ချင်းလူမျိုးများအမြတ်တနိုးတန်ဖိုးထားသည့် အောက်ချင်းငှက်နှင့်မျိုးသုဉ်းမှုအန္တရာယ်

ချင်းလူမျိုးများအမြတ်တနိုးတန်ဖိုးထားသည့် အောက်ချင်းငှက်နှင့်မျိုးသုဉ်းမှုအန္တရာယ်

 

ငှက်မျိုးစိတ်များနှင့်  အခြားဇီဝမျိုးစုံမျိုးကွဲများ နေထိုင်ကျက်စားရာနေရာဒေသဆိုသည်မှာ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုအန္တရာယ်နှင့်   မျိုးသုဉ်းမှုအန္တရာယ်တို့နှင့်ရင်ဆိုင်ကြုံတွေ့နေရသော ငှက်မျိုးစိတ်များနှင့် အခြားဇီဝမျိုးစုံမျိုးကွဲများ နေထိုင်ကျက်စားကြပြီး   စနစ်တကျထိန်းသိမ်းရန် အရေးကြီးသည့် နေရာများဖြစ်သည်။

ကမ္ဘာပေါ်၌  အောက်ချင်းငှက်များတွေ့ရှိနိုင်သော နေရာဒေသများမှာ အာဖရိက၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံအနောက်ပိုင်း၊ မြန်မာနိုင်ငံ၊  ဗီယက်နမ်၊  လာအို၊  ကမ္ဘောဒီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ   ပန်နီဆူလာနှင့်    ဆူမားတြားတို့တွင်လည်း တွေ့ရှိရသည်။   အောက်ချင်းငှက်သည် မြန်မာနိုင်ငံတွင်  ရှားပါးစွာတွေ့ရသော  တောရိုင်းတိရစ္ဆာန်များထဲတွင် ပါဝင်ပြီး မြန်မာနိုင်ငံအတွင်း အမြဲနေထိုင်လေ့ရှိသော  ငှက်အမျိုးအစားလည်း ဖြစ်သည်။ ယင်းအား  မြန်မာနိုင်ငံ၏ ကွင်းပြင်နှင့်တောင်ခြေများတွင်အနှံ့အပြားတွေ့ရှိနိုင်ပြီး အများအားဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးရိုးမတောင်တန်းများနှင့် သစ်တောများ၌ တွေ့နိုင်သည်။

အောက်ချင်းငှက်မျိုးကွဲများ

အောက်ချင်းငှက်သည် တောင်ပီစူးငှက်နှင့် မျိုးရိုးဆင်းသက်လာမှုတူညီသော ငှက်မျိုးစဉ်တစ်ခုဖြစ်ပြီး ဤငှက်များကို ယခင်က ပိန်ညင်းနှင့်အလားတူငှက်များမျိုးစဉ်အောက်တွင် ထည့်သွင်းထားသည့်ငှက်များ ဖြစ်သည်။ သို့သော် မကြာသေးမီက  လေ့လာတွေ့ရှိခဲ့သည့်   မျိုးရိုးဗီဇဆိုင်ရာအချက်အလက်များအရ အောက်ချင်းငှက်များနှင့် အာဖရိကမှ သီးနှံစား အောက်ချင်းငှက်မျိုးစုတို့သည်     သီးခြားမျိုးတူအစုအဖြစ်   ယောင်ယင်ငှက်မျိုးရင်းအောက်တွင်တည်ရှိနေကြောင်းတွေ့ရှိရပြီး ၎င်းမျိုးရင်းသည်လည်း  တောင်ပီစူး ငှက်မျိုးရင်းနှင့်   ပို၍အမျိုးနီးစပ်သောကြောင့်   ၎င်းငှက်မျိုးရင်းနှစ်ခုကိုပေါင်း၍ သီးခြားမျိုးစဉ်အဖြစ် ခွဲထုတ်လိုက်ခြင်း ဖြစ်သည်။ ဤမျိုးစဉ်ဝင်ငှက်များကို အာဖရိက၊အာရှ၊ ဥရောပနှင့်မီလန်နီးရှားဒေသတို့၌ ဖြန့်ကြက်တွေ့ရှိရသည်။ 

ဖွဲ့စည်းထားပုံ

အောက်ချင်းငှက်တို့တွင် ထူးခြားသောနှုတ်သီးတစ်ခုနှင့်အမြီးရှိ၍ နှုတ်သီးဖျားမှ အမြီးထိ ၄ ပေခန့်ရှိပြီး အလေးချိန်မှာ ၆ ဒသမ ၅ ကီလိုကျော်ခန့်ရှိတတ်သောကြောင့်  ထင်ရှားစွာမြင်တွေ့နိုင်သည်။ နှုတ်သီးသည် အလွန်ကြီးမားရှည်လျားပြီး အခွံမာသီး များကိုခွဲ၍စားသောက်ခြင်း၊ သစ်ခေါက်များခွာ၍ အစာရှာဖွေစားသောက်ခြင်းနှင့် သားကောင်ဖမ်းဆီးစားသောက်ခြင်းတို့အတွက်   သင့်လျော်သောပုံစံရှိသည်။  အဝါရောင်သန်းသောအောက်ခံနှုတ်သီးကြီးပေါ်တွင်  အနီရောင်အမောက်ဖုကြီးရှိပြီး ပြားချပ်၍မာကျောကာ အသက်ငါးနှစ်တိုင်အောင် ဖွံ့ဖြိုးမှုမရှိသေးဘဲ ခြောက်နှစ်သားအရွယ်ရောက်မှသာ ဖွံ့ဖြိုးသည်။ ငှက်မ၏အမောက်သည်  ငှက်ဖို၏အမောက်ထက် ပိုမိုသေးငယ်သည်။  မျက်လုံးမှာအဖြူရောင်ဖြစ်ပြီး အနက်ရောင်မျက်ခွံနှင့် ဝန်းရံထား၍ မျက်လုံးဝန်းကျင်ရှိ အရေပြားတို့သည် အနီရောင်ရှိသည်။ အောက်ချင်းငှက်တို့၏ အမွေးအတောင်များသည် အဖြူနှင့်အမည်းရောစပ်နေသော အရောင်အသွေးရှိသည်။ တောင်ပံ၏အရှေ့ပိုင်းတွင် အမွေးအတောင်ထူထပ်ပြီး အနောက်ဘက်ပိုင်းတွင် ရွှန်းလဲ့သော အစိမ်းရောင်အမွေးအတောင်များရှိသည်။ အမြီးမှာလည်း  ရှည်လျားကျယ်ပြန့်သည့်အပြင် အနက်ရောင် ကန့်လန့်စင်းများရှိသည်။ ဦးခေါင်း၊ နောက်ကျော၊အတောင်နှင့်ရင်ဘတ်များမှာ အမည်းရောင်ဖြစ်ပြီး ဝမ်းဗိုက်နှင့်ပေါင်မှာ အဖြူရောင်ဖြစ်သောကြောင့် ပိုမိုလှပလေသည်။ ခြေထောက်များသည် တိုတောင်းသောကြောင့် လမ်းလျှောက်ခြင်းထက် ခုန်၍သွားလာရန်   ပိုမိုအဆင်ပြေစေသည်။   ပျံသန်းချိန်တွင် အောက်ချင်းငှက်၏ရင်ဘတ်နှင့် အတောင်အဖျားရှိ အဖြူအမှတ်အသားများကို ထင်ရှားစွာမြင်ရသည်။ 

အောက်ချင်းငှက်အစာစားပုံ

အောက်ချင်းငှက်အများစုသည် သဖန်းသီးများကို အလွန်နှစ်သက်စွာ စားသုံးကြလေ့ရှိကြပြီး လိုအပ်သည့် ရေဓာတ်ကိုလည်း ထိုအသီးများမှတစ်ဆင့် ရရှိကြသည်။   အောက်ချင်းငှက်များက အသီးအနှံအပြင် ငညျနခအျ၊ ကုန်းနေရေနေသတ္တဝါ၊ တွားသွားသတ္တဝါ၊ နို့တိုက်သတ္တဝါငယ်၊ သေးငယ်သည့်ငှက်များအပါအဝင် ပုရွက်ပျံများ၊ လင်းနို့များ၊ ပိုးမွှားများ၊ ဖွတ်၊ ပုတတ်မျိုးများ၊ ပုတ်သင်၊ ကင်းလိပ်ချော၊ မြွေများနှင့် မပျံသန်းနိုင်သော ငှက်ပေါက်လေးများစသော တွားသွားသတ္တဝါတို့ကို စောင့်ကြည့်ဖမ်းယူစားသောက်လေ့ရှိကြသည်။ အောက်ချင်းငှက်များသည် သတ္တဝါတို့ကို ဖမ်းယူပြီးနောက်  စားသောက်ခြင်းမပြုမီ သားကောင်၏ အသားများ ပျော့ပျောင်းသွားစေရန် သစ်ပင်ပင်စည်တို့နှင့်ရိုက်ပုတ်လေ့ရှိပြီး ကြီးမားသောသားကောင်များကိုမူ ၎င်းတို့၏နှုတ်သီးဖြင့်ထိုးဆိတ်၍  သေးငယ်အောင်ပြုလုပ်ကာ စားသုံးကြသည်။  အစာစားပြီး နောက် သစ်သီးများကို သယ်ဆောင်သွားကြသည်။ လေထဲတွင်ပျံသန်းရင်း ဧရိယာအများစုကို စောင့်ကြည့်တတ်ကြသည်။

အောက်ချင်းငှက်သားပေါက်ချိန်

ကမ္ဘာပေါ်ရှိငှက်မျိုးစုံများမှ သစ္စာအရှိဆုံးငှက်မှာ အောက်ချင်းငှက်ဖြစ်ပြီး အုပ်စုဖွဲ့နေထိုင်တတ်ကြသည်။ အောက်ချင်းငှက်များသည်   အုပ်စုဖွဲ့နေထိုင်ရင်း တစ်ကောင်နှင့်တစ်ကောင် သံယောဇဉ်တွယ်၊ ချစ်ခင်စုံမက်ကြပြီးမှ မိတ်လိုက်တတ်ကြသည်။ ချစ်ခင်စုံမက်ချိန်မှစတင်ပြီး တစ်သက်လုံးမခွဲမခွာဘဲ အတူတကွပျံသန်းလေ့ရှိကြသည်။ အောက်ချင်းငှက်များသည် အရွယ်ရောက်၍ ကြင်ရာဖက်ရှာတွေ့သွားပြီးလျှင် ကိုယ်ပိုင်အသိုက်လေးဖြင့် သီးခြားခွဲထွက်နေထိုင်တတ်ကြသည်။    အောက်ချင်းငှက်များသည် ဆောင်းအကုန်နွေအကူး    ဇန်နဝါရီလမှဧပြီလအတွင်း ဥဥလေ့ရှိတတ်ကြပြီး အဖြူရောင်ဥကို တစ်လုံးမှ သုံးလုံးအထိ ဥတတ်ကြသည်။

ချင်းပြည်နယ်အလံနှင့်အောက်ချင်းငှက်

ကမ္ဘာ့နိုင်ငံအသီးသီးတွင်  ပြည်ထောင်စုနိုင်ငံတော်တစ်ခုအဖြစ်အသိအမှတ်ပြုနိုင်ရေး ကိုယ်ပိုင်နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊   ယင်းအခြေခံဥပဒေအရ လွှတ်တော်၊ သမ္မတ၊ ဝန်ကြီးချုပ်၊  ဝန်ကြီးအဖွဲ့၊ တပ်မတော်၊အမျိုးသားတံဆိပ်၊ နိုင်ငံတော်အလံနှင့်ရုံးသုံးဘာသာစကားများစသည်ဖြင့် အမျိုးသား အမှတ်သင်္ကေတများ အသီးသီးရှိတတ်ကြသည်။ ပြည်ထောင်စုဝင်နိုင်ငံတော်များအတွင်း၌ ဘာသာစကား မတူညီသော လူမျိုးနွယ်စုအများအပြား နေထိုင်ကြသောကြောင့် ယင်းလူမျိုးများအတွက်   ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မူ ကျင့်သုံးရသည်။ ယင်းလူမျိုးနွယ်စုအနေအထားများအလိုက် ကိုယ်ပိုင်အုပ်ချုပ်ရေးအမျိုးသားဒေသများ ဖွဲ့စည်းပေးရသည်။ မြန်မာနိုင်ငံသည် ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန်တစ်ခုဖြစ်ပြီး လူမျိုးအသီးသီးတွင် မိမိတို့၏ဘာသာစကား၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဒေသများအလိုက် မိမိတို့၏အကျိုးစီးပွားနှင့်ကိုက်ညီသော ပုံသဏ္ဌာန်မျိုးကိုဖန်တီးကြသည်။

လွတ်လပ်သောလူမျိုးများသည် နိုင်ငံတော်ဖွဲ့စည်းတည်ထောင်ခြင်း၊  မိမိတို့၏အမျိုးသားနိုင်ငံတော်တံဆိပ်များ ပြုလုပ်ပုံဖော်ခြင်းတို့တွင်  အမျိုးသားအမှတ်အသားရုပ်ပုံများကို ရွေးချယ်ထည့်သွင်းလေ့ရှိတတ်ကြသည်။ ဥပမာအားဖြင့် မွန်လူမျိုးက ဟင်္သာ၊ ရှမ်းလူမျိုးက ကျားစသည်ဖြင့် အမျိုးသားအမှတ်အသားများ ထားရှိတတ်ကြသည်။ ထို့ကြောင့် ချင်းလူမျိုးများသည် လူမျိုး၊   မျိုးနွယ်စုများကို ကာကွယ်စောင့်ရှောက်သောငှက်၊ မေတ္တာတရားကြီးမားပြီး သစ္စာရှိသောငှက်၊ စည်းလုံးညီညွှတ်မှုကို ဖော်ဆောင်

သောငှက်ဖြစ်ခြင်းတို့ကြောင့်   အောက်ချင်းငှက်ကို သူတို့၏ အမျိုးသားအမှတ်တံဆိပ်အဖြစ် ချင်းပြည်နယ်၏ အလံတွင် ထည့်သွင်းအသုံးပြုကြသည်။ အောက်ချင်းငှက်ပါသောအလံကို ပြည်နယ်အလံအဖြစ် ၁၉၈၆ ခုနှစ်တွင် ချင်းပြည်နယ်ပါလီမန်က အတည်ပြုခဲ့သည်။ ယင်းအလံတွင် အပြာ၊ အနီ၊ အစိမ်း၊ ရေပြင်ညီမျဉ်းသုံးကြောင်း၊ အလယ်၌စက်ဝိုင်းနှင့်အောက်ချင်းငှက်၊ ထိုစက်ဝိုင်းကို ဝန်းရံထားသောကြယ်ကိုးလုံးတို့ပါဝင်သည်။

အောက်ချင်းငှက်များထိန်းသိမ်းစောင့်ရှောက်ရေး

ထိန်းသိမ်းစောင့်ရှောက်ရေးအဆင့်အတန်းဆိုသည်မှာ ဇီဝသက်ရှိများအစုအဖွဲ့တစ်ခု (ဥပမာ- မျိုးစိတ်တစ်ခု)၏ ဆက်လက်၍တည်ရှိနေနိုင်မည့် အလားအလာနှင့် မကြာမီပျောက်ကွယ်သွားနိုင်မည့်အလားအလာစသည်တို့ကို    ညွှန်ပြပေးသော ဖော်ပြမှုသတ်မှတ်ချက်ပင်ဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်ရေးအဆင့်အတန်းအား  အကဲဖြတ်

ရာတွင် အချက်ပေါင်းများစွာကို ထည့်သွင်းစဉ်းစားရသည်။ တစ်ဦးချင်း၊ အစုအဖွဲ့တစ်ခုချင်း ကျန်ရှိနေသည့်အရေအတွက်အား စာရင်းကောက်ယူရုံတင်မကဘဲ အချိန်နှင့်အမျှ တိုးလာနိုင်မည့်အရေအတွက်၊ ကျဆင်းသွားမည့်အရေအတွက်၊ အောင်မြင်နိုင်မည့် ပေါက်ဖွားနှုန်းနှင့် လက်ရှိတွင်၎င်းအပေါ်သို့ မည်သည့်အခက်အခဲနှင့် အန္တရာယ်များ ကျရောက်နေသည် သို့မဟုတ် ခြိမ်းခြောက်နေသည်ကို သိရှိနားလည်ခြင်း စသည့်အချက်အလက်ပေါင်းများစွာကို ထည့်သွင်းသုံးသပ်ရ၏။ 

ရှားပါးမျိုးစိတ်နှင့် မျိုးသုဉ်းရန်အန္တရာယ်နှင့်ရင်ဆိုင်နေရသော နို့တိုက်သတ္တဝါများနှင့် ငှက်မျိုးစိတ်များဖြစ်သည့်   အောက်ချင်း၊  အောင်လောင်၊ မျက်ခုံးဖြူငှက်ပြာခြောက်၊ ဇာမဏီငှက်၊ Burmese Tit ငှက်များ၊ အပင်မျိုးစိတ်များ၊ သစ်ခွမျိုးစိတ်များ တည်ရှိရာဒေသတစ်ခုဖြစ်သော ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင် မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့နယ်တို့အတွင်းတည်ရှိသည့်   နတ်မတောင် (အကျယ်အဝန်း ၁၇၆၂၀၂ ဧက)ကို ၁၉၆၃  ခုနှစ်တွင် ဘောလီမိုးကြိုးဝိုင်းအဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် Important Bird Area (IBA)  အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်တွင်   အမျိုးသားဥယျာဉ်အဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် အာဆီယံ အမွေအနှစ်အဖြစ် လည်းကောင်း အဆင့်ဆင့်တိုးမြှင့် သတ်မှတ်ခဲ့ကြသည်။

ချင်းပြည်နယ်၏အမှတ်အသားသင်္ကေတဖြစ်သော တောင်ဇလပ်ဖြူ၊ တောင်ဇလပ်နီ၊ သစ်ခွမျိုးများနှင့် ချယ်ရီပင်များပေါက်ရောက်ပြီး သဘာဝတောအနေအထားများ ကောင်းမွန်ခြင်း၊ မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် တောဆိတ်၊ တောင်ဆိတ်၊ ကျားသစ်နှင့် သင်းခွေချပ် စသည့် တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်ခြင်း၊ အောက်ချင်းငှက်တို့ သားပေါက်ရာဒေသဖြစ်ခြင်း၊ ထူးခြားသည့်ဘူမိရုပ်သွင်များရှိခြင်းတို့ကြောင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ  အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်  အခွင့်အလမ်းများစွာ ရရှိနိုင်မည် ဖြစ်သဖြင့်   ချင်းပြည်နယ်အတွင်း နတ်မတောင်အမျိုးသားဥယျာဉ်အပါအဝင် ဗွေပါး တောင်အမျိုးသားဥယျာဉ်၊ ကနေဒီ ခေါ် လေသာတောင်အမျိုးသားဥယျာဉ်၊ မီအေပီတောင်အမျိုးသားဥယျာဉ်၊ ဇိန်မှုတောင် အမျိုးသားဥယျာဉ်၊ စာမွှန်းတောင်အမျိုးသားဥယျာဉ်၊  ကျီရီးယန်းတောင်အမျိုးသားဥယျာဉ်တို့ကို အမျိုးသားဥယျာဉ်အဖြစ်   ကာကွယ်ထိန်းသိမ်းရန်ရည်ရွယ်၍သတ်မှတ်ထားခြင်းဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်၏အထိမ်းအမှတ် အောက်ချင်းငှက်များ မျိုးသုဉ်းပျောက်ကွယ်လာရခြင်း အကြောင်းရင်းမှာ ဒေသတွင်းရှိ ငှက်မုဆိုးတို့၏ နည်းလမ်းအမျိုးမျိုးဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရောင်းချခြင်း၊ သစ်တောများ ပျက်စီးပြုန်းတီး ပျောက်ကွယ်လာမှုနှင့် ဒေသအလိုက် သဘာဝတောတောင်သားကောင်များ၊  သဘာဝ သစ်တောများကို ထိန်းသိမ်းမှု အားနည်းခြင်းတို့ကြောင့် ဖြစ်သည်။

တောရိုင်းတိရစ္ဆာန်တွင် ပါဝင်သည့် အောက်ချင်းငှက်အား ထိန်းသိမ်းစောင့်ရှောက်ရာတွင်   ဒေသခံပြည်သူများ အားလုံး  လက်တွဲညီညီပူးပေါင်း ပါဝင်ဆောင်ရွက်ကြမှသာ အောက်ချင်းငှက်များရှင်သန်ပြီး ကောင်းကင်နေရာ အနှံ့အပြားတွင်လွတ်လပ်စွာ ပျံဝဲအသက်ရှင်ခွင့်ရမည်ဖြစ်ကြောင်း   ရေးသားလိုက်ရသည်။    ။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)