ပါရာဂွေးအမျိုးသမီးအသင်းကိုအနိုင်ရရှိပြီး ပနားမားအမျိုးသမီးအသင်း ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ရောက်ခွင့်ရရှိ
၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိမည့် ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် တောင်အမေရိကမှ ပါရာဂွေးအမျိုးသမီးအသင်းနှင့် ကွန်ကာကပ်ဇုန်မှ ပနားမားအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပနားမားအမျိုးသမီးအသင်းက ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံး အပြန်အလှန်ဖိအား ပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့သော်လည်း ပွဲချိန် ၇၅ မိနစ်တွင် စီဒီနို၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် ပနားမားအမျိုးသမီးအသင်းအနိုင်ရရှိပြီး ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
ပနားမားအမျိုးသမီးအသင်းသည် ခြေစစ်ပွဲအောင်မြင်သည့်အတွက် ပြိုင်ပွဲတွင် အုပ်စု (F) ၌ တောင်အမေရိကထိပ်သီး ဘရာဇီးအမျိုးသမီးအသင်း၊ ဥရောပ ထိပ်သီး ပြင်သစ်အမျိုးသမီးအသင်း၊ ဂျမေကာအမျိုးသမီးအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇူလိုင် ၂၄ ရက်တွင် ဘရာဇီးအမျိုးသမီးအသင်းနှင့်စတင်ကစားရမည်ဖြစ်သည်။
၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို နယူးဇီလန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်မှစတင်ကာ သြဂုတ် ၂၀ ရက်အထိ စုစုပေါင်းပြိုင်ပွဲဝင်အသင်း ၃၂ သင်းဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Ref;Fotmob.com