မြစ်ဧရာရေယာဉ်ကြောမှာ စုန်ဆန်မျှောပါလို့

မြစ်ဧရာရေယာဉ်ကြောမှာ စုန်ဆန်မျှောပါလို့

    “မြစ်ဧရာကြော  စုန်ဆန်မျှောလို့  ဥသြကိုဆွဲ သင်္ဘောသံကွဲ့”  ဟူသော  ငယ်စဉ်ကျောင်းသား ဘ၀  မြန်မာစာသင်ပုန်းကြီး  ဖတ်စာလေးထဲက စာလေးတစ်ကြောင်းကို  အားလုံး အမှတ်ရဦးမယ် ထင်ပါတယ်။ ယခုလည်း မြစ်ဧရာရေယာဉ်ကြောမှာ တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နဲ့ မြစ်ရေယာဉ်(စကု)တို့ဟာ ဧရာဝတီတိုင်းဒေသကြီး အတွင်းက  ဒေသခံပြည်သူများ အတွက် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးဖို့ ဥသြသံလေး  တဆာဆာနဲ့ စုန်ချီဆန်ချီ သွားလာနေပါပြီ။ သည်လို မြစ်မင်းအဏ္ဏဝါ ဧရာဝတီကမ်းခြေက  ပြည်သူလူထုတွေအတွက်  ကျန်းမာရေး စောင့်ရှောက်ပေးနေမှု ကိုတော့ စာရေးသူက “မြစ်ဧရာရေယာဉ် ကြောမှာ စုန်ဆန်မျှောပါလို့” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးလေးအဖြစ် တင်ဆက်လိုက်ပါရစေ။

စာရေးသူတို့နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြတဲ့  နိုင်ငံတစ်နိုင်ငံသာဖြစ်ပါတယ်။ မျိုးနွယ်မတူတဲ့ တိုင်းရင်းသားတွေ ပေါင်းစုံတဲ့နိုင်ငံဖြစ်လို့ တောတောင်ရေမြေ၊ မြေမျက်နှာသွင်ပြင်ဟာလည်း မတူညီကြပါဘူး။  ကုန်းလမ်း အနေအထားအရ လမ်းပန်း ဆက်သွယ်ရေးတွေ ဝေးလံခေါင်သီတဲ့ ဒေသတွေရှိသလို ရေလမ်းအနေအထား အရလည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေလည်းရှိပါတယ်။ ဒီလိုနေရာအသွယ်သွယ်မှာ ရပ်တည်နေထိုင် ရှင်သန်ကြတဲ့ တိုင်းရင်းသား ပြည်သူများရဲ့ ကျန်းမာရေး အဆင့်အတန်းဟာလည်း  မတူညီတဲ့ ကွဲပြားမှုတွေ  များပြားလှပါတယ်။    မြန်မာ့တပ်မတော်ဟာ သည်လိုကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့အတွက် တိုင်းရင်းသားပြည်သူတွေဆီ   မြင်အောင်ကြည့်၊ ရောက်အောင်သွားပြီး စောင့်ရှောက်ပေးနေတယ်ဆိုတာ နိုင်ငံသူနိုင်ငံသား အားလုံးကို သိစေချင်ပါတယ်။

“ပြည်သူတစ်ဦးချင်းစီ၏ မျှော်လင့်ချက်ပန်းတိုင် ရှင်သန်ခြင်းမှသည် မိသားစုနှင့် နိုင်ငံတော်၏  မျှော်လင့်ချက်ပန်းတိုင်များ ရှင်သန်စေပြီး လူ့အဖွဲ့အစည်း တစ်ခုလုံး၏ အောင်မြင်မှုကို ရရှိလာနိုင်မည်”  လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်  မြို့နယ်၊  တိုက်နယ်ဆေးရုံများတွင်   တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သား ဆရာဝန်များအား ဂုဏ်ပြု အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ စာရေးသူရဲ့ အတွေးတစ်စက်က “ပြည်သူတစ်ဦးချင်းစီ၏ မျှော်လင့်ချက် ပန်းတိုင်ရှင်သန်မှု” ပါပဲ။ ပြည်သူတစ်ဦးချင်းစီရဲ့ မျှော်လင့်ချက်ပန်းတိုင် ရှင်သန်ဖို့ဆိုတာ ကျန်းမာရေး ကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်နေဖို့ပါပဲ။ ဒါမှ စာရေးသူတို့ နိုင်ငံတော်ဟာ ကျန်းမာကြံ့ခိုင်တဲ့ လူသားအရင်းအမြစ်တွေကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါလား။ သည်လို လူသားအရင်းအမြစ်တွေ ပိုင်ဆိုင်ထားမှသာ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်မှာဆိုတာကိုလည်း စာရေးသူနဲ့ထပ်တူ တွေးမြင် သိစေချင်ပါသေးတယ်။

၂၀၂၀ ပြည့်နှစ် ကျန်းမာရေး ထုတ်ပြန်ချက်များ အရ စာရေးသူတို့နိုင်ငံမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ကလေးငယ်သေဆုံးမှုဟာ ငါးနှစ်အောက် ကလေးအရှင် ၁၀၀၀ မွေးတိုင်း ၁၅ ဦးသေဆုံးပြီး တစ်နှစ်အောက် ကလေးအရှင် ၁၀၀၀ မွေးတိုင်း ၁၂ ဦးသေဆုံးပါတယ်။ မိခင်သေဆုံးမှုဟာလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို ကလေးအရှင် တစ်သိန်းမွေးတိုင်း ၁၀၂ ဒသမ ၇ ဦး  သေဆုံးပါတယ်။ ငါးနှစ်အောက် ကလေးများ အာဟာရချို့တဲ့မှုဟာ ၂၆ ဒသမ ၇ ရာခိုင်နှုန်း ရှိနေတယ်ဆိုတာ စာရေးသူလေ့လာသိရှိ ရပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က နိုင်ငံတွေဟာ လူ ၁၀၀၀ မှာ  အနည်းဆုံး  ဆရာဝန်တစ်ဦးနဲ့ ကျန်းမာရေး လုပ်သားအနည်းဆုံး ၂ ဒသမ ၃ ဦးရှိသင့်တယ်လို့ ဆိုပါတယ်။ စာရေးသူတို့နိုင်ငံမှာတော့ လူ ၁၀၀၀ မှာ ဆရာဝန် သုည ဒသမ ၃၇ ဦးနဲ့ ကျန်းမာရေးလုပ်သား ၁ ဒသမ ၄၇ ဦးသာရှိပါတယ်။ ဒီကိန်းဂဏန်းတွေဟာ  စာရေးသူတို့နိုင်ငံအတွက် ကျန်းမာရေးဆိုင်ရာ   အားနည်းချက်နဲ့  လူသားအရင်းအမြစ် အားနည်းချက်တွေကို ညွှန်းဆိုပြသနေတာပါပဲ။ ဒါ့ကြောင့် တပ်မတော်က ဒီလိုဝေးလံခေါင်သီတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ ၂၀၁၆ ခုနှစ်၊ ၂၀၁၈ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၂ ခုနှစ်တွေမှာ တပ်မတော် ဆရာဝန်တွေစေလွှတ်ပြီး နယ်လှည့်ဆေးကုသရေး လုပ်ငန်းတွေ၊ တိုင်းစစ်ဌာနချုပ် အသီးသီးက နယ်မြေတွေမှာလည်း နယ်လှည့်ဆေးကုသရေး လုပ်ငန်းတွေ၊ ယခုလိုဧရာဝတီမြစ်ကြောင်း တစ်လျှောက်က ကျေးရွာတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။ တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နဲ့ မြစ်ရေယာဉ်(စကု)တို့ရဲ့ ၂၀၂၃ ခုနှစ် ခရီးစဉ်လေးကို ဆက်ကြပါဦးစို့။

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နဲ့ မြစ်ရေယာဉ်(စကု)တို့ဟာ တပ်မတော်သား ဆရာဝန်တွေ၊ ပါရဂူတွေ၊ သူနာပြုတွေ တင်ဆောင်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၇ ရက်မှာ ရန်ကုန်မြို့အမှတ်(၄) ရေတပ် ဗောတံတားကနေ ခရီးစတင်ခဲ့ပါတယ်။   မြစ်မင်းအဏ္ဏဝါ ဧရာဝတီကမ်းခြေ တစ်လျှောက်က ဒေသခံပြည်သူတွေအတွက် သူတို့ဘယ်လိုကျန်းမာရေးစောင့်ရှောက်ပေးမှာလဲ။ ကျန်းမာရေးအရ လိုအပ်တဲ့  ခွဲစိတ်ကုသမှုတွေ၊ သားဖွားမီးယပ်ဆိုင်ရာတွေ၊ အရိုး၊ မျက်စိ၊ နား၊ နှာခေါင်းလည်ချောင်း၊ သွား၊   အထွေထွေရောဂါ ကုသရေးတို့ အပြင် ရောဂါရှာဖွေရေးအတွက် X-Ray ရိုက်ခြင်း၊့ Ultrasound ရိုက်ခြင်းတွေနဲ့  ရောဂါဗေဒပါရဂူ တွေနဲ့  ရောဂါရှာဖွေ စမ်းသပ်ကုသခြင်းတွေကို သူတို့လုပ်ဆောင် ပေးနေကြပါပြီ။ ဆေးရုံရေယာဉ် ပေါ်မှာတော့ လူနာ ၃၀ ဦးထိ တင်ဆောင် ကုသနိုင်တဲ့ ခွဲစိတ်ခန်း၊  သားဖွားမီးယပ်ခန်း၊ စမ်းသပ်ခန်းနဲ့  အထူးကြပ်မတ် ကုသဆောင်တွေပါတယ်လို့ သိရပါတယ်။ သားဖွားမီးယပ် အခန်းမှာတော့ သူတို့ ဘယ်လိုအောင်မြင်မှုတွေရခဲ့လဲ၊ ဘယ်လိုအမည်လေး တစ်ခု ပေါ်ထွန်းခဲ့လဲ ဆိုတာကတော့ နောက်ပိုင်းမှာ စာရေးသူ တင်ပြပါဦးမယ်။ ဆက်ပြီးတော့ သူတို့ခရီးစဉ်လေးကို မျှဝေပေးပါရစေ။

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နဲ့ မြစ်ရေယာဉ်(စကု)ရဲ့ မြစ်မင်းအဏ္ဏဝါ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်ပေးနေမှု မှတ်တမ်းလေးကို ဦးစွာတင်ပြလိုပါတယ်။ ကျန်းမာရေး စောင့်ရှောက်ပေးနေမှု မှတ်တမ်းတွေကတော့  ၂၀၂၃  ခုနှစ် ဇန်နဝါရီ  ၁၈ ရက်ကနေ ဖေဖော်ဝါရီ  ၁၂ ရက်ထိ ဧရာဝတီတိုင်းဒေသကြီး  ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိကျေးရွာများမှ ဒေသခံပြည်သူ လူထုပေါင်း ၂၁၃၀၀  ဦးအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေကို သူတို့အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါပြီ။ ကျန်းမာရေး စောင့်ရှောက်မှုတွေ အနေနဲ့ကတော့ ဆေးကုသမှုတွေ၊ ခွဲစိတ်ကုသမှုတွေ၊ သားဖွားမီးယပ်လုပ်ငန်းတွေ၊ ကလေးရောဂါကုသပေးမှုတွေ၊ အရိုးရောဂါ ကုသပေးမှုတွေ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါတွေ၊  မျက်စိရောဂါတွေ၊ သွားရောဂါတွေ၊ ဓာတ်မှန်ရိုက်လူနာတွေ၊  ဓာတ်ခွဲစမ်းသပ်လူနာ တွေအတွက် ကြိုးစားပမ်းစား ဆောင်ရွက်ပေးနိုင်ခဲ့တယ်ဆိုတာ သတင်းထုတ်ပြန်ချက်တွေမှာ အားလုံး သိမြင်နိုင်ပါတယ်။  ဒါ့အပြင်  ဆေးရုံတက်ရောက် ကုသဖို့လိုအပ်တဲ့ ပြည်သူတွေအတွက်လည်း ရန်ကုန်မြို့ တပ်မတော်ဆေးရုံနဲ့  ပုသိမ်မြို့က နယ်မြေခံဆေးတပ်ရင်းမှာ တက်ရောက်ကုသနိုင်ဖို့ စီစဉ်ပေးပါသေးတယ်။

မြစ်ကမ်းနဖူးလေးတွေ၊ ချောင်းကမ်းနားလေးတွေမှာ နေထိုင်ကြတဲ့ တောသူတောင်သား  ပြည်သူတွေအတွက် ဒီလိုကျန်းမာရေး စောင့်ရှောက်ပေးမှုကြီးဟာ သူတို့လူနေမှုဘဝ ရပ်တည်ရှင်သန်ရေးမှာ အားတစ်ခု ဖြစ်စေမှာပါ။ မြို့နေပြည်သူ တစ်ဦးအတွက် နီးစပ်ရာ ဆေးခန်းကြီးတစ်ခု၊   ဆေးရုံတစ်ခုမှာ  ကုသဖို့ လွယ်သလောက် အချို့ကျေးလက်တွေမှာ လွယ်ပါ့မလား၊ တွေးကြည့်ရင် မှန်းဆနိုင်ပါတယ်။ ဆေးရုံရေယာဉ်(ရွှေပုဇွန်)ပေါ်က အောင်မြင်မှုလေးနဲ့ နာမည်လှလှလေး တစ်ခုဖြစ်ပေါ်လာပုံကို ဆက်ကြပါဦးစို့။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှာတော့ ဆေးရုံရေယာဉ်(ရွှေပုဇွန်)နဲ့ မြစ်ရေယာဉ်(စကု)ဟာ လပွတ္တာမြို့နယ် ဘီတွတ်ကျေးရွာကို ရောက်ရှိခဲ့ပါတယ်။ ထုံးစံအတိုင်း ဒေသခံပြည်သူတွေကို သူတို့ရဲ့ ကျန်းမာရေး ကုသစောင့်ရှောက်မှုတွေကို လုပ်နေမှာပေါ့။ ဒေသခံ ပြည်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ လပွတ္တာမြို့နယ် မြစ်ပေါက်ကျေးရွာအုပ်စု ဒေါင့်ချောင်း ကျေးရွာက ဦးကျော်ကျော်ရဲ့ဇနီးဖြစ်သူ ဒေါ်စနေမဟာ မီးဖွားဖို့သူတို့ဆီ ရောက်ခဲ့ပါတယ်။ အဲ့ဒီနေ့ မွန်းတည့် ၁၂ နာရီ ၅ မိနစ်မှာပဲ တပ်မတော်သား သားဖွားမီးယပ် ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ သူတို့ဇနီးမောင်နှံအတွက် သမီးလေး တစ်ယောက်ကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။ ဆေးရုံရေယာဉ်(ရွှေပုဇွန်)ပေါ်မှာ  အူဝဲသံစခဲ့တဲ့  သမီးလေးကို  မိုးရွှေဇွန် လို့တောင် အမည်ကင်ပွန်း တပ်လိုက်သေးတယ်ဆိုပဲ။

သူ့ဘဝစခဲ့တဲ့ ရေယာဉ်(ရွှေပုဇွန်)နဲ့ နာမည်လေး ဆင်တဲ့    သမီးလေး မိုးရွှေဇွန်ကို    ကာကွယ်ရေး ဦးစီးချုပ်(ရေ)က  ထောက်ပံ့ငွေနဲ့ လက်ဆောင် ပစ္စည်းများလည်း   ပေးအပ်လိုက်ပါသေးတယ်။ ဘယ်လောက်တောင်   မင်္ဂလာရှိလိုက်ပါဘိဗျာ။ တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)ရဲ့ ၂၀၁၃ ခုနှစ်မှစတင်တဲ့ ဆေးကုသပေးမှု မှတ်တမ်းမှာဆိုရင်  ဒေါ့ချောင်းရွာသူ  သမီးလေး  မိုးရွှေဇွန် အပါအဝင် ၂၆ ဦးမြောက်ထိ အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ခရီးစဉ်မှာဆိုရင် ကိုယ်ဝန်ဆောင်မိခင် နှစ်ဦးထိ မွေးဖွားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့တပ်မတော်ဟာ  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် အမြဲတာဝန် ကျေပွန်နေဆဲပါပဲ။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်မှာ ပြန်ကြည့်မယ် ဆိုလည်း  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ခုနှစ်  အခန်း(၇) ပုဒ်မ ၃၄၁ အရ “နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည်” ဆိုပြီး  အတိအလင်း ထုတ်ပြန်ထားတာကိုလည်း တွေ့ရမှာပါ။ ဒီနေရာမှာ စာရေးသူ အတွေးစက    နိုင်ငံသားများအတွက်  ဘေးအန္တရာယ်များ ကျရောက်လာလျှင် ဆိုတဲ့ အတွေးပါပဲ။ တပ်မတော်ဆိုတာ နိုင်ငံတော်နဲ့နိုင်ငံသားတွေအတွက် ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့   အဓိက အဖွဲ့အစည်းပါပဲ။ ကာကွယ်ရေး တာဝန်ဆိုတာဟာ  လက်နက်ကိုင် ကာကွယ်တာ တစ်ခုတည်း မဟုတ်ပါဘူး။ လက်နက်မကိုင်ဘဲ   ကာကွယ်ရတဲ့   နိုင်ငံသားတွေအပေါ် ကျရောက်စေနိုင်တဲ့ ဘေးအန္တရာယ်တွေက အများကြီးပါ။ လေးလေးနက်နက်တွေးမြင် နားလည်နိုင်လေလေ စေတနာနဲ့ အမှန်တရားကို သိရှိလေလေပဲ ဆိုတာကို တခုတ်တရ မျှဝေပေးပါရစေ။

မြန်မာ့တပ်မတော်   ဆေးဝန်ထမ်း တပ်ဖွဲ့ရဲ့ ဒေသခံပြည်သူတွေအပေါ် ကျန်းမာရေး စောင့်ရှောက်ပေးခဲ့မှု   သမိုင်းကို  ပြန်ကြည့်မယ်ဆိုရင်လည်း အတိတ်စာမျက်နှာ တစ်ခုဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရခေတ် ကတည်းက  စတင်ခဲ့တာကို မှတ်သားရပြန်ပါတယ်။ တပ်မတော်ဆေးရုံကြီးက ဆေးတပ်ဖွဲ့ဝင်တွေဟာ ရန်ကုန်တိုင်းဒေသကြီး အတွင်း ပျိုးကြဲ၊ စပါးစိုက်ချိန်တိုင်းမှာ ပြုလုပ်တဲ့ မြစိမ်းရောင်စစ်ဆင်ရေး၊   စပါးရိတ်သိမ်းချိန်မှာ ပြုလုပ်တဲ့ ရွှေဝါမြေ စစ်ဆင်ရေးများမှာ လိုက်ပါခဲ့တယ်။ ဒေသခံတောင်သူဦးကြီးများနဲ့ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုတွေပေးခဲ့တယ်။

တပ်မတော်ဆေးရုံကြီး(မင်္ဂလာဒုံ)နဲ့  တပ်မတော်ဆေးရုံ(ခုတင်-၃၀၀)  ရန်ကုန်က   ပါရဂူများ အဖွဲ့ဟာ ခရမ်း၊ သုံးခွ၊ ကျောက်တန်း၊ ကော့မှူး၊  တိုက်ကြီး၊  ထန်းတပင်၊  လှည်းကူးမြို့နယ်များကို သွားရောက်ခဲ့တယ်။ အထက်တန်းကျောင်းကြီးတွေမှာ အခြေချပြီး ပြင်ပလူနာဌာနတွေ ဖွင့်လှစ်ပြီး ဒေသခံပြည်သူတွေအတွက်  ဆေးကုသမှုတွေ  လုပ်ပေးခဲ့တယ်။ ဆေးရုံတင်ဖို့ လိုအပ်တဲ့လူနာတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆေးရုံတင်ကုသပေးခြင်းတွေ၊ ခွဲစိတ်ကုသမှုတွေ လုပ်ပေးခဲ့ကြတယ်။  ပြင်ဦးလွင်မြို့ရှိ  အခြေချစစ်ဆေးရုံ (ခုတင်-၇၀၀)က  ပါရဂူ၊ ဆေးမှူးများနဲ့ ဆေးတပ်ဖွဲ့ဝင်တွေဟာ  အနီးဝန်းကျင်က ဝက်ဝံ၊ အနီးစခန်း၊ သံတောင်၊ မိုးကြိုးပစ်၊ ငါးရံ့ချောင်း၊ နွယ်ခွေ၊ ဘန့်ဘွေးနဲ့ပြင်စာ ကျေးရွာတွေမှာ    သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၊ တိုင်းပြည်သူ့ကောင်စီတို့နဲ့    ပူးပေါင်းပြီး ကျန်းမာရေး စောင့်ရှောက်ပေးမှုတွေ ဆောင်ရွက်ပေးခဲ့တယ်ဆိုတာကို သမိုင်းဆိုတဲ့စာမျက်နှာမှာ ရှိခဲ့ပြီးသားပါ။

သည်လိုဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသနှင့် မြစ်ကြောင်းတစ်လျှောက်ရှိ  ဆေးကုသရန် ခက်ခဲသည့်  ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုတော့ တပ်မတော်ဟာ ၂၀၁၃ ခုနှစ်မှစတင်ခဲ့ပြီး ယခုနှစ်ထိဆိုရင်  (၁၇)ကြိမ်မြောက်ခဲ့ပါပြီ။ (၁၇)ကြိမ်မြောက်ထိ  ဒေသခံပြည်သူပေါင်း ၁၆၄၈၀၇ ဦးအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်ခဲ့ပါပြီ။

ခေတ်စနစ်တွေ အလီလီပြောင်းရွှေ့လာလေလေ နည်းစနစ်တွေဟာလည်း တိုးတက် လာလေလေပါပဲ။ တပ်မတော်ဟာ ခေတ်မီတပ်မတော် တစ်ရပ်ဖြစ်လာတာနဲ့အမျှ ကာကွယ်ရေး လုပ်ငန်းစဉ်နဲ့ ကာကွယ်ရေး နည်းစနစ်တွေဟာ တပ်မတော်သား မိသားစုတွေအတွက်သာမက     တိုင်းရင်းသား ပြည်သူတွေအတွက် ပိုမိုပြည့်စုံလာတာဖြစ်ပါတယ်။ တပ်မတော်တစ်ရပ် ပိုမိုကျစ်လျစ်ခိုင်မာလာမှုဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း  မှီတင်းနေထိုင်ကြကုန်သော နိုင်ငံသူ၊  နိုင်ငံသားများ အတွက်ပဲဆိုတာကို မြေကြီးလက်ခတ်မလွဲ ယုံကြည်ထားစေချင်ပါတယ်။ ကဲပါဗျာ။ အခုတော့   မြစ်မင်းအဏ္ဏဝါ ဧရာဝတီကမ်းခြေက ပြည်သူတွေအတွက် အာရောဂျံ ပရမံလာဘံ ဖြစ်စေဖို့   ဥသြသံလေး တဆာဆာနဲ့ ဆေးရုံရေယာဉ် (ရွှေပုဇွန်)နဲ့မြစ်ရေယာဉ်(စကု)တို့ကတော့ မြစ်ဧရာရေယာဉ်ကြောမှာ စုန်ဆန်မျှောလို့  ဧရာဝတီတိုင်း ဒေသကြီးအတွင်းက ဒေသခံပြည်သူတွေရဲ့    ကျန်းမာရေးကို အောင်မြင်စွာ စောင့်ရှောက်ပေးနိုင်ခဲ့ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။   ။

မှီငြမ်းကိုးကားချက်-

-“တပ်မတော်ဆေးတပ်ဖွဲ့သမိုင်း”

-“၁၄.၁.၂၀၂၃ ရက် မြဝတီသတင်းစာပါ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဝေးလံခေါင် ဖျား၍  လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မြို့နယ်၊ တိုက်နယ်ဆေးရုံများတွင်  တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သား ဆရာဝန်များအား ဂုဏ်ပြုပွဲ အခမ်းအနားမိန့်ခွန်း”

-“၂၀၂၃ ခုနှစ် ဇန်နဝါရီ   ၁၇  ရက်မှ ဖေဖော်ဝါရီ   ၁၅  ရက်ထိ   မြဝတီသတင်းစာပါ ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့၏ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်  ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု သတင်းမှတ်တမ်းများ”