ထိုင်းနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးနှင့် OTOP ဆက်နွှယ်မှုနှင့် မြန်မာနိုင်ငံ၏ OVOP နှင့် MSME ဖွံ့ဖြိုး တိုးတက်မှု

ထိုင်းနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးနှင့် OTOP ဆက်နွှယ်မှုနှင့် မြန်မာနိုင်ငံ၏ OVOP နှင့် MSME ဖွံ့ဖြိုး တိုးတက်မှု

    ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ အနက် စီးပွားရေးတိုးတက်မှု မြင့်မားလာသောနိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံရဲ့စီးပွားရေး ကဏ္ဍမှာ စိုက်ပျိုးရေးသည် GDP ၏ ၁၂ ရာခိုင်နှုန်းခန့်၊ စက်မှုလုပ်ငန်းသည် ၄၄ ရာခိုင်နှုန်းခန့်နှင့် ဝန်ဆောင်မှုလုပ်ငန်းသည် ၄၄ ရာခိုင်နှုန်းခန့် အသီးသီးပါဝင်လျက် ရှိတာတွေ့ရပါတယ်။ သဘာဝအရင်းအမြစ်တွေအနေနဲ့ သံရိုင်း၊ ရော်ဘာ၊ သဘာဝဓာတ်ငွေ့၊ တန်စတင်၊ သစ်၊ ခဲနှင့် ငါးတို့ အများဆုံးထွက်ရှိပြီး မြေဧရိယာရဲ့ ၃၁ ရာခိုင်နှုန်းကို စိုက်ပျိုးရေးအတွက် အသုံးပြုပါတယ်။ ခရီးသွားလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ စိုက်ပျိုးရေး ကုန်စည်များထုတ်လုပ်မှု၊ ဘိလပ်မြေ၊ ရတနာပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ကားအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းတို့ကို  အဓိကလုပ်ကိုင်လျက်ရှိပြီး လျှပ်စစ်ပစ္စည်း၊  ကွန်ပျူတာပစ္စည်းများ၊ ယာဉ်နှင့် အစိတ်အပိုင်းများ၊ အထည်၊ ဖိနပ်၊ ရေထွက်ပစ္စည်းများ၊ ဆန်နှင့် ရော်ဘာတို့အား ပြည်ပနိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိတယ်။

ထိုင်းနိုင်ငံသည် ၁၉၉၀ ပြည့်နှစ်တွင် ဆင်းရဲမှု ၅၈ ရာခိုင်နှုန်းမှ ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့ပြီး တိုးတက်မှုနှုန်း မြင့်မားမှုနှင့် ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် ၂၀၂၀ ပြည့်နှစ်မှာ သိသိသာသာ တိုးတက်မှု ရရှိလာခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။ ၁၉၉၇-၁၉၉၈ ခုနှစ်တို့တွင် ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီး ထိုကာလနောက်ပိုင်းမှစ၍ ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး တို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး ကြိုးပမ်းမှုများ

     လွန်ခဲ့တဲ့ ဆယ်စုနှစ်လေးခုအတွင်း ထိုင်းနိုင်ငံသည် ဝင်ငွေနည်းသောနိုင်ငံမှ မျိုးဆက်တစ်ဆက်အောက်၌ SMART  ကျတဲ့  စီးပွားရေးမူဝါဒတွေကြောင့် အလယ်အလတ် ဝင်ငွေရှိသောနိုင်ငံအဖြစ်   ရွေ့လျားခဲ့ပြီး လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ထူးထူးခြားခြား တိုးတက်ခဲ့သည်။ ဒါဟာ ထိုင်းနိုင်ငံအနေဖြင့်  စဉ်ဆက်မပြတ် အားကောင်းသော တိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးတို့အတွက် အောင်မြင်မှု ပုံရိပ်တစ်ခုပဲ ဖြစ်ပါတယ်။

စင်စစ်မူ ၁၉၆၀ ပြည့်လွန်နှစ်ကစ၍  နိုင်ငံ၏စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှု အစီအစဉ်များတွင် ဆင်းရဲမှုလျှော့ချရေး မဟာဗျူဟာများ ထည့်သွင်း အကောင်အထည်ဖော်  ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၁ ခုနှစ်မှ ၁၉၆၆ ခုနှစ်အတွင်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးနှင့် စက်မှုထွန်းကားရေးကို အဓိကထား ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ဘဏ္ဍာရေး မူဝါဒကို အထူးဂရုပြု အကောင်အထည်ဖော်ခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍ၊ ကျေးလက်ဝင်ငွေရရှိမှု မြှင့်တင်ရေးနှင့် လူဦးရေစီမံကိန်း ရေးဆွဲခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှ ၁၉၈၁  ခုနှစ်အတွင်း၌မူ စက်မှုဖွံ့ဖြိုးရေးကို ပြန်လည်ထူထောင်၍ သယံဇာတသုံးစွဲမှုနှင့် မြေယာပြုပြင် ပြောင်းလဲမှုစီမံကိန်းများကို အကောင်အထည်ဖော်ခဲ့ပြီး ဆင်းရဲမှုလျှော့ချရေး မူဝါဒကို သီးသန့်ချမှတ်၍ ဆင်းရဲချမ်းသာ ဝင်ငွေကွာဟမှုနည်းပါးစေရန် နည်းလမ်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

၁၉၈၂ ခုနှစ်မှ ၁၉၈၆ ခုနှစ်အတွင်း ပဉ္စမမြောက် လူမှုစီးပွားဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ခရိုင်အဆင့် ဆင်းရဲမှုလျှော့ချရေးကို ဖော်ဆောင်ခဲ့ပြီး ခရိုင်ပေါင်း ၂၈၆ ခုတွင် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ပါတယ်။ စိုက်ပျိုးရေး၊ စက်မှု၊ ပုဂ္ဂလိက ပါဝင်မှုတို့ကိုလည်း အရှိန်အဟုန် မြှင့်တင်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးမှု၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုနှင့် နောက်ကျကျန်ခဲ့သော ဒေသများ ဆင်းရဲမှုလျှော့ချရေးတို့ကို လည်းကောင်း၊ ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ အစိုးရကဏ္ဍနှင့် ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှု၊ စိုက်ပျိုးရေးမဟုတ်သော ကဏ္ဍများ ဖွံ့ဖြိုးမှုနှင့် ကျေးလက်ဒေသများ၏ စွမ်းဆောင်ရည်ပိုမိုမြှင့်တင်မှုတို့ကို လည်းကောင်း ဦးစားပေး ဆောင်ရွက်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်တွင် ပြည်သူဗဟိုပြုဖွံ့ဖြိုးမှု၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှုတို့ကို ဦးတည်၍ ဝင်ငွေကွာဟချက် လျော့နည်းစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

 ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး(One Tambon One Product-OTOP)

    မှတ်တမ်းတွေအရ ၂၀၀၁ ခုနှစ်ကစ၍ ကျေးလက်ဒေသ ပြန်လည်ထူထောင်ရေးကို  မူဝါဒများချမှတ် အကောင်အထည်ဖော်ခဲ့ရာ “ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး”( One Tambon One Product- OTOP) သည် နိုင်ငံအနှံ့ဆောင်ရွက်သော လှုပ်ရှားမှုအနေဖြင့် ပေါ်ပေါက်လာခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှုလျှော့ချရေးကို များစွာ အထောက်အကူပြုနိုင်ခဲ့တာ   တွေ့ရပါတယ်။

ထိုင်းနိုင်ငံ၏ OTOP စီမံကိန်းသည် ဂျပန်နိုင်ငံ၏ OVOP ကို အတုယူ၍ ထိုင်းနိုင်ငံ၏ ကျေးလက် ဒေသဖွံ့ဖြိုးမှုအတွက် ဒေသထွက် အင်အားစုနှင့် သယံဇာတများကို အသုံးပြုပြီး ဆွဲဆောင်မှုရှိတဲ့ အထူးထုတ်ကုန်များကို ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းစက်မှု လုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ထုတ်လုပ်သောကုန်စည်များမှာ စိုက်ပျိုးရေးနှင့် လက်မှုထွက်ကုန် ပစ္စည်းများ ပါဝင်ပါတယ်။

OTOP စီမံကိန်း၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လှုပ်ရှားမှုများ

    OTOP သည်လည်း OVOPကဲ့သို့ပင် ဒေသတွင်း ချိတ်ဆက်၍ ကမ္ဘာ့အဆင့်သို့ ဦးတည်ရေး၊ ကိုယ့်အားကိုယ်ကိုး၍ တီထွင်ဖန်တီးရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး စသည့်အချက် (၃)ချက်အပေါ်အခြေခံ၍ အစိုးရမှ ပံ့ပိုးပေးခြင်းဖြစ်ပါတယ်။ OTOPရဲ့ထူးခြားချက် သို့မဟုတ် OVOPနှင့် ကွဲပြားသော အချက်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံတို့ရဲ့အခြေအနေအရ ဗဟိုအစိုးရမှ ပံ့ပိုးပေးရခြင်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ်မှ ဦးဆောင်၍ OTOP လှုပ်ရှားမှုကို ဗဟိုမှအဓိက ချုပ်ကိုင်ပြီး ပြည်နယ်နှင့် ခရိုင်များရှိ အစိုးရများသို့ အဆင့်ဆင့် ညွှန်ကြားဆောင်ရွက်ပါတယ်။ OTOP  စီမံကိန်းအတွက် ဒေသခံရွာသူ/ရွာသားများကို လေ့ကျင့်သင်ကြားရာတွင် OVOP  ကဲ့သို့ပင် ဒေသတွင်းသင်တန်းများကို တက်ရောက်စေပါတယ်။

၂၀၀၃ ခုနှစ်မှစတင်၍ ပို့ကုန်ဈေးကွက်သို့ တင်ပို့နိုင်ရန် ဦးတည်ချက်ဖြင့် OTOP ထုတ်ကုန်များကို ကြယ်များသတ်မှတ်၍ အဆင့်ခွဲခြားခဲ့ပြီး ကြယ်ငါးပွင့်ရ ထုတ်ကုန်များကိုသာ ပို့ကုန်ဈေးကွက်သို့ တင်ပို့ရန် ခွင့်ပြုခဲ့ပါတယ်။ ထို့ပြင် ကြယ်သုံးပွင့်ရ ထုတ်ကုန်များ ထုတ်လုပ်နိုင်သော လုပ်ငန်းများရှိသည့် ရွာကိုသာ OTOP  စီမံကိန်းဝင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့်ရ လုပ်ငန်းများရှိ ပါဝင်သူများကိုသာ နိုင်ငံတကာ သင်တန်းများသို့  စေလွှတ်ခဲ့ပါတယ်။ ကျေးရွာအဆင့်၌ပင် အမြောက်အမြား ထုတ်လုပ်မှုကို အားပေး၍ ကမ္ဘာ့ဈေးကွက်သို့ ချိတ်ဆက်ပေးခဲ့ပါတယ်။ OTOP လှုပ်ရှားမှု၌ ပါဝင်သူများ၏ ၆၇ ရာခိုင်နှုန်းသည် လူထုအခြေပြု လုပ်ငန်းများ၊ ၃၁ ရာခိုင်နှုန်းမှာ တစ်ဦးတည်းပိုင် လုပ်ငန်းများဖြစ်၍ ကျန်၂ ရာခိုင်နှုန်းမှာ အစုစပ်လုပ်ငန်းများ ဖြစ်ပါတယ်။ လိုအပ်သော ဘဏ္ဍာငွေ အများစုကို အစိုးရက ထောက်ပံ့ပေးခဲ့ပါတယ်။ ပံ့ပိုးမှုများ၌ အရည်အသွေး ထိန်းချုပ်မှုနှင့် ထုပ်ပိုးမှုသင်တန်းပေးခြင်းတို့ ပါဝင်ပါတယ်။ အရောင်းမြှင့်တင်ရာတွင် ကုန်စည်ပြပွဲများ ပြုလုပ်ခြင်း၊ အရောင်းဆိုင်များ ဖွင့်လှစ်ပေးခြင်း၊ ပြည်ပ၌ အရောင်းပြပွဲများ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါတယ်။

OTOP စီမံကိန်း၏ အဓိကထုတ်ကုန်များမှာ ဒေသထွက် ရိုးရာအဝတ်အထည်၊  လက်မှုပစ္စည်း၊ ချည်ထည်ပိုးထည်များ၊ အိုးလုပ်ငန်း၊ ဖက်ရှင်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ အထိ ပါဝင်ပါတယ်။ အစိုးရက ဦးဆောင်၍  ထုတ်ကုန်ရွေးချယ်ခြင်း၊ စံနှုန်းနှင့် အရည်အသွေးမြှင့်တင်ခြင်းနှင့် ထုတ်လုပ်သူတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်း တို့ကြောင့် ထုတ်ကုန်အမျိုးအစား စုံလင်စွာ ပြည်တွင်းသာမက ပြည်ပပို့ကုန် ဈေးကွက်သို့   တင်ပို့ရောင်းချ နိုင်ခဲ့ပါတယ်။

OTOP  များ၏  ထုတ်ကုန်ရောင်းချမှု တန်ဖိုးမှာ ၂၀၁၃ ခုနှစ်တွင် ထိုင်းဘတ် ၈၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၇၈၅ ဘီလီယံခန့်)အထိ ရောက်ရှိ ခဲ့ပါတယ်။ ထိုသို့ဝင်ငွေများ တိုးမြှင့်ရှာဖွေပေးနိုင်သည့် အပြင် ရွာပေါင်း ၂၂၇၆၂ ရွာရှိ OTOP လုပ်ငန်း ပေါင်း ၃၆၂၃၆ ခုတွင် လုပ်သားပေါင်း ၁ ဒသမ ၂သန်းကို အလုပ်အကိုင်ပေးနိုင်ခဲ့၍ လူမှုဘဝကိုလည်း မြှင့်တင်ပေးနိုင်ခဲ့သည့်အပြင် နိုင်ငံတစ်ဝန်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးမှုနှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးတို့ကို များစွာအထောက်အကူ ပြုနိုင်ခဲ့ပါတယ်။

OTOP အောင်မြင်ရခြင်း၏ အဓိကအချက်များမှာ အစိုးရဌာနများ၏ ထိရောက်သောမူဝါဒ၊ စီမံကိန်းများဖြင့် အကောင်အထည်ဖော်ဆောင်မှု၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးစေရန် ပံ့ပိုးပေးမှု၊ ပါဝင်သော အဖွဲ့အစည်းများ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ အစိုးရကဏ္ဍများ၊ ပုဂ္ဂလိကများ၊ ဒေသခံများနှင့် ပညာရေး အဖွဲ့အစည်းများ၏ တက်ကြွစွာပူးပေါင်း ဆောင်ရွက်မှုတို့ကြောင့်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ နိုင်ငံဆင်းရဲမှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၃ ရာခိုင်နှုန်းမှ ၂၀၁၇ ခုနှစ်တွင် ၈ ဒသမ ၆ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့တာ တွေ့ရပါတယ်။

 မြန်မာနိုင်ငံနှင့် OVOP  နှင့် MSME

     မြန်မာနိုင်ငံမှာလည်း  ၂၀၁၀-၂၀၁၅   ခုနှစ်ဝန်းကျင်မှစတင်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကို မူဝါဒပိုင်းအရ အားပေးမြှင့်တင်ခဲ့ပြီး လုပ်ငန်းစဉ်များရေးဆွဲ အကောင်အထည်ဖော် ခဲ့သည့်နည်းတူ “ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး”ကဲ့သို့    ဒေသအလိုက် ထွက်ရှိသော  အသေးစား၊ အလတ်စား ထုတ်ကုန်များ ဖွံ့ဖြိုးရေးအတွက် SME  လုပ်ငန်းများကို မူဝါဒပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုများ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ဥပဒေရဲ့ ရည်ရွယ်ချက်များကတော့-

(က)   အသေးစားနှင့်  အလတ်စားစီးပွားရေး လုပ်ငန်းများအတွက်  စီးပွားရေးနှင့် ဆက်စပ်သည့် သတင်းအချက်အလက်၊ နည်းပညာ အထောက်အကူများနှင့် ငွေကြေးပံ့ပိုးမှုများ လွယ်ကူစွာရရှိနိုင်စေရန်၊

(ခ )    အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များသည် ပြည်တွင်းပြည်ပ ဈေးကွက်များသို့ လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြင့်မားတိုးတက်စေရန်၊

(ဂ )   အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာခြင်းအားဖြင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းအသစ်များနှင့်အတူ ဝင်ငွေတိုးတက် ရရှိလာစေရန်၊

(ဃ)  အသေးစားနှင့်  အလတ်စား စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် အဟန့်အတားများကို လျော့ပါးစေရန်တို့ဖြစ်ပါတယ်။

ဒါ့အပြင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ (၂၀၁၅) ခုနှစ်ကို ချမှတ်ထုတ်ပြန်နိုင်ခဲ့ပါတယ်။ မူဝါဒရဲ့ မျှော်မှန်းချက်မှာ”ကဏ္ဍအသီးသီးရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် ဒေသတွင်း စီးပွားရေး ကွန်ရက်အတွင်း၌ တီထွင်ဆန်းသစ်မှုနှင့် ယှဉ်ပြိုင်နိုင်မှု၊ စွမ်းဆောင်ရည်ကောင်းများ မြင့်မားလာပြီး နိုင်ငံသားများ၏ အလုပ်အကိုင်၊ အခွင့်အလမ်းများ တိုးပွားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးဆောင်သွားနိုင်ရန်”ဖြစ်ပါတယ်။ ရည်မှန်းချက်များ အောင်မြင်ဖို့အတွက်-

(က)   လူ့စွမ်းအားအရင်းအမြစ်

( ခ )   နည်းပညာဖွံ့ဖြိုးမှုနှင့် တီထွင်ဖန်တီးတတ်မှု၊

(ဂ )   ငွေကြေးအရင်းအမြစ်၊ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊

(ဃ)   ဈေးကွက်ရရှိရေး၊

(င )    သင့်လျော်သော  အခွန်အကောက်နှင့် လုပ်ထုံးလုပ်နည်းများ၊

(စ )  လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင်ကောင်းများကို ထောက်ပံ့၊ ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေက မြေပြင်မှာ အမှန်တကယ်ကြုံတွေ့နေရတဲ့ အဟန့်အတား အခက်အခဲများ ဖြစ်တာကြောင့် ဒါတွေကို ထောက်ပံ့၊ ဖြေလျော့ပေးနိုင်မှသာ MSME လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ်မှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နည်းဥပဒေများကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ နည်းဥပဒေ ထွက်ရှိလာခဲ့သည့်အတွက် ဆောင်ရွက်ရန်လုပ်ငန်းများ၊ နည်းပညာနှင့် ချေးငွေရရှိရေး နည်းလမ်းများ၊ မှတ်ပုံတင်ခြင်းဆိုင်ရာများ၊ တစ်နေရာတည်း ဝန်ဆောင်မှု (One stop service - OSS) ပေးသည့်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ လုပ်ငန်းသုံးသပ် အစီရင်ခံရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို နည်းဥပဒေအရ ပိုလို့ဆောင်ရွက်နိုင်လာတာ တွေ့ရပါတယ်။

    မူဝါဒ၊ နည်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်နေသော်လည်း လက်တွေ့မှာ နည်းပညာပိုင်း၊ ဈေးကွက်ပိုင်း၊ ရန်ပုံငွေပိုင်း၊ စွမ်းဆောင်ရည်ပိုင်း၊ ချိတ်ဆက်မှုအပိုင်းများမှာ MSME လုပ်ငန်းရှင်များ အနေဖြင့် အခက်အခဲများစွာ ရှိနေဆဲဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင် MSME Agency အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့စဉ်ကာလအတွင်း အစည်းအဝေးများ အကြိမ်ကြိမ် တက်ရောက်ဆွေးနွေးခဲ့မှု၊ ကဏ္ဍအလိုက်တင်ပြမှု၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ဖြေရှင်းနိုင်သည့် နည်းလမ်းများကို အကြိမ်ကြိမ် ကြားသိခဲ့ရပါတယ်။ မြေပြင်မှာလည်း အမှန်အခက်အခဲရှိပါတယ်။ တွေ့ရှိချက်နှင့် ဆောင်ရွက်ရန်များကတော့-

(က)   MSME ချေးငွေကိစ္စနှင့် ပတ်သက်၍ Business Plan  မရေးတတ်၊ မဖတ်တတ်၊ ဘဏ်စာရင်းမရှိ၊   ဘဏ်အရှုံး/အမြတ် မပြနိုင်၊ ခုမှစလုပ်ချင်သူတွေ ဆန္ဒပဲရှိ၊ သတ်မှတ်ချက်တွေ မလုပ်တတ်၊ ရိုးရိုးရှင်းရှင်း သင်ပေးရန်နှင့် ရိုးရိုးရှင်းရှင်း သတ်မှတ်ရန် လိုအပ်ခြင်း၊

(ခ )    ပြည်ထောင်စုအဆင့်က  စီမံခန့်ခွဲတဲ့ သတ်မှတ်တဲ့ ချေးငွေအရင်းအမြစ်ပဲ ရှိပြီး ဆိုင်ရာ ပြည်နယ်တိုင်းများမှ ၎င်းတို့အစီအစဉ်/အစီအမံဖြင့် ချေးငွေအမျိုးအစားများ မရှိခြင်း၊ ဘတ်ဂျက်မရှိခြင်း၊

(ဂ )   ဆိုင်ရာဌာနများရဲ့ MSME နဲ့ ဆိုင်တဲ့ လုပ်ထုံးလုပ်နည်းများကို သာမန်သူများ နားလည်အောင် ရေးဆွဲလုပ်ဆောင်သင့်ခြင်းနှင့် ရိုးရှင်းလွယ်ကူအောင် ပြင်ဆင်ဆောင်ရွက်ပေးသင့်ခြင်း၊

(ဃ)   Agencyပ များ ပုံမှန် Function  ဖြစ်ဖို့လိုပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးမှာ ဆိုင်ရာ အစိုးရများ၊ လုပ်ငန်းရှင်များကို အထောက်အပံ့ပေးနိုင်အောင် လုပ်ရန် လိုအပ်နေသေးခြင်း၊

(င )    နှစ်စဉ်တစိုက်မတ်မတ် စီမံချက် အစီအစဉ်ရေးဆွဲပြီး၊ လုပ်ငန်းစဉ်ဇယား ရေးဆွဲပြီး ဒေသအလိုက် ထုတ်ကုန်ပြပွဲတွေ မဖြစ်မနေလုပ်ရန်၊ အားပေးရန်၊ ဆုပေးရန်၊ ဈေးကွက် ချိတ်ဆက်ပေးရန် လိုအပ်ခြင်း၊ ရာသီအလိုက် တစိုက်မတ်မတ်လုပ်ရန် လိုအပ်ခြင်းနှင့် စဉ်ဆက်မပြတ် အားပေးအားမြှောက် ပေးရန် လိုအပ်ခြင်းတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ MSME  ကဏ္ဍအပေါ် လေ့လာသုံးသပ်တွေ့ရှိချက်

    ၂၀၁၇ ခုနှစ်မှ  ၂၀၁၉   ခုနှစ်အထိ စစ်တမ်းကောက်ယူခဲ့သည့် Myanmar Micro, Small and Medium Enterprise Survey၂၀၁၉ အစီရင်ခံစာအရလည်း လုပ်ငန်းရှင်များ အများဆုံးတွေ့ကြုံရသည့် အဟန့်အတားမှာ ငွေကြေးအရင်းအနှီး လုံလောက်မှု မရှိခြင်း၊ ကျွမ်းကျင်လုပ်သား ရှားပါးခြင်း၊ နည်းပညာပိုင်း ကျွမ်းကျင်မှုအားနည်းခြင်း၊ ဝယ်လိုအား အကန့်အသတ်ရှိခြင်း၊ ဈေးကွက်ဝန်ဆောင်မှု/သယ်ယူ ပို့ဆောင်မှုအပိုင်းတွင် အားနည်းခြင်း၊ ကုန်ကြမ်း ရှားပါးခြင်း၊ စွမ်းအင်ရရှိမှု အားနည်းခြင်း (လျှပ်စစ် စွမ်းအင်/လောင်စာဆီ) စသည်တို့ကြောင့် ဖြစ်ပါတယ်။

စာရေးသူရဲ့ လေ့လာချက်အရလည်း မြန်မာနိုင်ငံ၏ MSME လုပ်ငန်းများ ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေအနေနဲ့ တိုးတက်ပြောင်းလဲနေသော ခေတ်ရေစီးကြောင်းအရ MSME လုပ်ငန်းရှင်များသည် ၎င်းတို့၏ ကုန်ထုတ်စွမ်းအားနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းတို့အတွက် နည်းပညာအသစ်များ အသုံးပြုနိုင်မှု နည်းပါးနိုင်ခြင်း၊ MSME  လုပ်ငန်းရှင်များ ဈေးကွက်ဝေစုရရှိနိုင်ရန်နှင့် လုပ်ငန်းချဲ့ထွင်ရာတွင် ကုမ္ပဏီကြီးများ၏ ပြိုင်ဆိုင်မှုကို ရင်ဆိုင်နိုင်ခြင်းနှင့် MSME လုပ်ငန်းများသည် မကြာခဏ အရင်းအမြစ် အကန့်အသတ်များရှိနိုင်ပြီး ဝယ်လိုအားအခြေခံ နည်းပါးသောကြောင့် စီးပွားရေးအတက် အကျအချိန်များ၊ ဈေးနှုန်းကျချိန်များတွင် ပိုမိုထိခိုက်နိုင်ခြေရှိခြင်းတို့ကို ဖြစ်စေနိုင်ကြောင်း လေ့လာသုံးသပ်ရပါတယ်။

ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးအရင်းအနှီး၊ ကဏ္ဍအလိုက်ချိတ်ဆက်မှု၊ လုပ်သားအင်အား၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ အတားအဆီးများစသည့် ကဏ္ဍအသီးသီး၏ ပြောင်းလဲမှုကို ဖော်ဆောင်ရာတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အပံ့ပေးမည့် မူဝါဒအသစ်များ ချမှတ်နိုင်ရေးကို ထည့်သွင်း စဉ်းစားရန်လိုပါတယ်။ ထိုသို့ထည့်သွင်း စဉ်းစားရာတွင် ထုတ်လုပ်မှုတိုးမြှင့်စေရေး အတွက် လုပ်ငန်းတူများကို စုဖွဲ့ပူးပေါင်း ဆောင်ရွက်စေရန်၊ Value Chains ပိုမိုအားကောင်းစေရန်၊ စားသောက်ကုန် ထုတ်လုပ်မှုပိုင်းတွင် International Value Chains  ချိတ်ဆက်မှု ပိုမို အားကောင်းလာစေရေး ဆောင်ရွက်ပေးရန်၊ ဈေးကွက်အဆင်ပြေမှုရှိစေရန်၊ အသေးစား/အလတ်စားနှင့် အကြီးစားစီးပွားရေး လုပ်ငန်းများ ထုတ်လုပ်မှု တိုးမြှင့်စေရေးအတွက် တရားဝင်ငွေကြေး အရင်းအနှီး ရရှိစေရေး ဆောင်ရွက်ပေးရန်၊ အငယ်စားနှင့် အသေးစား စီးပွားရေးလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှု တိုးမြင့်စေရေးအတွက် လေ့ကျင့် သင်ကြားပေးမှုများ၊ အခွင့်အလမ်းများ မြှင့်တင်ပေးရန်၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် လုပ်ခလစာတို့တွင် ကျား/မ တန်းတူညီမျှမှု အပါအဝင် အလုံးစုံဖွံ့ဖြိုးပြီး မျှတသောလုပ်သားဈေးကွက် ဖန်တီးပေးရန်  စသည့်အချက်များအား အဓိကထား  ထည့်သွင်းစဉ်းစားပေးရန် လိုအပ်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏လက်ရှိ MSMEs ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ

    နိုင်ငံ့စီးပွား    ဖွံ့ဖြိုးတိုးတက်စေရေး အတွက် နိုင်ငံတော်က စီးပွားရေးဦးတည်ချက် (၄)ရပ် ချမှတ် ဆောင်ရွက်လျက်ရှိရာ “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME))များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး”သည် ဦးစားပေးဦးတည်ချက် တစ်ရပ်အနေဖြင့် ပါဝင်ပြီး ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရ၏ MSME ကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်ထားရှိမှု

    နိုင်ငံတော်အစိုးရ အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးနှင့် လုပ်ငန်းများ ပိုမိုချဲ့ထွင်နိုင်ရေး၊ MSMEလုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများ ရောင်းလိုအား မြှင့်တင်နိုင်ရေးနှင့် အရည်အသွေး ပြည့်မီသော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးတို့အတွက် MSME ချေးငွေများ၊ မြစိမ်းရောင်ချေးငွေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေတို့မှ ရင်းနှီးမတည်ငွေများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ MSME  ၏ အခြေခံဖြစ်သော ကုန်ထုတ်လုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ သွင်းအားစုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် လူငယ်နှင့် အမျိုးသမီးများ၊ စွန့်ဦးတီထွင်သူများအား လိုအပ်တဲ့ နည်းပညာပေးခြင်း၊ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့ အပြင် ဆက်စပ်ဌာနများ၊ NGO ၊ INGOများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကုန်ကြမ်းနှင့် သွင်းအားစုရရှိအောင် သက်ဆိုင်ရာဌာန အဖွဲ့အစည်း များနှင့် ညှိနှိုင်းချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။

ဒေသမှ စံပြုထုတ်ကုန်တစ်မျိုးချင်းကို ဈေးကွက်ဝင်ရေး ဆောင်ရွက်ခြင်း

    ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု လုပ်ငန်းများမှတစ်ဆင့် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းချိုသာပြီး အဆင့်မီစွာသုံးစွဲနိုင်မည့် ကုန်ပစ္စည်းများအား တွင်ကျယ်စွာ အသုံးပြုနိုင်ရေးအတွက်လည်း OVOP အစီအစဉ်ဖြင့် ဒေသထွက်ကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများအား  ထွက်ပေါ်လာရေးကိုလည်း အားပေးမြှင့်တင် ဆောင်ရွက်နေတာ ရှိပါတယ်။

ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရုံမက ပြည်တွင်း ဖူလုံပြီး ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး

    စားသုံးဆီဖူလုံရန် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်ရေးတို့အပြင် အုန်းသီးအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများအား ဒေသထွက်ဝင်ငွေရ လုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်လျက်ရှိပြီဖြစ်ပါတယ်။ တန်ဖိုးမြှင့် ကော်ဖီထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန် အတွက် လိုအပ်သော စက်ကိရိယာနှင့် အရင်းအနှီးများ ထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ် လာနိုင်စေရေးအတွက်လည်း     သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနေတာ ရှိပါတယ်။

MSMEs ကဏ္ဍဖွံ့ဖြိုးရေးတွင်  အရေးပါသည့် ထိုင်းနိုင်ငံ၏ OTOP  နှင့် မြန်မာနိုင်ငံ၏ OVOP

    အထက်မှာ ကျွန်တော်ဆွေးနွေး တင်ပြခဲ့တဲ့အတိုင်း ထိုင်းနိုင်ငံ၏ OTOPစီမံကိန်းသည် ဒေသထွက် အင်အားစုနှင့် သယံဇာတများကို အသုံးပြုပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် ထုတ်လုပ်မှုများ ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ပင်   မြန်မာနိုင်ငံ၏ OVOPသည်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးလာနိုင်ပြီး MSME လုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးလာစေရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် MSME လုပ်ငန်းပေါင်း ၄၀၀၀၀ ကျော်ရှိပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၏ ၉၉ ရာခိုင်နှုန်းခန့်အထိ ပါဝင်လျက်ရှိရာ နိုင်ငံ၏ပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုး (GDP) တွင် အရေးကြီးသော အခန်းကဏ္ဍမှ ရပ်တည်လျက်ရှိတာ တွေ့ရပါတယ်။

သို့ဖြစ်ရာ စာရေးသူအနေနဲ့ သုံးသပ်ဆွေးနွေး တင်ပြလိုတာကတော့ MSMEလုပ်ငန်းရှင်များ အဓိကရင်ဆိုင်ကြရသည့် အဟန့်အတားများ ဖြေလျော့ပေးခြင်း၊ OVOP စနစ်ဖြင့် ဒေသအလိုက် စံပြုထုတ်ကုန်များ ထုတ်လုပ်လာနိုင်ပြီး ပြည်တွင်း/ပြည်ပသို့ ဈေးကွက်ဝင် တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ကုန်ထုတ်လုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ သွင်းအားစုနှင့်  လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးစေရေးတို့အတွက် လိုအပ်သော ရန်ပုံငွေ၊ ချေးငွေ အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့အပြင် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် သက်ဆိုင်သူ အားလုံးတို့မှ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက  မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးအခြေခံဖြစ်သော MSMEကဏ္ဍ ပိုမိုဖွံ့ဖြိုးလာစေရေးကို များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။  ။

ရည်ညွှန်းကိုးကားချက်     

- Myanmar Micro, Small, and Medium Enterprise Survey 2019 Descriptive Report

-        အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ (၂၀၁၅)

-        အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နည်းဥပဒေ (၂၀၁၆)

-        အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေး ဥပဒေ(၂၀၁၁)

-        အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏(၁/၂၀၂၃)အစည်းအဝေး ကောက်နုတ်ချက်

-        ကမ္ဘာ့ဘဏ်မှရေးသားသော ထိုင်းနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုဖော်ပြချက်

-        Charltons Myanmar ၏ SMES in Myanmar ဖော်ပြချက်

ခန့်ဇော်(ကျေးလက်)