ရေယုန်ပေါက်လျှင် သတိထား

ရေယုန်ပေါက်လျှင် သတိထား

   စာရေးသူ ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝက ရေယုန်ပေါက်ဖူးသည်။ မှတ်မှတ်ရရ နှစ်ပတ်ခန့်ကြာသည်ဟု ထင်သည်။ ကျောင်းကင်န်တင်းရှိ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်၊ စမူဆာကြော်စားပြီး နှုတ်ခမ်းထောင့်၌ ဆီပေနေသဖြင့် စားပွဲပေါ်တွင်ချထားသော    လက်သုတ်ပဝါခေါက်ကိုယူပြီး နှုတ်ခမ်းထောင့်ကို ခမ်းကြမ်းကြမ်း သုတ်လိုက်မိသည်။

နောက်တစ်နေ့တွင် စပ်သလိုဖြစ်နေပြီး နောက်တစ်ရက်တွင်   အဖုလေးများ ထွက်လာကာ   နာလာသည်။ ထို့နောက်   အဖုလေးများ ပွားလာတော့မှ   ရေယုန်မှန်းသိသည်။

ကျောင်းစာမေးပွဲနီးချိန်တွင်     ပါးစပ်ထောင့်၌ ရေယုန်ပေါက်သဖြင့် ပါးစပ်ဟ၍ စာကို အသံထွက်ပြီး မကျက်နိုင်ဖြစ်ရသည်။ တိုးတိုးရွတ်ပြီး စိတ်မှပင်ကျက်ရသည်။  အစားအသောက်စားလျှင်လည်း   ပါးစပ်ကောင်းကောင်းမဟနိုင်၊ အစပ်ပါသောအရာ စားမရသဖြင့် အတော်ပင်ဒုက္ခရောက်ခဲ့သည်။

ထိုစဉ်က   မှတ်မှတ်ရရ   ရေယုန်ပျောက်စေရန် ကင်းပုံရွက်အရည် ညှစ်လိမ်းရမည်ဆိုသဖြင့်   လိုက်ရှာရသည်။   တောနယ်တွင်နေစဉ်က  ခြံစည်းရိုးများ၌ အလွန်ပေါသော ကင်းပုံရွက်မှာ ရန်ကုန်မြို့တွင် အလွန်ရှားသည်။ နောက်ဆုံး ထောက်ကြန့်ဘက်ရှိ ခြံတစ်ခြံမှ ရရှိသည်။ ထိုသို့မရရှိမီ  ကြားကာလတွင် သွားတိုက် ဆေးသိပ်လျှင် ပျောက်သည်ဟုပြောသဖြင့် သိပ်လိုက်ရာ ရောင်သွားသဖြင့်  ပို၍ခံရခက်သည်။ မီးသွေးကို ထောင်းပြီး သိပ်ရသည်ဆိုသဖြင့်လည်း     မီးသွေးထောင်း၍ သိပ်ဖူးသည်။

ရေယုန်၏ဒဏ်ချက်မှာ  အလွန်ဆိုးသည်။ အနာကျက်လိုက်၊   အနာဖေးခွာလိုက်၊   ပြန်နာလိုက်ဖြင့် အတော်ပင်ကြာသည်။ နောက်ဆုံး အမာရွတ်ကျန်ခဲ့သည်။   ၁၉၇၄ ခုနှစ်ကပေါက်ခဲ့သော   ရေယုန်၏ အမာရွတ်မှာ ယခုအနှစ်လေးဆယ်ကျော်အထိ နှုတ်ခမ်းထောင့်တွင် အမည်းစက်ကဲ့သို့ ကျန်နေသေးသည်။

တစ်နေ့တည်းမှာပင်   စာရေးသူ၏   ဆေးခန်းသို့ ရေယုန်ပေါက်သူ   နှစ်ဦးလာပြသည်။   ရေယုန်ပြရန် လာခြင်းမဟုတ်။  ရေယုန်က  အင်္ဂလိပ်ဆေးလိမ်း၍ ပျောက်ပြီဖြစ်သည်။ နောက်ဆက်တွဲအဖြစ် အကြောများ နာနေသဖြင့် လာပြခြင်းဖြစ်သည်။

ပထမတစ်ဦးမှာ အသက်ငါးဆယ်ကျော် အမျိုးသား တစ်ဦးဖြစ်သည်။ လွန်ခဲ့သောလက ရေယုန်ပေါက်၍ အင်္ဂလိပ်ဆေးခန်းပြရာ ဆရာဝန်က ဆေးထိုးပေးလိုက်ပြီး ရေယုန်လိမ်းဆေး(ညှစ်ဆေးတောင့်) ပေးသည်။

နှစ်ပတ်အကြာတွင်   လုံးဝပျောက်ကင်းသွားသည်။ သို့သော် ရေယုန်ပေါက်သည့် ညာဘက်ချိုင်းအောက်မှ ရှေ့ရင်ဘတ်တစ်လျှောက်တွင် အမာရွတ်များဖြင့် မည်းနေပြီး ပူနေသလို ခံစားနေရကာ ညဘက်တွင်ပူ၍ အိပ်မပျော်ဟုဆိုသည်။ ညာဘက်လက်မှာလည်း ချိုင်းအောက်တွင် အနာပေါက်ခဲ့သော ဒဏ်ဖြင့် ကောင်းစွာ မြှောက်မရဟုဆိုသည်။

တခြားတစ်ဦးမှာ အသက် ၆၁ နှစ်အရွယ် အငြိမ်းစားဆရာမကြီး တစ်ဦးဖြစ်သည်။  သူဖြစ်နေသည်မှာ ခန္ဓာကိုယ် တစ်ခြမ်းပူ၊  တစ်ခြမ်းအေးဖြစ်နေသည်။ သေချာစွာပြောရလျှင်   ခန္ဓာကိုယ် အပူအအေးမညီ။

ညာဘက်အခြမ်းမှာ အေးနေပြီး ဘယ်ဘက်အခြမ်းမှာ ပူနေသည်။ ညာဘက်အခြမ်းမှာ ချွေးထွက်သည်။ ဘယ်ဘက်အခြမ်းမှာ ချွေးမထွက်ဖြစ်နေသည်။ ထိုချွေးမထွက်သော အခြမ်းမှာ    သူမ၏ အထင်အရ လွန်ခဲ့သောနှစ်နှစ်ခန့်က  ရေယုန်ပေါက်ပြီး နောက်မှဖြစ်လာသည်ဟု ယူဆကြောင်း ပြောသည်။  လွန်ခဲ့သောနှစ်နှစ်ခန့်က ရေယုန်ဘယ်ဘက်ခြမ်း ခါးပတ်ပြီး ပေါက်သဖြင့် အင်္ဂလိပ်ဆေးဖြင့် တစ်လခန့် ကုသခဲ့ရဖူးသည်ဟု ပြောသည်။

ရေယုန်ပေါက်ခြင်းသည် အနောက်တိုင်းဆေးပညာ အရ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သည်။ ဟားပီး (Herpes) ခေါ် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သည်။ သာမန်ရေယုန် (Herpes Simplex) နှင့်  ရေယုန်ကြီး (Herpes Zoster) ဟူ၍ နှစ်မျိုးရှိသည်။ ရေယုန်ကြီးကို မြန်မာ အခေါ် ဆင်ရေယုန်ဟုလည်း ခေါ်သည်။ အရေပြား အောက်မှ ပြန်ရည်ကြော တစ်လျှောက် အမှီပြု၍ ပွား များပြီး အာရုံကြောကိုပါ ထိခိုက်စေနိုင်သော ဗိုင်းရပ်စ် ပိုးမျိုးဖြစ်သည်။

ရေယုန်သည် လေနှင့် နေရောင်ခြည် အထိအတွေ့ နည်းသော ချိုင်းအောက်၊ ရင်ဘတ် စသည့်နေရာများ တွင် ပို၍ပွားလွယ်သည်ကို တွေ့ရသည်။ အထူးသဖြင့် ခါးတွင် ရေယုန်ပတ်ပြီးပေါက်လျှင် သေတတ်သည်ဟု ရှေးလူကြီးများက ပြောကြသည်။ ရေယုန်ပေါက်လျှင်  ပေါ့ပေါ့မနေရန် ပြောခြင်းဖြစ်မည်ထင်သည်။ ခါးပတ်၍ ရေယုန်ပေါက်လျှင် အမှန်ပင်ပျောက်ခဲသည်။

ယခုခေတ်တွင် ခုခံအားကျသည့်ရောဂါ(AIDS)  ဝေဒနာသည်များတွင်  ရေယုန်ကြီးများ ပေါက်သည်ကိုတွေ့ရှိလာရသဖြင့်    ရေယုန်ကြီးဖြစ်သူများကို ဆရာဝန်များက HIVပိုးရှိ၊ မရှိ စစ်ဆေးမှု  ပြုလုပ်သည်ကိုတွေ့ရသည်။

အာယုဗ္ဗေဒဆေးပညာမှ ရေယုန်ရောဂါ အိန္ဒိယနိုင်ငံ၌ ရှေးနှစ်ပေါင်း တစ်ထောင်ကျော်က ပေါ်ပေါက်ခဲ့သော အာယုဗ္ဗေဒဆေးပညာ ကျမ်းများကို လေ့လာကြည့်သောအခါ ရှေးကပင် ရေယုန်ရောဂါနှင့် ကုထုံးများ ရေးသားမှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။

မြန်မာပညာရှင်များသည်  အာယုဗ္ဗေဒဆေးပညာ ကျမ်းများကို ဘိုးတော်ဘုရား လက်ထက်နှင့် မင်းတုန်း မင်းလက်ထက်တို့တွင် သက္ကတစာပေမှ မြန်မာစာပေသို့ ပြန်ဆိုခဲ့ကြသည်။  တချို့တစ်ဝက်ကို ဘာသာပြန်နိုင်ခဲ့သော်လည်း အများ အသုံးပြုနိုင်လောက်အောင် မပြည့်စုံခဲ့ပေ။ ၁၉၆၀ ပြည့်နှစ်ဝန်းကျင်တွင် ရန်ကုန် မြို့၌  အာယုဗ္ဗေဒ ဆေးသိပ္ပံဆရာတော် ခေါ် သိမ်ဖြူ ဆရာတော်နှင့် ဆရာကြီး ဦးတင်ဦး(သီရိပဝရ ဓမ္မာ စရိယ)တို့က ဆက်၍ ဘာသာပြန်ဆိုခဲ့သည်။

အာယုဗ္ဗေဒဆေးပညာ၏ မူလအခြေခံကျမ်းဖြစ် သော အမြိတ္ကသာဂရ ဆေးကျမ်း (၁၉၆၂ ဆရာကြီး ဦးတင်ဦး  သက္ကတမှ ဘာသာပြန်)တွင်  ရောဂါနှင့် ကုထုံးဆိုင်ရာ ကဏ္ဍ ၇၁ ခု ဖော်ပြထားရာ   ရောဂါ ကုထုံး ၆၇ ခုတွင် ရေယုန်နာအကြောင်း ရေးသား ဖော်ပြထားသည်။

ထိုအာယုဗ္ဗေဒကျမ်းတွင် ပိုးရောဂါအကြောင်းကို ဖော်ပြထားပြီး ပိုးမျိုးနှစ်ဆယ်ရှိသည်ကို ပြထားသည်။

၁။ အညစ်အကြေးမှဖြစ်သော ပိုးနှစ်မျိုး၊

၂။ သလိပ်မှဖြစ်သော ပိုးခုနစ်မျိုး၊

၃။ သွေးမှဖြစ်သော ပိုးခြောက်မျိုး၊

၄။ ကျင်ကြီးမှဖြစ်သော ပိုးငါးမျိုး၊

ထိုအထဲတွင် သွေးမှဖြစ်သော ပိုးခြောက်မျိုးမှာ-

၁။ သောရမည်သော ပိုး(အရေပြားပိုး)၊

၂။ မာတုမည်သော ပိုး( ပိုးမကြီး)၊

၃။ ကေသာဒမည်သော ပိုး (ဆန်စားပိုး)၊ 

၄။ ရောမဒ္ဒိပမည်သော ပိုး(မွေးကွက်ပိုး)၊

၅။ ဥဗ္ဘရမည်သော ပိုး(ပိုးသဖန်း)၊

၆။ ရောမဝိဒ္ဓံသမည်သော ပိုး(မွေးကျွတ်ပိုး)။

အထက်ပါပိုးအမျိုးမျိုးတို့တွင်     ရေယုန်သည် (အရေပြားပိုး)တွင် ပါဝင်မည်ဟု ယူဆရသည်။ ထိုပိုး ကြောင့် ခန္ဓာကိုယ်၌ အဖျားရောဂါဖြစ်တတ်၏၊ ခန္ဓာ ကိုယ်အရောင်အသွေးသည် အမျိုးမျိုးဖြစ်၏၊ ဝမ်းဗိုက် ၌  ထိုးကျင်၏၊ နှလုံး၌ နာကျင်၏၊ ပျို့အန်၏၊ မူးေ၀ ၏၊ အစားအစာမစားချင်သော ဝမ်းသက်ရောဂါဖြစ် ၏ စသည်ဖြင့် နောက်ဆက်တွဲရောဂါများကိုပါ ဖော်ပြ ထားသည်ကို တွေ့ရသည်။(ရှေးက ဆေးဆရာများ သည်  ပိုးအကြောင်းကို  မသိဆိုသည်မှာ  မမှန်ကန် ပေ။)

ကျမ်းတွင် ဖော်ပြထားသည်မှာ-

ဝိသပ္ပ-ရေယုန်နာ။    ။  ဆားကို  အစားများခြင်း ကြောင့်လည်းကောင်း၊ အချဉ်ကို အစားများခြင်းကြောင့် လည်းကောင်း၊ ပူသော အစာအာဟာရကို အစားများ  ခြင်းကြောင့် လည်းကောင်း ဝိသပ္ပရောဂါ ခေါ် ရေယုန် နာဖြစ်ပွား၏။  မသင့်တင့်သော အစာတို့ကို  စားခြင်း တို့ကြောင့် လေသည်ဖောက်ပြန်၍ ခန္ဓာကိုယ်၏ များစွာသော နေရာတို့၌ အလုံးများပေါက်၏။  ထို့နောက် အနာလုံးတို့သည်  ပွားများပျံ့နှံ့လာ၏။  ထိုအနာတို့ သည် နာကျင်ကိုက်ခဲ၏။ အလွန်ယား၏။

ဒသင်္ဂလိမ်းဆေး  ။    ။ သနပ်ခါး၊ ကုက္ကိုမြစ်၊ နွယ်ချို၊ နံ့သာနီ၊ ဖာလာစေ့၊ လင်းနေကြီး၊ နနွင်းနှစ်မျိုး(နနွင်းဝါ၊ နနွင်းနက်)၊ ရှဉ့်မတက်၊ ဤအလုံးစုံတို့ကို ရေဖြင့်သွေး၍  ထောပတ်နှင့်လိမ်းကျံပေးခဲ့သော်  အလုံးစုံသော ဝိသပ္ပအနာတို့ ပျောက်ကင်း၏။

နောက်တစ်နည်း ။    ။ ရှမ်းဆေးခါး၊ မုရားကြီးရွက်၊   ကုလားဆောင်းမေးခါး၊    သင်္ဘောပုံလုံရွက်၊ တြိဖိုလ်၊   နံ့သာနီ၊  တမာခေါက်၊  ဤအလုံးစုံသော ဆေးတို့ကို ပြုတ်၍သောက်ခဲ့သော်     ဝိသပ္ပအနာ၊ ပူလောင်သောရောဂါ၊  ဖျားသောရောဂါ၊  ဖောရောင်သောအနာ၊ ယားသောအနာ၊ ပျို့အန်ခြင်းတို့သည် ပျောက်ကင်း၏။     ထိုမှတစ်ပါး။    ကုက္ကိုခေါက်ကို ထောပတ်နှင့်ရော၍လိမ်းကျံခဲ့သော် ဝိသပ္ပအနာ ပျောက်ကင်း၏။

(ဤသည်မှာ ရှေးဟောင်း အာယုဗ္ဗေဒဆေးကျမ်း ပါ ရေယုန်ကုထုံး အကြောင်းပင်ဖြစ်သည်။)

ရေယုန်သည် အပူနာပင်ဖြစ်သည်။ ကိုယ်အပူချိန် ငွေ့ငွေ့နှင့် ဖျားလာတတ်သည်။ သို့သော် ရေယုန် ပိုးသည် အဖျားပိုးတော့ မဟုတ်ပေ။ အရေပြားနှင့် အာရုံကြောများကို ရောင်စေသော ပိုးသာဖြစ်သည်။

ရေယုန်ဖြစ်လျှင် ရေမချိုးရ၊ ရေထိလျှင် ပွားတတ်သည်ဟု ဆိုကြသည်။ အမှန်က ရေမချိုးလျှင် ကိုယ် အပူချိန်ပိုတက်လာပြီး ဖျားနိုင်သည်။ ရေချိုးပေးပြီး အနာပေါ်တွင် ရေမတင်အောင် ဝါဂွမ်းဖြင့် သုတ်ပေးခြင်းသာ အကောင်းဆုံးဖြစ်သည်။ အနာသန့်စင်သည့် ဆေးရည်များ ရေခြောက်ပြီးနောက် သုတ်လိမ်းပေးပါ။

ရေယုန်အတွက် မြန်မာ့ရိုးရာဆေးနည်းတိုများ-

-ကင်းပုံရွက်ကို သန့်စင်အောင်ရေဆေးပြီး သတ္တုရည်ညှစ်၍ အနာပေါ်တွင် မကြာခဏ သုတ်လိမ်းပေးပါ။ အရည်ဆွတ်ပေးပါက  ရေယုန်နာခြောက်ပြီး မပြန့်ပွားနိုင်။

-ကျွန်းသားမီးသွေးကို အမှုန့်ထောင်း၊ အုန်းဆီဖြင့် ဖျော်ပြီး ရေယုန်အနာတွင် သုတ်လိမ်းပေးပါ။

-လေးညှင်းပွင့်ကို အမှုန့်ထောင်းပြီး အနာပေါ်တွင် ဖြူးပေးပါ သို့မဟုတ် သွေးလိမ်းပါ။

-ပိစပ်ရွက်၊ ကုက္ကိုရွက်များပြုတ်၍ ရေယုန်အနာ ကို ဖန်ရည်ဆေးပေးနိုင်သည်။

-နှုတ်ခမ်းထောင့်တွင် ပေါက်သော ရေယုန်အနာ ကို  ထမင်းအိုးတည်ပြီး  ပွက်သောအခါ ရသည့်အမြှုပ်ဖြင့် ခံနိုင်သမျှ အပူခံပြီး တို့ပေးလျှင် ပျောက်ကင်းနိုင်သည်။

-ကြောင်ပန်းရွက်အရည်ညှစ်လိမ်းပါ။   သောက်လည်းသောက်ပါ။

-ကွမ်းရွက်ကို ခြေပြီး အဖတ်လေးများဖြစ်အောင်  ပြုလုပ်၍ ကပ်ပေးပါ။

-ကုက္ကိုခေါက်အမှုန့်ကို ထောပတ်နှင့်ဖျော်၍ လိမ်း ပါ။

-ငုပင်မှရသော ငုရွက်သတ္တုရည်ကို လိမ်းကျံပေးပါ။

-ပူဒီနာရွက်ကို  အရည်ညှစ်ပြီး သုတ်လိမ်းပေးပါ။ ပူဒီနာရွက်ကိုစားပေးလျှင်   ရေယုန်နာ ကိုက်ခဲခြင်း သက်သာပြီး အရောင်ကျစေသည်။

-သံပရာရည်နှင့် ပျားရည်ရောစပ်၍ သုတ်လမ်းပေးလျှင် ရေယုန်နာပြန့်ပွားခြင်းကို တားဆီးနိုင်သည်။

-ရေသဖန်းပင်ကို ဓားဖြင့် ထစ်ပါက အစေးအဖြူများ ထွက်လာမည်။ ထိုအစေးဖြင့် သုတ်လိမ်းပေးပါ။

-ခွေးတောက်ရွက်ကို  မီးကင်ပြီး  အရည်ညှစ်၍ သုတ်လိမ်းပေးပါ။

-ရေသဖန်းရွက်ကို ပြာချ၊ အုန်းဆီဖြင့်လိမ်းပါ။

-ညောင်ဗောဓိအမြစ်ခေါက်ကို ရေဖြင့် ထက်ဝက် ခန်းအောင်ကျို၍   သောက်လျှင်  ရေယုန်ကြီးနာပျောက်၏။

မှီငြမ်း(ရှေးဟောင်းပေစာနှင့် ဆေးကျမ်းများမှ)

ကြည်လွင်မြင့်(မုဒြာ)