ပွဲမဝင်ခင် ပြင်ဆင်မှတ်သား တို့ကျောင်းသား

ပွဲမဝင်ခင် ပြင်ဆင်မှတ်သား တို့ကျောင်းသား

    လူသားတို့၏ကမ္ဘာတွင်  အသက်ရှင်နေထိုင်ရေးအတွက် ကာယလုပ်အား၊ ဉာဏလုပ်အားဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြရသည်။  ထိုသို့အသက်မွေးဝမ်းကျောင်း ပြုရာတွင်   အတတ်ပညာသည်လည်း အဓိကမဏ္ဍိုင် တစ်ခုပင်ဖြစ်သည်။  ယနေ့ခေတ်သည်  IT နည်းပညာများ ထွန်းကားနေပြီး   နည်းပညာ

စွမ်းရည်တို့ဖြင့်ဆန်းသစ်၍ လုပ်ငန်းပိုင်း ဆိုင်ရာများကို ဆောင်ရွက်နေကြပြီဖြစ်သည်။   ထို့ကြောင့် အရွယ်ရောက်ပြီးသော လူသားတိုင်းသည် အတတ်ပညာများကို မဖြစ်မနေသင်ယူ တတ်မြောက်ထားကြရပေမည်။  ပညာကိုအခြေခံသော ပညာခေတ်ကို ရင်ပေါင်တန်းနိုင်ရန်အတွက် အတတ်ပညာများ ထိုက်သည့်အားလျော်စွာ တတ်မြောက်ထားကြရမည်။ လက်လှမ်းမီသမျ ှလေ့လာဆည်းပူးကြရမည်ဖြစ်သည်။ ထို့ကြောင့် ပညာခေတ်အတွက် ဘဝတစ်ဆစ်ချိုးကို ပြောင်းလဲပေးနိုင်သည့် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထက်တန်းပညာ ပြီးမြောက်အောင်မြင်ရန် ကြိုတင်ပြင်ဆင်ကြရတော့မည်ဖြစ်သည်။

မှတ်သားလိုက်နာပါ

    တက္ကသိုလ်ဝင်တန်း  စာမေးပွဲဖြေဆိုရန်အတွက် အချိန်သည် အလွန်ပင် နီးကပ်လာပြီဖြစ်သည်။ ထိုသို့နီးကပ်လာသည်နှင့်အမျှ မိဘများ၊ ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ အပေါ် ဂရုစိုက်မှုပိုမိုလာသကဲ့သို့ အရေးကြီးသည့် အချက်အလက်များ၊  ဆောင်ရန်ရှောင်ရန်များကို မနားမနေ မှာကြားကြတော့သည်။ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မိဘ၊ ဆရာသမားများ၏ မှာကြားချက်များကို သေချာစွာမှတ်သား၍  လိုက်နာကြရမည်။ ဆရာ၊ဆရာမများသည်  သင်ကြားရေးအပိုင်းတွင်  နှစ်ချီ၍ သင်ကြားနေကြသူများဖြစ်သည်။ သင်ခန်းစာများ၏သဘောတရားများကိုလည်း များစွာကျွမ်းကျင်သူများ ဖြစ်ကြသည်။  စာမေးပွဲဖြေဆိုရန်  နီးကပ်လာသည့်အခါ ဆရာ၊ ဆရာမများအနေဖြင့် အရေးကြီးသည့် သင်ခန်းစာများကို ပြန်လည်သင်ကြား လေ့ကျင့်ပေးခြင်း၊ မှားယွင်းတတ်သည့် အချက်များကို ထောက်ပြ၍ အမှားအယွင်းမဖြစ်ရအောင်သတိပေးခြင်း၊ လေ့ကျင့်ခန်း သင်ခန်းစာများကို   ထပ်ခါတလဲလဲပြန်လည် လေ့ကျင့်စေခြင်းများ ပြုလုပ်ပေးကြသည်။ ထိုအချိန်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထူးဂရုပြု၍ မှတ်သားလိုက်နာကြရပေမည်။

နိုင်ငံတော်အစိုးရနှင့်  ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍  သတင်းစာများတွင်လည်း ဘာသာရပ်အလိုက် လေ့လာနိုင်ရန် သိမှတ်ဖွယ်ရာ အခန်းကဏ္ဍများကို ဖော်ပြလျက်ရှိပေသည်။ ထိုအချက်များသည်လည်း စာမေးပွဲဖြေဆိုသူများအတွက် အထောက်အကူ ဖြစ်စေသောကြောင့် မပျင်းမရိဘဲ လေ့လာမှတ်သားကြရပေမည်။ ပညာရေးဂျာနယ်များတွင်ပါရှိသော သိမှတ်ဖွယ်ရာ သင်ခန်းစာများကိုလည်း  လေ့လာမှတ်သားကြရမည်။ စာမေးပွဲဖြေဆိုရန် အချိန်နီးကပ်နေပြီဖြစ်၍ သင်ခန်းစာများကို ကျက်မှတ်သည်ထက် ပြန်လည်လေ့လာပြီး စနစ်တကျမှတ်သားခြင်းကပို၍ တန်ဖိုးရှိသည်။ Review ဟူသောပြန်လည်လေ့လာ မှတ်သားခြင်းကသာလျှင် အကောင်းဆုံးသော ရလဒ်ကို ပေးစွမ်းနိုင်ပေလိမ့်မည်။

ကိုယ်ပိုင်ဉာဏ်ဖြင့်မှတ်သားပါ

 လူ့လောက၌  အရာရာတိုင်းတွင် ကြိုတင်ပြင်ဆင်ခြင်းကသာလျှင်   အကောင်းဆုံးသော ဆေးစွမ်းတစ်လက်၊ အစွမ်းထက်သော စွမ်းအားတစ်ခုဖြစ်ပေသည်။    စာမေးပွဲဖြေဆိုကြမည့်  ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ကြရမည်။ သင်ခန်းစာများကို  စိတ်ဖြင့်မှတ်ပါ၊ လက်ဖြင့်ရေးပါ၊ စာမေးပွဲခန်းမအတွင်း တစ်စုံတစ်ရာ အခက်အခဲရှိခဲ့သည့်တိုင်အောင် လက်ဖြင့်ရေးချထားခြင်းကြောင့် နှုတ်မှ ရွတ်ဆိုမှုမှားခဲ့သော်လည်း လက်မှ အမှန်ရေးသားနိုင်ပါလိမ့်မည်။  သင်ခန်းစာများကို အော်၍ကျက်မှတ်ခြင်း၊ စိတ်ဖြင့် ကျက်မှတ်ခြင်းများထက် Self Education  ဟူသော ကိုယ်တိုင်သင်ယူခြင်းဖြင့် လေ့လာကြရမည်။ ကိုယ်တိုင်သင်ယူခြင်း ဆိုသည်မှာ  ဆရာ၊ ဆရာမများ၊ မိဘများကသင်ကြားပေးသည်ကို လိုက်နာသည့်အပြင် မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်းစဉ်းစား၍   နားလည် သဘောပေါက်စွာ မှတ်သားခြင်းကိုဆိုလိုသည်။ သို့မှသာ ဘယ်အချိန်ကာလရောက်သည်ဖြစ်စေ မိမိလေ့လာထားသော သင်ခန်းစာများကို အမှတ်တရရှိနေပေလိမ့်မည်။

 နားမလည်သော သင်ခန်းစာများကို ဆရာ၊ ဆရာမများ၊  သူငယ်ချင်းများနှင့် အပြန်အလှန်ဆွေးနွေး၍ မှတ်သားပါ။ သို့သော်လည်း ဤမျှနှင့်ကျေနပ်ရန် မဖြစ်သင့်ပေ။ မိမိကိုယ်တိုင်လည်း နားလည်သဘောပေါက်အောင် ပြန်လည်လေ့ကျင့်ကြရမည်။ အရေးကြီးသော ဘာသာရပ်ဆိုင်ရာ ဖော်မြူလာများ၊ ဥပဒေသများကို အလွတ်ကျက်မှတ်သည်ထက် တွက်ချက်နည်းများ၊ ဖြစ်စဉ်များကို သေချာစွာမှတ်သားရန် လိုအပ်သည်။ ယခုကဲ့သို့ စာမေးပွဲနီးကပ်သော အချိန်တွင် အုပ်စုဖွဲ့၍ စာကျက်မှတ်ခြင်းထက် မိမိကိုယ်ပိုင်ဉာဏ်ဖြင့် လေ့လာဆည်းပူးခြင်းက ပို၍ကောင်းမွန်သည်။ စိတ်ထွေပြားမှု၊ စမ်းတဝါးဝါးဖြစ်မှုတို့ထက် မိမိပိုင်နိုင်သည်၊ မပိုင်နိုင်သည်ဟူသော သင်ခန်းစာများကို ခွဲခြားသိမြင်လာနိုင်သည်။ လိုအပ်သည့်အခါမှသာ  နှီးနှောဆွေးနွေးခြင်း ပြုလုပ်ကြရပေမည်။

စိစစ်ရွေးချယ်ပါ

    စာမေးပွဲဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများအတွက်  စိစစ်ရွေးချယ်မှုသည်  အဓိကအချက်ပင် ဖြစ်သည်။ သင်ခန်းစာအားလုံးကို    အလွတ်နီးပါး ရကြသော ကျောင်းသား၊ ကျောင်းသူများမှာ ရှားပါးသည်။ ဘာသာရပ်အလိုက်တွင်လည်း  မိမိအားသန်ရာ ဘာသာရပ်တွင် ထူးချွန်ကြပြီး တချို့ဘာသာရပ်များတွင်လည်း   အားနည်းတတ်သည်များ  ရှိတတ်ကြသည်။ မိမိပိုင်နိုင်ပြီဖြစ်သော ဘာသာရပ်များရှိပြီး  တစ်ဘာသာမျှ   အားနည်းနေလျှင်လည်း    စိုးရိမ်ရသည်။ များသောအားဖြင့်  မိမိပိုင်နိုင်သော ဘာသာရပ်ကိုသာ   ထပ်တလဲလဲလေ့လာပြီး မိမိမပိုင်နိုင်သော ဘာသာရပ်ကိုစိတ်ပျက်စွာ သာမန်မျှလေ့လာခြင်းမျိုး ရှိကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အန္တရာယ်များသည်။  ဘာသာရပ်တိုင်း အောင်မြင်မှသာ စာမေးပွဲ အောင်မည်ကို သတိပြုကြရမည်။  မိမိပိုင်နိုင်သော ဘာသာရပ်ကို ထပ်ခါတလဲလဲ လေ့လာသည့်အချိန်ကို   အနည်းငယ်လျှော့၍   မပိုင်နိုင်သော ဘာသာရပ်ကို အောင်မြင်စွာဖြေဆိုနိုင်ရန် အချိန်ကိုစိစစ်ကြရမည်။

ဘာသာရပ်အလိုက်  သင်ခန်းစာများတွင်လည်း မိမိပိုင်နိုင်သော သင်ခန်းစာနှင့် မပိုင်နိုင်သော သင်ခန်းစာဟူ၍ ရှိတတ်ကြသည်။ စာမေးပွဲနီးကပ်ချိန်တွင် မပိုင်နိုင်သော သင်ခန်းစာအချို့ကို လျစ်လျူရှုသင့်သလောက် လျစ်လျူရှုကြရမည်။ အဘယ့်ကြောင့်ဆိုသော် စိတ်ပူပင် သောကနှင့်မပိုင်နိုင်သော သင်ခန်းစာများကို အပူတပြင်းလေ့လာနေပါက ပိုင်နိုင်သော သင်ခန်းစာများလည်း ေ၀ဝါးသွားတတ်သည်ကို သတိပြုကြရမည်။ အချိန်ကို အကျိုးရှိစွာအသုံးချရမည့်   အခြေအနေဖြစ်သောကြောင့်  မိမိ၏စိတ်ကို စိစစ်ကြရမည်။ ပိုင်နိုင်သော သင်ခန်းစာများကို တစိုက်မတ်မတ် ရွေးချယ်ကြရမည်။

အချိန်သိပ်မရှိသောကာလတွင် သင်ခန်းစာ ဟူသမျှကို ယောင်ဝါးဝါးပြုလုပ်နေခြင်းသည် မိမိကိုယ်မိမိနှိပ်စက်ခြင်းပင်ဖြစ်သည်။ မိမိထင်သလောက်လည်း ခရီးမပေါက်သလို အောင်မြင်ခြင်းဟူသည်လည်း မှေးမှိန်တတ်သည်ကိုသတိပြုကြရမည်။

စာမေးပွဲခန်းမအတွင်း ရောက်သည့်အခါ  စိစစ်ရွေးချယ်မှုသည်လည်း အရေးကြီးသည်။ တချို့သော ကျောင်းသား၊ ကျောင်းသူများသည် မေးခွန်းစာရွက်ကို သေချာစွာမဖတ်ရှုပေ။  မိမိစိတ်ထဲမှတ်မိနေသော မေးခွန်းမျိုးမြင်သည်နှင့်တစ်ပြိုင်နက် ဖြေဆိုလိုက်ကြသည်။   အထစ်ထစ်အငေါ့ငေါ့နှင့် မေ့လျော့ပါက ဆုံးရှုံးနစ်နာမည်ကို မတွေးကြတော့ပေ။ ထို့ကြောင့် စာမေးပွဲခန်းမအတွင်း ရောက်သည့်အခါ  မေးခွန်းစာရွက်ကို  အစအဆုံး သေချာစွာဖတ်ရမည်။ မိမိသေချာပိုင်နိုင်စွာ ရရှိသောမေးခွန်းများကို စိစစ်ရွေးချယ်ကြရမည်။ ထိုသို့စိစစ်ရွေးချယ်မှု မှန်ကန်မှသာ လွယ်ကူစွာဖြေဆိုနိုင်ပြီး  မိမိမျှော်မှန်းသည့်  အခြေအနေသို့ ရောက်ရှိမည်ဖြစ်သည်။ စနစ်တကျရွေးချယ်၍ ဖြေဆိုခြင်းကသာလျှင်    မိမိအတွက်များစွာ အကျိုးရှိပြီး စိတ်ကျေနပ်မှုရရှိနိုင်မည်ဖြစ်ပေသည်။

စိတ်ကိုပြင်ဆင်ပါ

    လူတို့၏ လိုအင်ဆန္ဒဟူသမျှကိုစွမ်းဆောင်ပေးနိုင်သော စွမ်းအားသည် လူတို့၏စိတ်၌သာ မူတည်နေသည်။ လူသားတို့၏ အပြောအဆို၊အပြုအမူဟူသမျှကို စိတ်ကသာ ဦးဆောင်နေပေသည်။ ထို့ကြောင့် စာမေးပွဲ ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စိတ်ကိုပြင်ဆင်ကြရမည်။ ကျောင်းသား၊ ကျောင်းသူတချို့သည်  စာမေးပွဲဟူသော အသံကြားသည်နှင့် စိတ်လှုပ်ရှားတတ်ကြသည်။  ကျက်မှတ်ထားသော သင်ခန်းစာများကိုပင်  မေ့လျော့သွားတတ်ကြသည်။

စာမေးပွဲဖြေဆိုရာတွင်  အောင်မြင်ခြင်းနှင့် ကျရှုံးခြင်းဟူသော ရလဒ်နှစ်ခုထဲမှ တစ်ခုကိုပိုင်ဆိုင်ကြရမည်သာ ဖြစ်သည်။ ထိုရလဒ်နှစ်ခုမှ အောင်မြင်ခြင်းကိုသာ လူတိုင်းလိုချင်ကြလိမ့်မည်။  ထို့ကြောင့်  စာမေးပွဲ ဖြေဆိုသည့်အခါ အောင်ကိုအောင်ရမည်၊ ဖြေဆိုနိုင်ရမည်ဟူသော စိတ်ကိုသာ  နှလုံးသွင်း၍  ကြောက်ရွံ့စိုးရိမ်ခြင်းကို ပယ်ဖျောက်ထားကြရမည်။

တချို့သောကျောင်းသား၊ ကျောင်းသူများသည် အထူးအောင်အဆင့်ကို မျှော်မှန်းကြသည်။ မေးခွန်းကို မြင်သည်နှင့် ဂုဏ်ထူးရပါတော့မလား၊  ထင်ထားတဲ့ သင်ခန်းစာတွေပါပါ့မလားဟု   အတွေးများတတ်ကြသည်။ ထိုအတွေးများသည်  မိမိ၏စိတ်ခွန်အားကို ထိခိုက်စေသည်။ မည်သို့ပင်  မျှော်မှန်းထားသည်ဖြစ်စေ မိမိဖြေဆိုလိုက်သော အဖြေသည်  အမှန်ဖြစ်သည်၊ မိမိအလုပ်သည် ဖြေဆိုရမည့်အလုပ်ဖြစ်သည်ဟုသာ တွေးတော၍ဖြေဆိုကြရမည်။ တခြားသော ဖိအားဖြစ်စေမည့် အတွေးများကိုရှောင်ရှားကြရမည်။

ဂုဏ်ထူးရလိုဇောနှင့် မိမိမပိုင်နိုင်သော မေးခွန်းများကို ဦးစွာဖြေဆို၍ အချိန်ကုန်ခံခြင်းမျိုး မပြုလုပ်သင့်ပေ။

စိတ်ထွေပြားခြင်းသည် အရာရာတိုင်းကို လွဲချော်စေနိုင်သောကြောင့် ဆုံးဖြတ်ချက်ခိုင်မာစွာ ချပြီး ပေါ့ပါးစွာ ဖြေဆိုနိုင်ရန် မိမိတို့၏စိတ်ကို ပြင်ဆင်ထားကြရပေမည်။

မိဘ၊ ဆရာ၊ ကျောင်းသား ညီမျှပါစေ

    စာမေးပွဲနီးကပ်လာချိန်တွင် မိဘ၊ ဆရာ၊ ကျောင်းသားတို့သည် သဘောထား ညီမျှရန်  လိုအပ်သည်။ မိဘများသည် မိမိ၏ သားသမီးများကို “ဆင်စီးမြင်းရံ” ဖြစ်စေချင်သည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့သော် မိမိတို့၏ တိုက်တွန်းချက်များသည် မိမိတို့သားသမီးများအတွက် ဖိအားတစ်ခု မဖြစ်စေရန် သတိပြုကြရမည်။   မိမိ၏သားသမီးများကို စောင့်ကြည့်ပါ။ 

အားပေးပါ။  မိမိတို့ဖြစ်စေချင်သည့်ဆန္ဒကို ထပ်ခါတလဲလဲ ထုတ်ဖော်ပြောကြားပြီး မိမိ၏သားသမီးများ စိတ်ထွေပြားမှုဖြစ်ရန် မပြုလုပ်သင့်ပေ။ စိတ်ဓာတ်ကျဆင်းစေသော အပြောအဆိုများ၊  အပြုအမူများဖြင့် သားသမီးများအား မဆက်ဆံမိစေရန် သတိပြုကြရပေမည်။

ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိ၏ တပည့်များအား “ဆရာ့ထက်တပည့်လက်စောင်းထက်”သည်ကိုမြင်ချင်သည်မှာ အမှန်တရားပင်ဖြစ်သည်။ သို့သော်လည်း မိမိတို့သင်ကြားမှု အားလုံးကို တပည့်များက တစ်သဝေမတိမ်း ကျက်မှတ်နိုင်သူမှာ နည်းပါးသည်ကို သတိပြုကြရမည်။ မိမိတပည့်များ၏ အားနည်းချက်၊ အားသာချက်များအပေါ်တွင်သာ မူတည်၍ ဖြည့်စွက်ပေးခြင်းသာလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း စိတ်ကို အလိုလိုက်၍  မိမိထင်ရာကို ဆောင်ရွက်ခြင်းမပြုသင့်ပေ။ မိမိ၏ ကိုယ်ပိုင်ဉာဏ်၊ မိမိ၏အားသာချက်၊ အားနည်းချက်၊ မိမိ၏ စွမ်းဆောင်နိုင်မှုတို့ကို မိဘဆရာသမားများအား ပွင့်လင်းစွာပြောဆို အသိပေးကြရမည်။

သို့မှသာ မိဘ၊ ဆရာ၊ ကျောင်းသားများ ဟန်ချက်ညီသော ဆောင်ရွက်ချက်ဖြင့် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ ဘဝ၏ တစ်ဆစ်ချိုး ပြိုင်ပွဲသည်လည်း လွယ်ကူစွာ အောင်မြင်ပေလိမ့်မည်။

ပွဲမဝင်ခင်က ပြင်ဆင်ကြ

    စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲဟူသော  ပြိုင်ပွဲမဝင်ခင်ကတည်းက ကြိုတင်ပြင်ဆင်မှုများ  ပြုလုပ်ကြရမည်။ ကြိုတင်ပြင်ဆင်ခြင်းသည်  စိတ်တည်ငြိမ်မှုကို ရရှိစေရုံသာမက အမှားအယွင်း နည်းပါးစေသည်။ မည်သို့သော အခက်အခဲ၊ လွဲချော်မှုများရှိစေကာမူ   လွယ်ကူစွာ ကျော်ဖြတ်နိုင်ပေလိမ့်မည်။ ဘဝ၏တစ်ဆစ်ချိုးသည် အလွန်ပင် အရေးကြီးသည်။ ပညာခေတ်ရောက်ပြီဖြစ်၍ ပညာတစ်ခုကို အောင်မြင်စွာ ရယူနိုင်ရန် ကြိုးစားကြရပေမည်။ ထို့ကြောင့် မိမိတို့၏ ကိုယ်စိတ်နှလုံးသုံးပါးလုံးအား အကောင်းဆုံးပြင်ဆင်ပြီး အောင်မြင်သော အနာဂတ်မျိုးဆက် ကျောင်းသားလူငယ်များ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းဖြင့်  အကြံပြုရေးသားလိုက်ရပေသည်။   ။

နုခန့်ယဉ်(ရစ်ကန်ကြီး)