နိုင်ငံရေးပါတီများဖွဲ့စည်းတည်ထောင်ကြရာဝယ်

နိုင်ငံရေးပါတီများဖွဲ့စည်းတည်ထောင်ကြရာဝယ်

နိုင်ငံရေးပါတီဆိုသည်မှာ  စစ်မှန်၍စည်းကမ်းပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်လက်ခံ၍ နိုင်ငံရေးဝါဒ  သဘောတရားတစ်ရပ်အပေါ်တွင်အခြေခံပြီး မိမိတို့၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကော်မရှင်က တည်ထောင်ခွင့်ပြုထားသောအဖွဲ့အစည်းကိုဆိုသည်။ တစ်နည်းအားဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အရွယ်ရောက်ပြီးသားနိုင်ငံသားအများစု သို့မဟုတ် အားလုံးကိုစည်းရုံး လှုံ့ဆော်ခြင်းအားဖြင့် သက်ဆိုင်ရာအဖွဲ့အစည်း၏ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်များအား ပြည်သူ့ထောက်ခံမဲဖြင့်   နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နိုင်ခွင့်ရလာစေရန် ကြိုးပမ်းဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်ပါသည်။  နိုင်ငံရေးပါတီ၏အခြားလုပ်ငန်းများအနက်  သဘောတရားရေးသင်တန်းပေးခြင်း  သို့မဟုတ်  နိုင်ငံရေးဝါဒသဘောတရားနှင့် လုပ်ငန်းစဉ်များ ပါဝင်သည့် ပါတီစည်းမျဉ်းနှင့်  ဖွဲ့စည်းပုံတို့ ဆောင်ရွက်ခြင်းလည်း ပါဝင်သည်။ ယေဘုယျအားဖြင့် နိုင်ငံရေးပါတီများတွင် တိကျပြတ်သားသော ခေါင်းဆောင်မှု၊ အဖွဲ့အစည်းပုံသဏ္ဌာန်၊ နိုင်ငံရေးသဘောတရား   သို့မဟုတ် လမ်းစဉ်တို့တည်ရှိသောကြောင့် စနစ်ကျနသောအဖွဲ့အစည်းများဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက် ထားရှိသော၊ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေသော၊ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးသော နိုင်ငံရေးပါတီများဖွဲ့စည်းနိုင်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

 လက်ရှိတည်ရှိနေသော   နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ   ဥပဒေပြဋ္ဌာန်းသည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း  ဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရပါမည်။ လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက်ပျက်ပြယ်ပါမည်။ နိုင်ငံရေးပါတီအသစ်  စတင်တည်ထောင်မည့်ပုဂ္ဂိုလ်များအနေဖြင့်လည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ပါတီတည်ထောင်ခွင့်နှင့် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားကြရမည်ဖြစ်သည်။

ပါတီဝင်အင်အားနှင့်စပ်လျဉ်း၍ ယခင်ဥပဒေတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစတင်၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အား ၁၀၀၀၊ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်အင်အား  ၅၀၀  စည်းရုံးရန်ဖြစ်သည်။ ယခုဥပဒေအသစ်တွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီဖြစ်ပါက   မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှ စတင်၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အား တစ်သိန်း၊ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်အင်အား ၁၀၀၀    စည်းရုံးရန်ဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီအတွက်   ပါတီဝင်အင်အား တစ်သိန်းဆိုသည်မှာ  မြို့နယ် ၃၃၀ အတွက် တစ်မြို့နယ်လျှင် ပျမ်းမျှ ၃၀၃ ဦးသာ စည်းရုံးရမည့် သဘောဖြစ်ပြီး  တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်အင်အား ၁၀၀၀ ဆိုသည်မှာ ကယား၊ ကရင်၊ ချင်းပြည်နယ်ကဲ့သို့    လူဦးရေနည်းပါးသည့်ပြည်နယ်များရှိ တိုင်းရင်းသားပါတီများအတွက် သင့်လျော်သော အရေအတွက်ဖြစ်သည်။

ပါတီရန်ပုံငွေစာရင်းနှင့်စပ်လျဉ်း၍ ယခင်ဥပဒေတွင်ထားရှိရမည့်ပါတီရန်ပုံငွေ သတ်မှတ်ချက်မပါရှိသော်လည်း ယခုဥပဒေတွင်  နိုင်ငံရေးပါတီများအနေဖြင့် ပါတီရန်ပုံငွေစုဆောင်းမှုနှင့်သုံးစွဲမှု စနစ်တကျဖြစ်စေရန်၊   စနစ်တကျစစ်ဆေး ခံနိုင်ရန်တို့အတွက် ပါတီတည်ထောင်ခွင့်လျှောက်ထားရာတွင်- ပြည်ထောင်စု တစ်ဝန်းလုံးတွင်   စည်းရုံးမည့်ပါတီဖြစ်ပါက    ပါတီရန်ပုံငွေကျပ်သိန်း   ၁၀၀၀ ကို လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ  စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေကျပ်သိန်း ၁၀၀ ကိုလည်းကောင်း မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုတွင်  ငွေစာရင်းဖွင့်လှစ်ပြီးကြောင်း အထောက်အထားနှင့်အတူ တင်ပြရန်ကို တွေ့ရှိရသည်။

ပါတီရုံးခန်းများ   ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ  အဆင့်ဆင့်က သက်ဆိုင်ရာ ပါတီများကို ကြီးကြပ်ရန်နှင့်  အဆင်ပြေစွာဆက်သွယ်ဆောင်ရွက်နိုင်ရန်၊ ပါတီများအနေဖြင့်လည်း ပါတီလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန်တို့အတွက်  ပါတီရုံးခန်းများဖွင့်လှစ်ရန်  လိုအပ်သည်။ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးမည်ဖြစ်ပါ၍ မဲဆန္ဒနယ်များကို PR စနစ်ဖြင့် လိုက်လျောညီထွေဖြစ်အောင် သတ်မှတ်ရမည်ဖြစ်ပါသည်။ PR စနစ်ဖြစ်သည့်အတွက် ယခင်မဲဆန္ဒနယ်များ လျော့နည်းသွားမည်ဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီအနေဖြင့် မဲဆန္ဒနယ်ထက်ဝက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းတို့ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်မှ ကော်မရှင်အဖွဲ့ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်ရန်အတွက် ပါတီရုံးခန်းများကို မဖြစ်မနေဖွင့်လှစ်ရမည် ဖြစ်ပါသည်။  ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်လျှင် မြို့နယ်အားလုံး၏ထက်ဝက်တွင် ပါတီရုံးခန်းဖွင့်လှစ်ရမည်ဖြစ်သဖြင့်  မြို့နယ် ၃၃၀ ၏ထက်ဝက် ၁၆၅ မြို့နယ်တွင်  ပါတီရုံးခန်းဖွင့်လှစ်ရန် လိုအပ်မည်ဖြစ်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်တစ်ခု အတွင်း၌ စည်းရုံးမည့်ပါတီဖြစ်လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အတွင်း မြို့နယ် ငါးမြို့နယ်တွင် ပါတီရုံးခန်းများ ဖွင့်လှစ်ရမည်ဖြစ်သည်။

ယခင်ဥပဒေတွင် အနည်းဆုံးမဲဆန္ဒနယ် သုံးနယ်ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုပါက   ပါတီဖျက်သိမ်းခံရမည် ဖြစ်သည်။    ယခုပြောင်းလဲကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ပွဲကျင်းပသည့်အခါ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီများက မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်တွင် လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မဲဆန္ဒနယ်တစ်နယ်တွင်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ပြဋ္ဌာန်းထားသည်။ 

နိုင်ငံရေးပါတီများအနေဖြင့် ပါတီတည်ထောင်ရခြင်း ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ရရှိပြီး ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်ရန်အတွက်ဖြစ်သည်။ ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ    စည်းရုံးမည့် ပါတီများအလိုက်  ရွေးကောက်ပွဲတွင် ထိုက်သင့်သည့်ကိုယ်စားလှယ်လောင်းအရေအတွက် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

အချုပ်ဆိုရလျှင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီများအနေဖြင့် ပါတီရန်ပုံငွေကျပ်သိန်း ၁၀၀၀ ရှိရမည့်အပြင် ပါတီထူထောင်ရန် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစတင်၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အား တစ်သိန်းစုဆောင်းရန်နှင့် ရက်ပေါင်း ၁၈၀ အတွင်း ပါတီရုံးခန်းကို မြို့နယ်အားလုံး၏ အနည်းဆုံးထက်ဝက်ဖြစ်သည့် ၁၆၅ ရုံးဖွင့်လှစ်ရမည်ဖြစ်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုတွင် စည်းရုံးမည့်ပါတီများသည် ပါတီရန်ပုံငွေကျပ် သိန်း ၁၀၀ နှင့် ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစတင်၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ နှင့်ပါတီရုံးခန်း ၅ ရုံးဖွင့်လှစ်ရမည်ဖြစ်သည်။ ပါတီများထူထောင်ရာတွင် နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက်  လွှတ်တော်အသီးသီးနှင့် အစိုးရအဖွဲ့များတွင် မိမိတို့ကိုထောက်ခံသည့် ဆန္ဒမဲများအရ ကိုယ်စားလှယ်များပါဝင်လာနိုင်သည်ကို လေ့လာတွေ့ရှိရသည်။

တိုင်းရင်းသားလူမျိုးအမည်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့်နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စု တစ်ဝန်းလုံးအတွက် စည်းရုံးမည့်ပါတီ ၃၂ ပါတီ၊ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း၌ စည်းရုံးမည့်ပါတီ ၁၇ ပါတီ စုစုပေါင်း ၄၉ ပါတီရှိသည်။ တိုင်းဒေသကြီး/ပြည်နယ်အတွင်းစည်းရုံးမည့် တိုင်းရင်းသားလူမျိုးနိုင်ငံရေး ပါတီများအနေဖြင့် အခြားတိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် တစ်သီးပုဂ္ဂလများအနေဖြင့်လည်း သွားရောက်ယှဉ်ပြိုင်နိုင်ပါသည်။

နိုင်ငံရေးပါတီများအနေဖြင့် ခိုင်မာတောင့်တင်းသောပါတီများအဖြစ်ဖွဲ့စည်းနိုင်ရန် မူဝါဒတူညီသောပါတီငယ်များ စုစည်း၍ ယခုထက်ပိုမိုကျစ်လျစ်ခိုင်မာစွာ ပေါင်းစပ်ဖွဲ့စည်းပြီး ပြည်သူလူထုအတွင်း ကြီးမားကျယ်ပြန့်စွာ စည်းရုံးလျက် စုစုစည်းစည်းခိုင်ခိုင်မာမာဖြင့် ပြည်သူလူထုနှင့် အေးအတူပူအမျှလက်တွဲပြီး  

နိုင်ငံတော်ကို ဦးဆောင်နိုင်ရန်လိုအပ်သည်။ အပြောကောင်းအလုပ်ကောင်း မူဝါဒကောင်းကောင်းဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒီမိုကရေစီစံနှုန်းများနှင့်အညီ  အားကောင်းမောင်းသန်ဆောင်ရွက်ကြစေလိုသည်။

နိုင်ငံရေးပါတီတစ်ခုသည်  အောက်ပါအကြောင်းကိစ္စတစ်ရပ်ရပ်နှင့်ငြိစွန်းလျှင် မှတ်ပုံတင်ခွင့်ကို ပယ်ဖျက်ခံရမည်ဖြစ်သည်ကိုလည်း သတိပြုသင့်ပါသည် -

-        ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေသည့်ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊-          တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကိုထိခိုက်စေသည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊

-        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်  တည်ဆဲဥပဒေများကို လေးစားလိုက်နာမှုမရှိခြင်း၊

-        လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့်ကိုယ်ကျင့်တရားကိုထိခိုက်စေနိုင်သည့်    ရေးသားမှု၊ ဟောပြောမှု၊ စည်းရုံးလှုံ့ဆော်မှုပြုလုပ်ခြင်း၊

-        ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း၊

-        နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ်  ဘာသာရေးအဖွဲ့အစည်း  သို့မဟုတ် အခြားအဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ သြဇာခံပြုသည့် အဖွဲ့အစည်းဖြစ်ကြောင်းတွေ့ရှိခြင်း၊

-        တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ်လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်း အဖြစ်လည်းကောင်း ကြေညာခံရခြင်း၊

-        နိုင်ငံတော်အား  လက်နက်ကိုင်ဆန့်ကျင်နေသော  သောင်းကျန်းသူအဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က  သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ်  မတရားအသင်းအဖြစ်  ကြေညာခံရသောအဖွဲ့အစည်းနှင့်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊

-        နိုင်ငံတော်ပိုင် ငွေကြေး၊ အဆောက်အဦ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲသည့်အဖွဲ့အစည်းဖြစ်ကြောင်းတွေ့ရှိခြင်း၊

နိုင်ငံရေးပါတီတစ်ရပ်သည်    ပြည်ထောင်စုမပြိုကွဲရေး၊    တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို   ဦးတည်ချက်ထားရှိရမည်။   နိုင်ငံတော်၏ ကျေးဇူးသစ္စာကို   စောင့်သိရိုသေရမည်။ ထို့ပြင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံး၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်။ နိုင်ငံရေးပါတီများသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် ဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတစွာ ပါဝင်ယှဉ်ပြိုင်ပြီး နိုင်ငံ့တာဝန်ကိုလွှဲပြောင်းရယူဆောင်ရွက်နိုင်ကြပါစေကြောင်း  ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။  ။   

 

ဦးရွှေဦး