မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အင်းတော်မြို့နယ်၌ စပါးစိုက်ခင်းများနှင့် တံတားနှစ်စင်း ထိခိုက်ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နမီးကျေးရွာအုပ်စု နမီးချောင်း၌ သြဂုတ် ၈ ရက် နံနက်ပိုင်းတွင်  မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေကြီးရေလျှံမှု ဖြစ်ပွားရာ စပါးစိုက်လယ်  ၁၉ ဒသမ ၇ဝ ဧကနှင့် တံတားနှစ်စင်း   ထိခိုက်ပျက်စီးကြောင်း မော်လူးမြို့ အုပ်ချုပ်ရေးမှူး  ဦးထွန်းထွန်းလင်း ကပြောသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့်    နမီးကျေးရွာအုပ်စု နမီးကျေးရွာ ကွင်းအမှတ် (၄၉၉/၄၄၇)ရှိ တောင်သူ ၁၄ ဦး၏ စပါးစိုက်ဧက ၈ ဒသမ ၂ဝ၊ လေဘိုကျေးရွာ ကွင်းအမှတ်(OSS)ရှိ တောင်သူရှစ်ဦး၏ စပါးစိုက်ဧက ၁၁ ဒသမ ၅ဝ စုစုပေါင်း တောင်သူ ၂၂ ဦးတို့၏ စပါးစိုက်လယ်ဧက၁၉ ဒသမ ၇ဝ ခန့် ရေလွှမ်း ပျက်စီးခဲ့သည်။

ထို့ပြင် အင်းတော်မြို့နယ် မံဟဲကျေးရွာအုပ်စုတွင် လေးတန်ချောင်း ရေကြီးရေလျှံမှုကြောင့် လေးတန်ချောင်းနှင့် နန့်စီးအောင်ချောင်းဆုံ၌ ကမ်းပါးပြိုကျသဖြင့် ချောင်းအနီး ပေကုန်းကျေးရွာရှိ ဒေါ်သန်းသန်းအေး ၏နေအိမ်ကို    ဒေသခံများက  ဘေးလွတ်ရာသို့ ဝိုင်းဝန်းရွှေ့ပြောင်းရသည်။

အလားတူ နမီးချောင်း ရေကြီးရေလျှံမှုကြောင့် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသော နားဖာ-ဆားမှော်      ကျေးရွာချင်းဆက်  ချောင်းကူးတံတားအရှည်ပေ ၂၂ဝ၊ အကျယ်၁၂ ပေ၊ အမြင့် ၃၅ ပေရှိ သစ်သားတံတားသည် ပေ ၁၅ဝ ခန့်ရေထဲမျောပါခဲ့ပြီး ကာလတန်ဖိုးငွေ ကျပ်သိန်း ၁၈ဝ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။ ၎င်းအပြင် နမီးကျေးရွာအုပ်စု မြစိမ်းရောင်ရန်ပုံငွေမှ အတိုးရစုဆောင်းငွေ ကျပ် ၇၄ သိန်း၊  ဒေသခံပြည်သူများ ထည့်ဝင်ငွေ ကျပ် ၄၇၆ သိန်းဖြင့် ဆောက်လုပ်ထားသည့်  နမီး-ကွင်းငို့ ကျေးရွာချင်းဆက် အရှည်ပေ ၁၇ဝ၊ အကျယ် ၁၃ ပေ၊ အမြင့် ၃၅ ပေရှိ အုတ်ခံပျဉ်ခင်း တံတားမှာလည်း ရေထဲသို့ ပေ ၁၄ဝ ခန့်မျောပါသဖြင့် ငွေကျပ်သိန်း ၅၅ဝ ခန့်ဆုံးရှုံးရကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် ရေလွှမ်းပျက်စီးမှု ဖြစ်ပွားရာနေရာများသို့ အင်းတော်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ   ဦးသိန်းတန်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်    ဦးသန်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဆွေအေးနှင့် အဖွဲ့၊ မော်လူးမြို့အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊   မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးမှူး   ဦးလှမျိုးလွင်နှင့်  အဖွဲ့တို့က ကွင်းဆင်း၍ ပျက်စီးသွားသော လယ်ဧက စာရင်းများကို ကောက်ယူခြင်း၊ မျောပါသွားသော တံတားအပိုင်းများကို ဆယ်ယူခြင်း၊ နေအိမ်ရွှေ့ပြောင်းခြင်း လုပ်ငန်းများကို ဒေသခံများနှင့်    ပူးပေါင်း လုပ်ဆောင်ကြကြောင်း သိရသည်။