နေပြည်တော်၊ အောက်တိုဘာ - ၂၇
ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေး အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများအား ဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တို့တွင် မြို့နယ်စုစုပေါင်း ၉ မြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် စာသင်တိုက်များနှင့် ဘာသာရေးကျောင်းများ၊ စုစုပေါင်း ၁၁ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများအား လည်းကောင်း၊ မြို့နယ်စုစုပေါင်း ၅၁ မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်စုစုပေါင်း ၁၅၇ ကျောင်းရှိ ဆရာတော် သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများ အားလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ အလိုက် တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းကြသည်။
ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ မြို့နယ်ပေါင်း ၈ မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နှင့် ကယားပြည်နယ် အတွင်းရှိ မြို့နယ်ပေါင်း ၃ မြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၇ မြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၃ မြို့နယ်၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့နှင့် ဝန်းသိုမြို့၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့နှင့် သာယာဝတီမြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ဆရာတော်သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။