အင်္ဂလန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က ကွင်းလယ်ဒိုင်လူကြီးကို ဝေဖန်သည့် ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီကို အရေးယူရန် စွဲချက်တင်ထား
အင်္ဂလန်နိုင်ငံဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က ကွင်းလယ်ဒိုင်လူကြီးကို ဝေဖန်သည့်အတွက် ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီကို အရေးယူမှုပြုလုပ်ရန် စွဲချက်တင်ထားကြောင်း သိရသည်။
နည်းပြဒီဇာဘီသည် ဖေဖော်ဝါရီ ၁၈ ရက်က ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်သည့် ဘရိုက်တန်အသင်းက ဖူလ်ဟမ်အသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်သည့် ပွဲစဉ်တွင် ပွဲချိန်အတွင်း ဒိုင်လူကြီး ဒါရန်ကို ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့သကဲ့သို့ ပွဲစဉ်အပြီးတွင်လည်း ဥမင်လိုဏ်ခေါင်းအတွင်း ပြစ်တင်ပြောဆိုသည့် အတွက် ဒိုင်လူကြီး ဒါရင်က ပွဲပြီးဆုံးခဲ့သော်လည်း နည်းပြ ဒီဇာဘီကို အနီကတ်ပြသခဲ့သည်။
ထို့ပြင် နည်းပြဒီဇာဘီသည် ပွဲစဉ်အပြီး သတင်းစာ ရှင်းလင်းပွဲတွင်လည်း ဒိုင်လူကြီး ဒါရင်၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး ဝေဖန်ပြောကြားမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါပွဲစဉ်အပြီးတွင် ကွင်းလယ်ဒိုင်လူကြီး ဒါရင် က ပွဲစဉ်နှင့် ပတ်သက်သည့်အစီရင်ခံစာတွင် နည်းပြ ဒီဇာဘီ၏ လုပ်ရပ်နှင့် ပတ်သက်ပြီး ထည့်သွင်းရေးသားခဲ့ သည့်အတွက် ယခုအခါ အင်္ဂလန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နည်းပြဒီဇာဘီကို အရေးယူရန် စွဲချက်တင်မှု ပြုလုပ်ထားပြီး မကြာမီ အရေးယူမှုပြုလုပ်မည်ဖြစ်ကာ နည်းပြဒီဇာဘီအနေဖြင့် အနည်းဆုံး တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိကြောင်း သိရသည်။