ထားဝယ်ခရိုင်အတွင်းရှိ သဘင်အစည်းအရုံး အဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ် ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၇

    တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ သဘင်အစည်းအရုံး အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ စားသောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် စားသောက်ဖွယ်ရာများကို ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက ယနေ့ညနေပိုင်းတွင် ထားဝယ်မြို့ရှိ နယ်မြေခံတပ်နယ် ဧည့်ရိပ်သာ၌ သွားရောက်ပေးအပ် လှူဒါန်းသည်။

     ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးက သဘင်အစည်းအရုံး အဖွဲ့ဝင် ၆ဝ ဦးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ဆန် ၂ဝ အိတ်၊ ဆီ ၃၉ ပိဿာ၊ ဆား ၆ဝ ထုပ်၊ ပဲ ၆ဝ ပိဿာ၊ ကြက်ဥ ၆ဝဝ လုံး၊ Mask ၃ဝ ဘူးနှင့် လက်ဆေးဆပ်ပြာ ၆ဝ ဘူးတို့ကို ပေးအပ်လှူဒါန်းရာ သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးတင်သိန်းနှင့် အစည်းအရုံး အဖွဲ့ဝင်များက လက်ခံရယူကြပြီး ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။