စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၆၄)

Wuhan   မြို့မှာဆိုရင် လူ ၈ သန်းလောက်ရဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေ ရေမြုပ်နေခဲ့တာ သုံးလလောက်တောင် ကြာပါတယ်။ ယနေ့ ရန်ကုန်မြို့ပြ လူဦးရေထက်များတဲ့ ဦးရေပါ။

၁၉၉၈ ခုနှစ်မှာ နောက်တစ်ကြိမ် (၄၄ နှစ်အကွာ) အကြီးအကျယ် ရေကြီးပြန်တယ်။ လူ ၂ သန်းခွဲလောက် ဘေးသင့်ပြန်တယ်။ ဒီထဲက ၁၅၀၀ ကျော်က ရေနဲ့အတူ အသက်ပျောက်ခဲ့ရတယ်။ နောက်တစ်ကြိမ် ၂၀၀၉ ခုနှစ်မှာ ထပ်ဖြစ်တော့ ကံကောင်းသွားတယ်။ ကြိုတင်စီမံလိုက်မိတဲ့ မြစ်ကျဉ်းသုံးသွယ်တမံ (Three Gorges)ရဲ့ အကျိုးကျေးဇူးကြောင့် လူတွေလုံးဝထိခိုက်မှုမရှိလိုက်ကြဘူး။ အချို့ဒေသခံတွေဆိုရင် သိတောင် မသိလိုက်ပါဘူး။ ၂၀၁၀ ပြည့်နှစ်မှာလည်း ၂၀၀၉ ခုနှစ်လိုပဲ ဆက်တိုက်ရေကြီးပြန်တယ်။ တည်ဆောက်ထားတဲ့ ဧရာမတမံထဲမှာ ၂၄ နာရီအတွင်း  ရေ ၁၀ ပေလောက်  မြင့်တက်ခဲ့တယ်။ ဒီပမာဏဟာ တမံမရှိခဲ့လို့ တိုက်ရိုက်သာစီးသွားခဲ့ရင်   အောက်ကမြို့တွေရဲ့ဒုက္ခက  နှစ်နှစ်ဆက်တိုက် ရေဘေးကြုံမှာဖြစ်လို့ အသေအပျောက်ဆုံးရှုံးမှုဟာ သေးမှာမဟုတ်ပါဘူး။ ၂၀၀၉ ခုနှစ်မှာရော ၂၀၁၀ ပြည့်နှစ်မှာပါ နှစ်နှစ်ဆက်တိုက် ရေကြီးမှုဖြစ်လာတာမျိုးကို    ဘယ်သူမှမျှော်လင့်မထားလောက်ပါဘူး။ ဒီလိုသာ ဆက်တိုက်ရေကြီး တာခံနေရရင် မြစ်ကမ်းဘေးက မြို့တွေမှာ နေဖို့တောင်မသင့်တော့ဘူးလို့ ပြောလာကြတော့မှာပါ။ အုပ်ချုပ်သူတွေကို ခေါင်းခဲစေမှာကတော့ သေချာပါတယ်။ ဒီအချိန်မှာ  မြို့တွေကို နေရာ ရွှေ့မလား၊ နှစ်စဉ် ကယ်ဆယ်ရေးပဲ လုပ်နေကြတော့မှာလား၊ ကြိုတင်ကာကွယ်မှာလားဆိုတာ     မေးစရာမေးခွန်း   ၃ ခုဖြစ်လာခဲ့တယ်။

အုပ်ချုပ်သူများရဲ့ ဆင်ခြင်ဉာဏ်ပေါ်မှာသာ မူတည်တော့မှာပါ။ ဘယ်ကိစ္စမျိုးတွေအတွက် ဘာတွေကြို လုပ်ထားကြရင် ကောင်းမလဲဆိုတာ အုပ်ချုပ်သူတွေ နှစ်ပေါင်းမြောက်မြားစွာ ကြိုတင်စဉ်းစားထားရမယ့် ကိစ္စမျိုးတွေပါ။  သဘာဝဘေးအန္တရာယ်ဖြစ်တော့မှ လူမှုဝန်ထမ်းအလုပ်တွေလုပ်ပြီး ကယ်ဆယ်ရေး စခန်းတွေဖွင့်ကြ၊ ငွေကြေးတွေထောက်ပံ့ကြ၊ ထမင်းထုပ်တွေဝေကြ လုပ်နေကြတယ်ဆိုတာဟာ နှစ်စဉ်နှစ်တိုင်းသာ ဒီလိုဖြစ်နေရင် တစ်ခုခုတော့ ဆုံးဖြတ်ရတော့မှာပါ။  မိမိကြိုတင်စီမံခန့်ခွဲလို့ရတဲ့ အတိုင်းအတာ ကျော်နေတဲ့ ကြိုမမြင်နိုင်တဲ့ ဘေးအန္တရာယ်ဆိုရင်တော့ တစ်မျိုးပေါ့၊  ဥပမာ ငလျင်လှုပ်တာမျိုးပေါ့။  ဆူနာမီလို   နည်းနည်းပဲအချိန်ကြိုသိခဲ့ရင်တောင် ကြိုတင်သတိပေးအချက်ပြတွေ၊ ကြိုတင်ပြောင်းရွှေ့ တာတွေနဲ့ စီမံနိုင်ကြသေးတာပဲ။ ဒီလိုကြီးမားပြီး မကြာခဏကြုံတွေ့နိုင်တဲ့ ရေကြီးရေလျှံမှုတွေကို   နှစ်ပေါင်းများစွာ   ကြိုတင်သိနိုင်ကြပါလျက် ဘာကြောင့်ကြိုတင်မစီမံနိုင်ကြရမှာလဲ။

ရေကြီးရေလျှံဖြစ်တာတွေ သက်သာစေဖို့    စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် အထက်ပေါင်းလောင်း၊ ပေါင်းလောင်း၊ ဆင်သေ၊ ဆွာ၊ ငလိုက်၊ ခပေါင်း၊ ကွန်း၊ ဖြူး၊ ရဲနွယ်၊ ဘိုင်းဒါး၊ ရွှေကျင် စတဲ့ချောင်းတွေမှာ ဆည်တာတမံတွေ အစီအရီဆောင်ရွက်ခဲ့လို့ သဘာဝဘေးသက်သာခဲ့တာကို နမူနာပြနိုင်ပါတယ်။ ပဲခူးမြို့ဆိုရင်လည်း ဇောင်းတူတမံလုပ်ပြီးနောက်မှာ သိသိသာသာ ရေဘေးဒုက္ခသက်သာခဲ့တာလည်း လက်တွေ့ပါပဲ။ ဖော်ပြခဲ့တဲ့တမံတွေ မတည်ဆောက်မီက ပဲခူးတိုင်း အရှေ့ခြမ်းတစ်ခုလုံးလိုလို ရန်ကုန်-မန္တလေးရထားလမ်း၊ ကားလမ်းမှာ နှစ်စဉ် ရေကျော်နေခဲ့တာလည်း မျက်မြင်ပါပဲ။

ယမ်စီကိုကြံစည်ကြပြီ

ယမ်စီမြစ်ကြီးကို   အကျိုးရှိအောင်သုံးဖို့၊ ဘေးအန္တရာယ်ကာကွယ်ဖို့ ဆိုတဲ့ရည်မှန်းချက်ကို ၁၉၃၂ ခုနှစ်ကတည်းက ထိုစဉ်က ခေါင်းဆောင်ကြီး ချန်ကေရှိတ် (Chiang Kai-Shek) က မြင်ခဲ့ပါတယ်။ တိုင်းတာမှုတွေ စခဲ့ပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။ သို့သော်  ဂျပန်နဲ့စစ်ဖြစ်နေတဲ့ကာလဖြစ်လို့  ခရီးမတွင်ပါဘူး။ ဂျပန်လက်အောက်ကို ရောက်သွားတဲ့အချိန် ၁၉၃၉ ခုနှစ်မှာ ဂျပန်ပညာရှင်တွေကလည်း ဒီမြစ်

ကြီးကို ဘယ်လိုအကျိုးရှိအောင်သုံးမလဲ၊ အန္တရာယ်ဘယ်လိုကာကွယ်မလဲဆိုပြီး   လေ့လာပါတော့တယ်။   ဂျပန်တွေအုပ်ချုပ်တဲ့ကာလမှာ စူးစမ်းလေ့လာမှု အစီရင်ခံစာတစ်စောင်ပြုစုခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်ကလည်း ၁၉၄၄ ခုနှစ်မှာ အကျပ်အတည်းတွေ စပြီးရင်ဆိုင်နေရလို့ ရှေ့ကို ခရီးမဆက်နိုင်တော့ပါဘူး။ ဒီနေရာမှာ အမေရိကန်ပညာရှင်အဖွဲ့ဖြစ်တဲ့ USBR (United States Bureau of Reclamation) ဆိုတဲ့   ကမ္ဘာ့နာမည်ကြီးအင်ဂျင်နီယာအဖွဲ့အစည်းက   Mr.John L. Sauage က ထပ်ပြီးအသေးစိတ် လေ့လာပါတယ်။ တရုတ်ပညာရှင် ၅၄ ဦးကို အမေရိကန်ထိခေါ်သွားပြီး အသေးစိတ် ပူးပေါင်းလေ့လာပါတယ်။ ဒီနောက်တော့ ပြည်တွင်းစစ်တွေဖြစ်နေတော့ ဘာမှဆက်လုပ်လို့မရခဲ့ပါဘူး။

မော်စီတုံးလာပြီ

 ၁၉၄၉   ခုနှစ်   မော်စီတုံး (Mao Zedong) ဟာ  ချန်ကေရှိတ်ကို စစ်အောင်နိုင်ပြီး တရုတ်ပြည်ကို ကွန်မြူနစ် နိုင်ငံတော်အဖြစ် စတင်တည်ထောင်နိုင်ခဲ့ပါတယ်။ ဒီကာလမှာလည်း စစ်ဒဏ်ကို အကြီးအကျယ်ခံထားရတော့ စိတ်သာရှိပြီး စီမံကိန်းတွေလုပ်စရာငွေမရှိဖြစ်နေပါတယ်။ အသေးအမွှားတွေလောက်ပဲ လူအားနဲ့ အဓိကလုပ်နေကြပေမယ့် ယမ်စီကိုတော့ ဒီလိုစဉ်းစားလို့မရပါဘူး။ ဒီလိုနဲ့ အကြံအိုက်နေစဉ်မှာ ၁၉၅၄ ခုနှစ် ယမ်စီမြစ် အကြီးအကျယ်ရေကြီးပါတော့တယ်။ အထက်မှာပြောခဲ့သလို ဒုက္ခတွေ တောင်လိုယာလို ပုံသွားခဲ့ပါတယ်။ ဒီဒုက္ခတွေကို မော်စီတုံးဟာ ကိုယ်တိုင်တွေ့ထိ မခံစားမီ ၁၉၅၂ ခုနှစ်မှာ ချန်းရှာလို့ အမည်ပေးထားတဲ့ ကဗျာတစ်ပုဒ်နဲ့ မြစ်တွေကို အန်တုမယ်ဆိုပြီး ရေးစပ်ခဲ့တယ်။        

                          ဆက်လက်ဖော်ပြပါမည်။