတ်ပြားများ သည် သက်ဆိုင်ရာမဲဆန္ဒရှင်များ၏ အချက်အလက်များ ရေးသွင်းထားခြင်းဖြစ်ပြီး ဆန္ဒမဲပေးသည့်အခါ မဲဆန္ဒရှင်ကတ်ပြားကို ယူဆောင်လာရသည်။ မဲရုံအများစုကို ကျောင်းများ၊ ရပ်ရွာစင်တာများနှင့် ဘုရားကျောင်းများကဲ့သို့ အများနှင့်သက်ဆိုင်သော အဆောက်အဦများတွင် အသုံးပြုရန် သတ်မှတ်ထားသော်လည်း လိုအပ်ချက်ရှိပါက အခြားသော အဆောက်အဦများကိုလည်း အသုံးပြုနိုင်သည်။ ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်ကို ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ဆောင်ရွက် နိုင်သည်။ ဆန္ဒမဲပေးရာတွင် လျှို့ဝှက်ဆန္ဒမဲပေးသည့် စနစ်ကျင့်သုံးပြီး  မဲရုံအတွင်းရှိ ဆန္ဒပြုရန် သတ်မှတ်ထားသော နေရာတွင်သာ ဆန္ဒမဲပေးရသည်။ မဲရုံအတွင်းတွင် မဲရုံတာဝန်ခံ သို့မဟုတ် ဥက္ကဋ္ဌ၊ မဲရုံအရာရှိနှင့်တာဝန်ရှိသူများ၊ တာဝန်ကျရဲအရာရှိများ၊ ကိုယ်စား လှယ်လောင်းများ၊ ၎င်းတို့၏ ရွေးကောက်ခံ  ကိုယ်စားလှယ်များသည်လည်း ရွေးကောက်ပွဲအား တရားမျှတစွာကျင်းပနိုင်ရေးအတွက်    သက်ဆိုင်ရာ တာဝန်အသီးသီးကို ထမ်းဆောင်ကြသည်။

မဲရုံမဖွင့်မီအချိန်ကပင် ဥပဒေအရ ဆန္ဒမဲပေးနိုင်သည့် အချိန်အတွင်း မဲရုံတာဝန်ခံဥက္ကဋ္ဌနှင့် မဲစာရင်းရေးသွင်းသူ ဝန်ထမ်း ၂ ဦးတို့သည် မဲရုံသို့ နံနက် ၆ နာရီ မတိုင်မီလာရောက်ပြီး လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ကြရသည်။ ရွေးကောက်ပွဲဆိုင်ရာသတိပေးချက်များ၊ ကြေညာချက်များနှင့် ဆန္ဒမဲပေးနိုင်မည့် အစီအစဉ်များကို စနစ်တကျဆောင်ရွက်ကြသည်။ နံနက် ၆ နာရီ ၄၅ မိနစ်တွင် မဲရုံတာဝန်ခံ ဥက္ကဋ္ဌသည် မဲပုံးများကိုစစ်ဆေးရပြီး ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများနှင့် အခြားတာဝန်ရှိသူများကိုပြသ၍   မည်သည့်မဲလက်မှတ်မှ မဲပုံးထဲတွင်မရှိကြောင်း သက်သေပြရသည်။ ထို့နောက် မဲပုံးများအား လုံခြုံရေးကြိုးများ သို့မဟုတ် သော့များဖြင့် လုံခြုံစွာပိတ်ကာ ဆန္ဒမဲပေးခြင်းကို ခွင့်ပြုသည်။ မဲလက်မှတ်များပေါ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် လောင်းများ၏ အမည်များကို အက္ခရာအစဉ်လိုက် ဖော်ပြထားသည်။

ရွေးကောက်ပွဲရလဒ်များ ရေတွက်ခြင်း၊ ကြေညာခြင်းမဲပုံးအားလုံးကို မဲရေတွက်သည့် မဲဆန္ဒနယ်တစ်ခုစီ၏ အလယ်ဗဟို နေရာတွင်ရှိသော မဲရေတွက်ရန် သတ်မှတ်ထားရာ စင်တာသို့  လုံခြုံစွာသယ်ဆောင်သွားပြီးနောက်  မဲပုံးတစ်ခုချင်းစီကိုရှင်းလင်းစွာ နေရာချထားပေးရသည်။ မဲလက်မှတ်များကိုရောနှောကာ ကူညီဆောင်ရွက်ပေးသူများက မဲများကို ရေတွက်ကြသည်။ ဝင်ရောက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများ၏ အရှေ့တွင် ဆောင်ရွက်ပေးရသည်။ မဲပုံးနှစ်ပုံးအား  တစ်ပြိုင်တည်းရေတွက်နိုင်သည်။ မဲရေတွက်သည့်အဖွဲ့တွင် မဲရေတွက်သည့်အရာရှိ ၄ ဦး ပါဝင်သည်။ တစ်ဦးသည် မဲလက်မှတ်များကို ရေတွက်ပြီးကြောင်း စာရင်း သွင်းမှတ်တမ်းတင်ရန်၊ တစ်ဦးသည် မဲဆန္ဒနယ်အလိုက်မဲများကို အစုအဝေး ၂၅ ခုဖြင့် စုစည်း ပြုစုရန်၊ အခြားအရာရှိ ၂ ဦးမှာ မဲစာရင်းစာရွက်ပေါ်တွင် မှတ်တမ်းတင်ရန် ရေတွက်ပေးရခြင်းဖြစ်သည်။ မဲအားလုံးကိုရေတွက်ပြီးသောအခါ ရလဒ်များကို သက်ဆိုင်ရာအရာရှိမှ  တရားဝင်ကြေညာပေးသည်။ မဲပုံးများအားလုံးကို တစ်ခုမကျန် ရေတွက်ပေးရမည့်အချိန်နှင့် ရေတွက်မှုရလဒ် အပေါ်မူတည်၍ နောက်ဆုံးရလဒ်ကို ညသန်းခေါင်ယံမတိုင်မီ ထုတ်ပြန်ကြေညာနိုင်သည်။ ကိုယ်စားလှယ်လောင်းတစ်ဦးဦးက လိုအပ်ချက်အရ မဲရလဒ်များကို ပြန်လည်ရေတွက်ပေးရန် တောင်းဆိုနိုင်သည်။ ပြန်လည်ရေတွက်ပေးရသည့် အရာရှိသည် ကိုယ်စား လှယ်လောင်းများထံ လိုအပ်မည့်အကြံများကိုပေးမည်ဖြစ်ပြီး ရေတွက်သည့် ရလဒ်ကိန်းဂဏန်းများအပေါ် သက်ရောက်စေသည့် ဆောင်ရွက်မှုများကို ပြုလုပ်ပေးရသည်။ ကိုယ်စားလှယ်လောင်းများနှင့် မဲရေတွက်သည့်တာဝန်ရှိသူများ နှစ်ဖက်စလုံး ရလဒ်အား ကျေနပ်အားရသည်အထိ ပြန်လည်ရေတွက်ခြင်းကို ဆက်လက်လုပ် ဆောင်နိုင်သည်။

ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများ

ဘီလီဇီနိုင်ငံ၏ ပထမဦးဆုံး ပါတီစုံရွေးကောက်ပွဲမှာ ၁၉၅၄ ခုနှစ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၁၉၅၇၊ ၁၉၆၁၊ ၁၉၆၅၊ ၁၉၆၉၊ ၁၉၇၄၊ ၁၉၇၉ ခုနှစ်များတွင်လည်း ဒီမိုကရေစီရွေးကောက်ပွဲများအား ထူးခြားချက်အနေဖြင့် ၃ နှစ်လျှင် ၁ ကြိမ်စီ ကျင်းပခဲ့သည်။ ၁၉၇၉ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်းမှစ၍ ၅ နှစ်လျှင် တစ်ကြိမ်စီ ကျင်းပသည့်စနစ်အဖြစ် ပြောင်းလဲကျင့်သုံးခဲ့ကြကာ ၁၉၈၄၊ ၁၉၈၉၊ ၁၉၉၃၊ ၁၉၉၈၊ ၂၀၀၃၊ ၂၀၀၈၊ ၂၀၁၂ နှင့် ၂၀၁၅ ခုနှစ်များတွင်လည်း ပါတီစုံရွေးကောက်ပွဲများကို ထပ်မံကျင်းပခဲ့သဖြင့်   ဘီလီဇီနိုင်ငံ၏ သမိုင်းတွင် ၁၉၅၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ရွေးကောက်ပွဲ ၁၆ ကြိမ် ကျင်းပခဲ့သည်။ လာမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ကိုလည်း   ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထက် နောက်မကျဘဲ ကျင်းပသွားမည်ဖြစ်သည်။

နောက်ဆုံးကျင်းပခဲ့သည့် ရွေးကောက်ပွဲ

ဘီလီဇီနိုင်ငံ၏ အနီးစပ်ဆုံးကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ က ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါရွေးကောက်ပွဲသည် ၁၉၅၄ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ အရွယ်ရောက်ပြီးသူများ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ခွင့်  မူဝါဒကို ကျင့်သုံးခဲ့သည့် ၁၆ ကြိမ်မြောက်  ရွေးကောက်ပွဲကြီးဖြစ်ခဲ့ကာ  ၁၉၈၁ ခုနှစ်နောက်ပိုင်း အင်္ဂလိပ်တို့ လက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီးနောက် ကျင်းပခဲ့သည့် ၈ ကြိမ်မြောက် ရွေးကောက်ပွဲလည်းဖြစ်သည်။ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၁ ရက်နေ့ကတည်းက ကြေညာကာ ကြိုတင်ပြင်ဆင်ခဲ့ကြခြင်းလည်း ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲကြီးတွင် အောက်လွှတ်တော်ရှိ ကိုယ်စားလှယ်နေရာပေါင်း ၃၁ နေရာအနက် ပြည်သူ့ညီညွတ်ရေးပါတီ(People United Party-PUP)မှ ၂၆ နေရာအထိ စံချိန်တင်အနိုင်ရခဲ့ကာ နိုင်ငံ တစ်ဝန်းလုံးမှ ဆန္ဒမဲပေးသူ ၅၉ ဒသမ ၆၀ ရာခိုင်နှုန်းအထိ ထောက်ခံအားပေးမှုရရှိခဲ့ခြင်းဖြစ်ပြီး အတိုက်အခံလည်းဖြစ်ကာ ပြိုင်ဘက်လည်းဖြစ်သူ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (United Democrative Party -UDP)မှာ နိုင်ငံတစ်ဝန်းလုံးမှ ဆန္ဒမဲပေးသူ ၃၈ ဒသမ ၈၄ ရာခိုင်နှုန်း၏ ထောက်ခံမှုဖြင့် အောက်လွှတ်တော် အမတ်နေရာ ၅ နေရာရရှိခဲ့သည်။

နိဂုံး

ဘီလီဇီနိုင်ငံ၏ ရွေးကောက်ပွဲနှင့် နယ်နိမိတ်သတ်မှတ်ရေးကော်မရှင် (Election and Boundaries Commission -EBC) သည် မဲဆန္ဒရှင်စာရင်းများပြုစုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များပြုစုခြင်း၊ ရွေးကောက်ပွဲမှတ်တမ်းများကို အဆင့်မြှင့် တင်ခြင်းနှင့် ထိန်းသိမ်းခြင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက် နိုင်ရန်အတွက် ရွေးကောက်ပွဲနှင့် နယ်နိမိတ်(မဲဆန္ဒနယ်များ) သတ်မှတ်ရေးဌာန (Election and Boundaries Department -EBD) အား ၁၉၈၉ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး မဲဆန္ဒရှင်များဆိုင်ရာ အချက်အလက်များ စနစ်တကျလွှဲပြောင်းနိုင်ရေး၊ ကျွမ်းကျင်သော ရွေးကောက်ပွဲဆိုင်ရာ ဝန်ဆောင်မှုများကို လုပ်ကိုင်နိုင်ရေး၊ ရွေးကောက်ပွဲစနစ်အပေါ် ပြည်သူလူထုမှ ယုံကြည်မှု ခိုင်မာစေရေးနှင့် မဲဆန္ဒရှင်များအား အသိပညာပေးကာ ရွေးကောက်ပွဲတွင် ပါဝင်လာမှုအဆင့်များကို မြှင့်တင်ရေးတို့အတွက် ဦးစီးဌာန၏ လုပ်ငန်း ဆောင်တာများကို အနီးကပ်ကြီးကြပ်စီမံကွပ်ကဲကာ ဘီလီဇီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပွင့်လင်းပြီး တရားမျှတ၍ လွတ်လပ်သောရွေးကောက်ပွဲများ ကျင်းပပေးနိုင်ရန် အဓိကထားဆောင်ရွက်လျက်ရှိသည်။ ပွင့်လင်း မြင်သာမှု၊ တရားမျှတမှုနှင့် ဘက်လိုက်မှုကင်းသော ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို ထိန်းသိမ်းမြှင့်တင်ပေးခြင်းနှင့် တိကျ မှန်ကန်ပြီး စနစ်တကျဖြစ် စေရန်အတွက် နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ကြီးကြပ်ခြင်းအားဖြင့် နိုင်ငံ၏ ဒီမိုကရေစီစနစ်အား တိုးတက်မြင့်မားစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ထင်ရှားသော အဖွဲ့အစည်းတစ်ခုဖြစ်သည့်အပြင် ကျင့်သုံးလျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် နည်းစနစ်များမှာ လေ့လာမှတ်သားဖွယ်ရာ များစွာရှိနေပါကြောင်း မှတ်တမ်းတစ်ခုအဖြစ် ရေးသားတင်ပြ အပ်ပါသည်။   ။ 

သောင်ရင်းအားမာန်