သမိုင်းစဉ်ထက်မှ အလေးဂရုပြုအပ်သောသင်ခန်းစာများ

သမိုင်းစဉ်ထက်မှ အလေးဂရုပြုအပ်သောသင်ခန်းစာများ

တိုင်းရင်းသားမျိုးနွယ်စုပေါင်း တစ်ရာကျော်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် မိမိတို့ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် နှစ်ကာလထောင်ချီရှည်လျားသည့် သမိုင်းစဉ်တစ်ရပ်ကို ဖြတ်သန်းခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့်ပင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် သမိုင်းဖြစ်စဉ်မှန်များက ထောက်ပြနေသည့် အဖိုးတန်သင်ခန်းစာများကို ရယူထုတ်နုတ် အသုံးပြုတတ်ကြရန် လိုအပ်လျက်ရှိသည်။

လူ့သမိုင်းကြောင်းကို လေ့လာဆန်းစစ်မည်ဆိုပါက ကမ္ဘာတည်ဦးခေတ်မှသည် ယနေ့ကာလထိတိုင်အောင် စစ်ရေးပဋိပက္ခများ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေသည်ကို တွေ့ကြရမည်ဖြစ်သည်။

မိမိတို့နိုင်ငံမှာလည်း ကမ္ဘာ့လူ့အဖွဲ့အစည်း နိုင်ငံများကဲ့သို့ပင် ယဉ်ကျေးမှုသမိုင်း အစဉ်အလာကြီးမားသည့် နိုင်ငံတော်တစ်ရပ်အဖြစ် ဖြစ်တည်ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ 

ကမ္ဘာဦးလူ့အဖွဲ့အစည်းနိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများ၊ စစ်ရေးပဋိပက္ခများဖြစ်တည်လာရသည့် မူလအရင်းခံ အကြောင်း တရားမှာ လူသားတို့၏နေထိုင်ရန်နေရာနှင့် အစားအသောက်တို့အတွက်သာ ဖြစ်သည်။ သို့သော် ယနေ့အချိန် ကမ္ဘာ့လူ့အဖွဲ့အစည်း နိုင်ငံများတွင်မူ လူသားအုပ်စုအချင်းချင်း၊ အကျိုးစီးပွားတူအုပ်စုအချင်းချင်း၊ ဘာသာအယူဝါဒတူအုပ်စုအချင်းချင်း အင်အားအစု အဖွဲ့များတည်ဆောက်လျက် မတူညီသော ပြိုင်ဘက်အုပ်စုများကို အသာစီးရလိုမှုဖြင့် ပြုမူဖန်တီးသောတိုက်ရိုက်စစ်ပွဲများ၊ စစ်ရေး ပဋိပက္ခများအပြင် ကိုယ်စားအဖြစ် ဖန်တီးထားသည့်စစ်ပွဲများ၊ စစ်ရေးပဋိပက္ခများပါ ဖြစ်ပွားလာလျက်ရှိသည်ကို တွေ့ရသည်။

မိမိတို့နိုင်ငံသည်လည်း ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် မိမိတို့တွေ့ကြုံခဲ့ရသည့် သမိုင်းဖြစ်စဉ် ဖြစ်ရပ်များထဲမှ အဆိုးအကောင်းဖြစ်စဉ်များကို သင်ခန်းစာရ ယူကာကွယ်တတ်ရမည်ဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံမှသာ ခေတ်ကာလနှင့်အညီ ပြောင်းလဲဖြစ်တည်လာသည့်စစ်ပွဲများ၊  စစ်ရေးပဋိပက္ခများ၏ အသွင်သဏ္ဌာန်နှင့် မူရင်း အကြောင်းတရားတို့ကို လက်တွေ့ကျကျ သုံးသပ်သိမြင်နိုင်ကြမည်ဖြစ်သည်။ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက်လည်း  အမှန်တကယ်အာမခံနိုင်မည့် ဒေါင်ဒေါင်မြည် စည်းလုံးညီညွတ်သော  ကာကွယ်ရေးစွမ်းအားစုအမြုတေတစ်ရပ်ကို ဖန်တီးရယူကြရမည်လည်းဖြစ်သည်။

သမိုင်းဖြစ်စဉ်ဖြစ်ရပ်များထဲမှ နိုင်ငံတော်ကာကွယ်ရေးအတွက် ထုတ်ယူသုံးစွဲသင့်သည်များတွင် စစ်နည်းဗျူဟာများလည်း ပါဝင်သည်။

မိမိနိုင်ငံသားတို့၏ စစ်ပညာအရည်အသွေးအရင်းခံကို လေ့လာသုံးသပ်မည်ဆိုပါက အထက်တန်းကျကျ တည်ရှိခဲ့သည်ကို တွေ့ရ သည်။ မြန်မာ့စစ်ပညာရှင် စာဆိုတစ်ဦးဖြစ်သူ လက်ဝဲသုန္ဒရ ရေးသားပြုစုခဲ့သည့် မြန်မာ့စစ်ပညာကျမ်းများကို အခြားသော ကမ္ဘာကျော်စစ်ပညာကျမ်းများ၊ ကမ္ဘာကျော်စစ်ခေါင်းဆောင်တို့၏ အဆိုအမိန့်များနှင့် နှိုင်းယှဉ်သုံးသပ်ရာတွင်မှ အဆင့်အတန်း ရှိသည်ကို  ခိုင်ခိုင်မာမာတွေ့ရှိရသည်။ ရှေးခေတ်စစ်ပါရဂူကြီး ဆန်ဇုမှသည် ကလော့ဇ်ဝိတ်၊ နပိုလီယံ၊ ရွမ်းမဲလ်၊ ဝေဗဲလ်၊ မောင့်ဂိုမာရီ၊ မောင့်ဘက်တန်၊ မော်စီတုံး၊ မိုငုယင်ဂီယမ်တို့တိုင်အောင် သုံးသပ်လေ့လာခဲ့ခြင်းဖြစ်သည်။ လက်ဝဲသုန္ဒရ ရေးသားခဲ့သည့် စစ်ပညာကျမ်းများ၏အဆိုအရ စစ်ပွဲများအောင်နိုင်ရေးမှာ စစ်ရေးသာမက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပထဝီရေး၊ ဝါဒရေး၊ စိတ်ဓာတ်ရေး၊ ပညာရေးတို့တွင် ဆက်နွှယ်လျက်ရှိသည်ဟူသော အထောက်အထား အယူအဆများကိုတွေ့ရသည်မှာ လွန်စွာ တန်ဖိုးရှိလှသည်။

ကမ္ဘာ့စစ်သမိုင်းဆရာအများစုက ပုဂံခေတ် နရသီဟပတေ့မင်းလက်ထက်၌ စစ်ရှုံးရသည်ကို အကျယ်တဝင့်ရေးသားကြသည်။ သို့သော် ပင်းယခေတ် မြန်မာ့စစ်သည်တော်များနှင့် ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက် မြန်မာ့စစ်သည်တော်တို့၏ ထိုခေတ်ထိုအခါက မြန်မာ့ရေမြေကိုကျူးကျော်ခဲ့သည့် ပြည်ပမှကျူးကျော်သူများကို ပြန်လည်အနိုင်ယူနိုင်ခဲ့ကြသည့် ရှေးခေတ် မြန်မာ့တပ်မတော်၏ စွမ်းရည်ကို ချီးကျူးရန်မူ မေ့လျော့နေသည်။ ပင်းယခေတ် မြန်မာ့တပ်မတော်၏စွမ်းရည်သတ္တိကိုဖော်ပြသူ လွန်စွာနည်းပါးသော်လည်း သမိုင်းဖြစ်စဉ်အမှန်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာတို့စစ်ပညာအရည်အသွေးမှာ ကမ္ဘာ့သမိုင်း ဆရာတို့ ရေးသားချက်များအတိုင်း သိမ်ငယ်နေကြရန်မလိုပါချေ။ မြန်မာသည် လူဦးရေအင်အားနည်းပါးသော     နိုင်ငံမျှသာဖြစ်သော် လည်း စစ်အင်အားအရာနှင့် ယဉ်ကျေးမှုအရာတွင်မူ အဆင့်အတန်းမြင့်မားသော အစဉ်အလာရှိခဲ့ကြသည်။

ယဉ်ကျေးမှုသဏ္ဌာန် လက္ခဏာချင်းမတူညီသော နိုင်ငံကြီးများနှင့် နယ်မြေချင်း ထိစပ်နေသော်လည်း နှစ်ပေါင်းထောင်ချီ၍ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေနိုင်ခဲ့ကြသည်။ ၎င်းတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ တိုက်ရိုက် ရိုက်သွင်းမခံရစေရန်အတွက်လည်း ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့ ကြသည်။ ယင်းအချက်သည်ပင် မြန်မာတို့၏ စစ်ပညာအရည်အသွေးနှင့် နိုင်ငံတော်ကာကွယ်ရေးအစီအမံကို မှတ်ကျောက်တင်ခံ နိုင်ရန် လုံလောက်သည့် အကြောင်းတရား ဖြစ်စဉ်မှန်ပင်ဖြစ်သည်။

နယ်ချဲ့လက်အောက်ကျရောက်ခဲ့ရသော မိမိတို့နိုင်ငံအနေဖြင့် စစ်နိုင်သူနယ်ချဲ့တို့၏ ဆိုးရွားသောအပြုအမူများစွာကို ခံခဲ့ကြရမည်မှာ သံသယဖြစ်ရန်ပင်မလိုချေ။ နယ်ချဲ့တို့က မြန်မာ့စစ်ပညာ၏စွမ်းရည်များကို ပြန်လည်အသုံးပြု၍မရစေရန် သို့မဟုတ် အလွယ်တကူ အသုံးပြု၍ မရတော့စေရန် အကြံအစည်ရှိရှိ   ပြုမူသွားခဲ့ကြသည်။ တတိယကျူးကျော်စစ်ဖြင့် မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးအချိန်တွင် မြန်မာတို့၏ အဖိုးထိုက်လှသော စာပေယဉ်ကျေးမှုအမွေအနှစ်များစွာနှင့်အတူ စစ်သမိုင်းမှတ်တမ်းများ၊ လွှတ်တော်မှတ်တမ်းများကို သူခိုးဓားပြဆန်ဆန် မြေလှန်မီးရှို့ဖျက်ဆီးသွားခဲ့ကြသည်။

ထိုသို့ဖျက်ဆီးခြင်းခံရစေရန် နောက်ကွယ်မှသွေးထိုးဖန်တီးပေးခဲ့သော နယ်ချဲ့တို့၏အကြံအစည် ပုဆိန်ရိုးများအကြောင်းကိုပင်  ဖြစ်စဉ်မှန်အတိုင်း သိရှိထားသူ၊ သိရှိခဲ့သူလည်း အလွန်နည်းပါးလှသည်။ ထိုသို့ဖြစ်ပေါ်လာစေရန်အတွက်လည်း နယ်ချဲ့တို့က  ကြိုတင် မြော်တွေး လက်စဖျောက်သွားခဲ့ကြခြင်း ဖြစ်သည်။ မြန်မာတို့ တိုင်းတစ်ပါးလက်အောက်ကျရောက်ခဲ့ရသည့် အချိန်ဖြစ်သော သီပေါဘုရင်လက်ထက်မှာ စစ်ခေါင်းဆောင်ဟူ၍ တိတိပပမရှိခဲ့သောအချိန်ဖြစ်ခဲ့ရသည်။ နိုင်ငံတော်အား မည်သူက၊ မည်သည့် စနစ်ဖြင့်၊ မည်သည့်အဖွဲ့အစည်းကို အုပ်ချုပ်စေသည်ဟူ၍ပင် ပြောပြရန်ခက်ခဲသော အခြေအနေတစ်ရပ်ဖြစ်နေခဲ့သည်။ ဤသို့သော အခြေအနေဖြစ်စေရန်၊ တိုင်းရင်းသားအချင်းချင်း မသင့်မမြတ်ဖြစ်စေရန် ကမ္ဘာလှည့်ရန်တိုက်ပေးခြင်းအရာတွင် အင်မတန် ဆရာကျခဲ့သော နယ်ချဲ့တို့က အစဉ်တစိုက် အချိန်ယူလုပ်ဆောင်သွားခဲ့ကြခြင်းဖြစ်သည်။ ယင်းတို့၏ သွေးထိုးသပ်လျှိုထားသည့် အစီအမံဖြစ်ကြောင်းကိုလည်း သိသူပင်မရှိသလောက်ဖြစ်ခဲ့ကြသည်။

ပရိယာယ်ကြွယ်ဝလွန်းသည့် သူခိုးဓားပြများနှင့်အသွင်ထူးမခြားနားသော နယ်ချဲ့တို့က မြန်မာတို့၏ပတ္တမြားငမောက်ကဲ့သို့သော အဖိုးတန်နန်းစဉ် ရတနာပစ္စည်းများအပါအဝင် မြောက်မြားလှစွာသော ရတနာပစ္စည်းများနှင့် အဖိုးတန်သမိုင်းအမွေအနှစ် ကျောက်မျက် ရတနာများစွာကို စာရင်းအင်းမရှိ ခိုးယူသွားခဲ့ကြသည်။ 

မိမိတို့နိုင်ငံတော်ကို မတရားသိမ်းပိုက် ကျွန်ပြုခဲ့ကြသည့် နယ်ချဲ့တို့ကပင် မိမိတို့နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြန်လည် ရယူရန်ကြိုးပမ်းသည့် မျိုးချစ်တော်လှန်ရေးသမားများကို ရိုးသားဖြူစင်သော ပြည်သူလူထုက အထင်သေး၊ အမြင်သေးဖြစ်လာစေရန် သူခိုးဓားပြများအဖြစ်ပုံဖော်ဖန်တီး ဝါဒဖြန့်ခဲ့ကြသည်။ နယ်ချဲ့တို့အနေဖြင့် အကြောင်းပြချက်အမျိုးမျိုးဖြင့် ဥပဒေအမျိုးမျိုး ထုတ်ပြန်ခဲ့ရာ ပြည်သူလူထုအနေဖြင့် ဟင်းလှီးသည့်ဓားမြှောင်ပင် ကိုင်ဆောင်ခွင့်မရှိသည့် အဖြစ်မျိုးရောက်ခဲ့ရသည်။ မြန်မာ့ရိုးရာ သိုင်းပညာကို အသုံးပြုလျှင်လည်း ပုဒ်မ ၁၀၉ ၊ ၁၁၀ တို့ဖြင့် တရားစွဲဆိုထောင်ချခဲ့ကြသည်အထိ  ရက်စက်ယုတ်မာခဲ့ကြသည်။

ထို့ကြောင့်ပင် ရှေးခေတ်မြန်မာ့တပ်မတော်အဆက်ဆက်၏ ဆင်ရေး၊ မြင်းရေး၊ ဓားရေး၊ လှေရေး၊ လှံရေးအတတ်ပညာတို့ နိမ့်ကျ ပျက်ပြယ်ခဲ့ရသည်။ နယ်ချဲ့တို့က “လူကလေး” ဟုခေါ်ဆိုလျှင် “ဘုရား” ဟု ပြန်ထူးရပြီး မိမိတိုင်းရင်းသားတိုင်းက နယ်ချဲ့တို့ကို “သခင်” ဟု ခေါ်ဆိုခဲ့ကြရသည်မှာ ရင်နာဖွယ်ရာကောင်းလှသည်။

စာပေအရာတွင်လည်း မိမိတို့၏ ဇာတိသွေးဇာတိမာန် တက်ကြွစေမည့် စာကောင်းပေမွန်များကို ပစ်ပယ်တားမြစ်ခဲ့ကြသည်။ ထို့ကြောင့်ပင် သူ့ကျွန်ခေတ်၌ လက်ဝဲသုန္ဒရရေးသားသည့် အလွမ်းအဆွေးအဖွဲ့အနွဲ့ဖြစ်သော မဲဇာတောင်ခြေပိုဒ်စုံရတုကို လူတိုင်း သိခဲ့ကြသော်လည်း “နန္ဒီသေနပျို့၊ ဗျူဟစက္ကိပျို့နှင့် သေနင်္ဂဗျူဟာပျို့” တို့ကို သိသူ မရှိသလောက်ဖြစ်ခဲ့ရသည်။

ယင်းပျို့ကြီးသုံးစောင်မှာ စာပေဆိုင်ရာယဉ်ကျေးမှု မှတ်တိုင်ဖြစ်သည်သာမက တန်ဖိုးမဖြတ်နိုင်သည့် အမျိုးသားရေး အမွေအနှစ် စစ်ကျမ်းကြီးများပင် ဖြစ်သည်။ စစ်ဗျူဟာကျမ်းကြီးသုံးစောင်ကို ပျို့လင်္ကာရေးနည်းဖြင့်မှတ်တမ်းတင်ခဲ့သူ လက်ဝဲသုန္ဒရက အစောဆုံး ဖြစ်သည့် “နန္ဒီသေနပျို့” ကို မြန်မာသက္ကရာဇ် ၁၁၂၈ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၇၆၆ ခုနှစ်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။

ထို ခုနှစ်မှာ အနောက်တိုင်းသားများက အစောဆုံးသော ကမ္ဘာ့စစ်ပညာကျမ်းပြုစုသူအဖြစ် မှတ်ယူထားသည့် ကလော့ဇ်ဝိတ် မမွေးဖွားမီ ၁၄ နှစ်ကပင် ရေးသားခဲ့ ခြင်းဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ လက်ဝဲသုန္ဒရက မြန်မာသက္ကရာဇ် ၁၁၄၇၊ ခရစ်သက္ကရာဇ် ၁၇၈၅ ခုနှစ်တွင် “သေနင်္ဂဗျူဟာပျို့” ကို ရေးသားပြီး မြန်မာသက္ကရာဇ် ၁၁၅၂ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၇၉၀ ပြည့်နှစ်တွင် “ဗျူဟစက္ကိပျို့” ကို ရေးသားခဲ့ခြင်းဖြစ်သည်။

မြန်မာ့စစ်ပညာကျမ်းများ၏ နောက်နှစ်များစွာကြာမှ ပေါ်ပေါက်ခဲ့သည့် ကမ္ဘာ့စစ်ပညာကျမ်းများပါ စစ်နည်းဗျူဟာ အချက်အလက် သဘောတရားများအားလုံးမှာ မြန်မာ့စစ်ပညာကျမ်းများတွင်ပါရှိပြီးဖြစ်သည်ကိုလည်း ဂုဏ်ယူဖွယ်ရာတွေ့ရသည်။ ထို့ကြောင့်ပင် စစ်ပညာကျမ်းများအနက် အစောဆုံးသောစစ်ပညာကျမ်းများကို မြန်မာတို့ကရေးသားနိုင်ခဲ့သည့်အချက်မှာ နိုင်ငံနှင့်လူမျိုးအတွက် များစွာဂုဏ်ယူနိုင်လောက်ပေသည်။ 

အချုပ်အားဖြင့်ဆိုရပါမူ တိုင်းရင်းသားမျိုးနွယ်စုပေါင်း တစ်ရာကျော်ရှိသည့် မိမိတို့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမိုင်း ကြောင်းမှာ နှစ်ပေါင်းထောင်ချီရှည်လျားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အမိနိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ အစဉ်သဖြင့် တည်တံ့ရေးအတွက် သမိုင်းဖြစ်စဉ်မှန်များမှ သင်ခန်းစာဖော်ထုတ်ကြရာတွင် တိုင်းပြည်စည်းလုံးညီညွတ်ရေးအတွက် လွန်စွာအရေးကြီးသည့် ပြည်ထောင်စုစိတ်ဓာတ်တည်းဟူသော စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ် အမြုတေသည်လည်းကောင်း၊ မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေးဇာတိမာန်စိတ်ဓာတ်ကို မွေးမြူလှုံ့ဆော်မြှင့်တင်ပေးနေသည့် အမျိုးသားရေးအမွေအနှစ်  စာပေနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့သည်လည်းကောင်း၊ အဆင့်အတန်းမြင့်မားသည့် ရှေးမြန်မာဘိုးဘွားတို့၏ စစ်မဟာဗျူဟာ အတတ်ပညာတို့သည်လည်းကောင်း နောင်လာနောက်သားမျိုးဆက်သစ်တို့ အစဉ်သဖြင့်အလေးအမြတ်ပြု ထိန်းသိမ်းစောင့်ရှောက် ကြရမည့် အမြုတေရတနာများပင်ဖြစ်ပါကြောင်း အလေးအနက်ထား ရေးသားတင်ပြလိုက်ရပါသည်။   ။

မှီငြမ်းကိုးကားချက်-

မြန်မာ့သွေး မြန်မာ့ဓား မြန်မာ့စစ်ပညာ

စန်းသမိန်

ဘုန်းရဲနိုင်(ဂန့်ဂေါ)