ကျေးဇူးတရားအလေးထား စိုက်ပျိုးရေးသူရဲကောင်းများ

ကျေးဇူးတရားအလေးထား စိုက်ပျိုးရေးသူရဲကောင်းများ

မြန်မာနိုင်ငံ၏လူဦးရေ  ၇၀   ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိက ထား လုပ်ကိုင်ကြသည်။ ဆန်၊ ပဲ၊ ပြောင်း၊ ဝါ၊ ဆီထွက်သီးနှံ အထွက်နှုန်းကောင်းမွန်အောင် စွမ်းဆောင်ခဲ့သည်။ ပြည်တွင်း၌ ပိုလျှံသည့် စားရေရိက္ခာများကို ပြည်ပသို့ပင်တင်ပို့ရောင်းချနိုင်သဖြင့် မြေကြီးက ရွှေသီးသည်ဟုပင် ဆိုနိုင်သည်။ စိုက်ပျိုးရေးနိုင်ငံ တစ်နိုင်ငံအဖြစ် ပီပြင်စွာ ရုပ်လုံးဖော်ကြသူများမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့ကြသည့် တောင်သူလယ်သမားဦးကြီးများသာ ဖြစ်သည်။

တောင်သူလယ်သမား ဦးကြီးများသည် မြန်မာ့လယ်ယာစီးပွားတစ်ခေတ်ကို ရှေ့ဆုံးမှဖော်ဆောင်နေသူများဟုလည်း သတ်မှတ်နိုင် သည်။ အလားတူပင် နိုင်ငံတော်၏ လူမှုစီးပွားဘဝဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍများတွင် ကျရာအခန်းကဏ္ဍမှ ဟန်ချက် ညီညီ ပီပြင်အောင်စွမ်းဆောင်ကြသူများဖြစ်သည်။

မြန်မာနိုင်ငံသည် တောင်ပေါ်မြေပြန့် အလှတရားအသီးသီးဖြင့်တည်ရှိနေသည့် ပြည်ထောင်စုကြီးဖြစ်သည်။ နယ်မြေဒေသ ခြားနား သည့်တိုင် စိုက်ပျိုးရေးလုပ်ငန်းများကို စိတ်ရင်းစေတနာအပြည့်ဖြင့် စိုက်ပျိုးစွမ်းဆောင်ကြသည်။ ဒေသအတွင်း ထွက်ရှိလာသည့် သီးနှံများကို အများသူငါ အာဟာရပြည့်ဝစွာ စားသောက်နိုင်စေရန်ရည်သန်ရောင်းချပေးကြသည်။

စိုက်ပျိုးရေးလုပ်ငန်းဟူသမျှသည် စားရေးဟူသော အခန်းကဏ္ဍကို ဖြည့်ဆည်းပေးစွမ်းသဖြင့် မိမိအကျိုး သူတစ်ပါးအကျိုး ဆောင်ရွက်နိုင်သော လုပ်ငန်းဖြစ်သည်။ စိတ်ထားတတ်လျှင် လွန်စွာမြတ်သော အလုပ်အကိုင်ဖြစ်သည်။ ရှေးတောင်သူ လယ်သမား ကြီးအများစုကို လေ့လာကြည့်လျှင် စေတနာကြောင့် အသက်ရှည်ကြသည်။ ရေဓာတ်၊ မြေဓာတ်၊ လေဓာတ်၊ နေရောင်ခြည်ဓာတ် ပြည့်ဝစွာရရှိလျက် နာဖျားကင်းကင်း ကျန်းမာရွှင်လန်းကြသည်။ ဘေးထွက်ဆိုးကျိုးမရှိသည့် သီးနှံများကို အာဟာရပြည့်ဝစွာ စားသောက်ရသဖြင့် ဆေးရုံ၊ ဆေးခန်းနှင့် အလှမ်းဝေးရခြင်းဖြစ်သည်။

တောင်သူဦးကြီးများ၏ ကျေးဇူးတရား အမှန်တကယ် ကြီးမားလှပါသည်။ အဓိက အစားအစာ ဆန်စပါးကိုအခြေပြုလျက် ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံများကို စိုက်ပျိုးကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စားရေရိက္ခာလိုအပ်ချက်ပြဿနာအရပ်ရပ် အဓိကထား ဆွေးနွေးနေ ချိန်တွင်  တောင်သူလယ်သမားကြီးများသည်လယ်ယာလုပ်ငန်းခွင်ထဲ  နွေဥတုအပူရှိန်ကို အန်တုကာစိုက်ပျိုးလျက်ရှိကြသည်။ ဥတုရာသီခန့်မှန်းရာတွင် တော်ကြသူများဖြစ်ပြီး ရေမြေဒေသအခြေအနေအလိုက် သီးနှံအထွက်နှုန်းခန့်မှန်းရာတွင် အနီးစပ်ဆုံး ခန့်မှန်းနိုင်စွမ်းရှိကြသည်။  တောင်သူအလုပ်သည်  လွန်စွာပင်ပန်းလှသည်။  ယခင်က လယ်ယာလုပ်ငန်းခွင် တွင် ကျွဲနွားများကို အဖော်ပြုထွန်ယက်ကြရသည်။ နေပူစပ်ခါး ပျိုးထောင်၊ ပျိုးကြဲပြုလုပ်ကိုင်ရသည်။ အထွက်နှုန်းကောင်းမွန်ရေး လူ့စွမ်းအား အရင်းအမြစ်ကို ဘက်ပေါင်းစုံမှကောင်းစွာ အသုံးချ၍ ဝါသနာနှင့်အတူ    စေတနာထည့်သွင်းစိုက်ပျိုးကြခြင်းဖြစ်သည်။

အလားတူပင် နိုင်ငံတော်မှလည်း နိုင်ငံအတွင်း စားရေရိက္ခာဖူလုံရေးအတွက်  မြေနှင့် ရေအရင်း အမြစ်များကို အကျိုးရှိရှိ သုံးစွဲရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျစီမံဆောင်ရွက်နိုင်ရေး အလေးပေး ဆောင်ရွက် လျက်ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေကောင်းမွန်ရေး၊ ရေလုံလောက်စွာ ရရှိရေး၊ နည်းစနစ် တကျစိုက်ပျိုးရေးဆိုင်ရာ အခြေခံလိုအပ်ချက်များကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရမည်ဖြစ်သည်။ သို့မှသာ သီးနှံအထွက်နှုန်းပန်းတိုင်ရရှိရေး(မျိုး၊ မြေ၊ ရေ၊ နည်း)စနစ်ကောင်းဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ လယ်ယာ စီးပွားလုပ်ငန်းများ ခေတ်နှင့်လျော်ညီစွာ ဖွံ့ဖြိုးတိုးတက် စေရမည်ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ ဈေးကွက် ဝယ်လိုအား ကောင်းမွန်မှုနှင့် အာဟာရပြည့်ဝသည့် သီးနှံစုံထုတ်လုပ်နိုင်မှုတို့ဖြင့် အချိန်နှင့်တစ်ပြေးညီ အောင်မြင်မှုရရှိရန် အထူးလို အပ်သည်။ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အားနည်းချက်၊ အားသာချက်များကို အချိန်မီပြုပြင်သွားရန်လည်း လိုအပ်သည်။ စိုက်နည်း စနစ်ကောင်းများကို  အားထားရန်လိုအပ်ပြီး ဖြစ်ပေါ်ပြောင်းလဲနေသည့် ရာသီဥတု အလိုက် ရေမြေဒေသကိုက်ညီသည့် ဒဏ်အခံနိုင် ဆုံး မျိုးများစိုက်ပျိုးကြရမည်ဖြစ်သည်။

နိုင်ငံတော်သည် စီးပွားရေးမူဝါဒများ ခိုင်မာစွာချမှတ်လျက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်ရေး၊ ကုန်ထုတ် စွမ်းအားများ မြင့်မားလာစေရေး၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေး၊ ဘေးကင်းလုံခြုံ၍ အာဟာရပြည့်ဝသည့် စားနပ်ရိက္ခာများထုတ်လုပ်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဥပဒေ၊  နည်းဥပဒေအကာအကွယ်များစွာဖြင့် တောင်သူလယ်သမားကြီး များကို ပံ့ပိုးကူညီလျက်ရှိသည်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတွင်လည်း တစ်ဧကချင်း အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေး၊ အရည်အသွေးကောင်းမွန်သည့် စပါးမျိုးများစိုက်ပျိုးရေး အထူးအလေးထားရန် လမ်းညွှန်ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာ  သုတေသနလုပ်ငန်းများဖြစ်သည့် ဈေးကွက်သုတေသန၊  စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးသုတေသန၊ စက်မှုသုတေသန၊ နည်းပညာသုတေသန၊ ပညာရေးသုတေသနလုပ်ငန်းများကို အားပေးလျက်ရှိပြီး စားရေရိက္ခာဖူလုံရေးအတွက် မြေနှင့် ရေအရင်းအမြစ်များကို အကျိုးရှိရှိ သုံးစွဲသွားရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအား ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျ စီမံလျက်ရှိသည်။

ယနေ့အချိန်ကာလမှာ လူ့သက်တမ်း ယုတ်လျော့သည့်ဘက်သို့ ဦးတည်နေသဖြင့် သန့်ရှင်းလတ်ဆတ်သော အစာအာဟာရကို မှီဝဲသုံးဆောင်သင့်ပြီး အာဟာရပြည့်ဝသောသီးနှံများ စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်လာခဲ့သည်။ ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေသည့် အစားအသောက်၊  အနေအထိုင်ပုံစံမှန်မှန်ဖြင့် နေထိုင်ပြုကျင့်သွားမှသာ ကျန်းမာကြံ့ခိုင်သော လူမှုအသိုက်အဝန်း တစ်ခုထူထောင်နိုင်မည်ဖြစ်သည်။ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရရှိရေး၊ နိုင်ငံတကာဈေးကွက် ထိုးဖောက်တင်ပို့နိုင်ရေး ကိစ္စများသည် လယ်ယာစီးပွားဖွံ့ဖြိုးရေးအတွက် အရေးပါလှပြီး စိုက်ပျိုးရေးသုံး ခေတ်မီနည်းပညာများဖြင့် ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ တင်ပို့ခြင်း အဆင့်ဆင့် တိုးတက်လာမည်ဆိုပါက အလေအလွင့်နည်းပါးလျက် အကျိုးအမြတ်များ ပိုမိုရရှိစေမည် ဖြစ်သည်။

ကမ္ဘာတစ်ဝန်းလုံးတွင် စားရေရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစွာရရှိရေး ကြွေးကြော်သံများဖြင့် အရှိန်အဟုန်မြှင့်တင်  ဆောင်ရွက် လျက်ရှိသည်ကို လေ့လာတွေ့ရှိရသည်။ ဆင်းရဲငတ်မွတ်မှု တိုက်ဖျက်ရေး လုပ်ငန်းများကိုလည်း ထောင်စုနှစ်ရည်မှန်းချက်များ သတ်မှတ်လျက်ရှိပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်(၁၇)ရပ်ပါအတိုင်း ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်ရေး၊ အစားအစာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဦးစားပေးမှုများ ပါဝင်သဖြင့် တောင်သူဦးကြီးများ၏ စိုက်ပျိုးရေးအခန်းကဏ္ဍမှာ အလွန်ပင်အရေးပါလျက်ရှိသည်။

တောင်သူဦးကြီးများ အဓိကရင်ဆိုင်နေကြရသည့်ပြဿနာမှာ မိုးလို၊ မိုးခေါင်၊ ရေကြီးရေလျှံ ပြဿနာများ ဖြစ်သည်။ သဘာဝ ဘေးအန္တရာယ်များကြောင့် မဆုံးရှုံးသင့်သော ထိခိုက်ပျက်စီးမှုများ မကြာခဏ ဖြစ်ပွားခဲ့ကြရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများသည် တောင်သူများ၏ ဥစ္စာအရင်းအနှီးဖြစ်သည်။ လယ်ယာလုပ်သားရှားပါးမှုပြဿနာ၊ စိုက်ပျိုးမြေလျော့နည်းလာသည့် ပြဿနာများသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အတားအဆီးဖြစ်စေသည်။ မြေမလေလွင့်အောင် ထိန်းသိမ်းခြင်း၊ ရေမလေ လွင့်အောင် သိုလှောင်ခြင်းနည်းလမ်းများစွာဖြင့် ပိုမိုကောင်းမွန်သည့်အနာဂတ်ကို ဖော်ဆောင်ရမည်ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး အခန်းကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးအောင် နည်းလမ်းပေါင်းစုံ အသုံးပြုဆောင်ရွက်ရမည်ဖြစ်ပြီး အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းပါဝင်မှုနှင့်အတူ တောင်သူလယ်သမားကြီးများ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာအောင် ဆောင်ရွက် ကြရမည်ဖြစ် သည်။ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် သီးနှံထုတ်ကုန်များဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝကို မြှင့်တင် ပေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကုန်ထုတ်လမ်း များကောင်းမွန်ရေး၊ ရေနှင့် မီးလင်းရေးဆိုင်ရာ အခြေအနေ ကောင်းများပိုင်ဆိုင်ရရှိရန် လိုအပ်သည်။ တစ်ချက်လစ်ဟာသည်နှင့် အချက်အချာကျဖြစ်မလာနိုင်ပေ။ အခြေခံလိုအပ်ချက်များ  ပြည့်မီမှသာ တောင်သူလယ်သမားများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာပြီး  ကိုယ်စိတ်နှစ်ပါး အေးချမ်းစွာဖြင့် ဝမ်းစာဖူလုံရေး လုပ်ငန်းရပ်များတွင် ဆတက်ထမ်းပိုး သယ်ပိုးရွက်ဆောင်နိုင်လျက် နိုင်ငံ့အကျိုး၊ ဒေသအကျိုး ဆက်လက်ဆောင်ရွက် နိုင်မည် ဖြစ်သည်။

စားရေရိက္ခာဖူလုံရေးအတွက်  စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း   အလေးထားဆောင်ရွက်ရာတွင် ရေသည်မရှိမဖြစ်အရေးပါသည်။  ရေနှင့်အစားအစာသည် လူနှင့် သက်ရှိအားလုံးအတွက် အသက်ရှင်သန်နေထိုင်မှုအတွက် မဖြစ်မနေလိုအပ်သောအရာများဖြစ်သည်။  ထမင်းအသက် ခုနစ်ရက်၊ ရေအသက်တစ်မနက် ဆိုစကားနှင့်အညီ ရေနှင့် အစာအာဟာရမရရှိလျှင် အသက်ရှင်သန်ရန် မလွယ်ကူ ပေ။ ရေသည် အဖိုးမဖြတ်နိုင်သည့် သဘာဝသယံဇာတဖြစ်သည်။  နိုင်ငံတော်အစိုးရမှ စိုက်ပျိုးရေကို ထိရောက်စွာအသုံးချနိုင်ရေး၊ မိုးရွာသွန်းမှု လျော့နည်းလာသည့်အလျောက် မြစ်များ၊ ချောင်းများ၊ မြောင်းများအတွင်း ရေသိုလှောင်နိုင်ရေးအတွက် ဆည်၊ တာတမံကြီးများ၊ မြစ်ရေတင်စီမံကိန်းများအသုံးပြုလျက် ရေရှည်အသုံးပြုနိုင်မည့် စီမံကိန်းများချမှတ်ဆောင်ရွက်လျက်ရှိသည်။ စနစ်ကောင်းလျှင် ခေတ်ကောင်းသို့ ရောက်ရှိနိုင်သဖြင့် နည်းစနစ်၊ နည်းပညာကို ကောင်းစွာအသုံးချခြင်းဖြစ်သည်။ ယနေ့ မျက်မှောက်ကမ္ဘာတွင် လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍအတွက်  ဆိုလာလျှပ်စစ် စီမံကိန်းများ  အကောင်အထည်ဖော် ဆောင်ရွက်လာ ကြသည်ကိုတွေ့ရှိရသည်။ ဆိုလာလျှပ်စစ်စီမံကိန်းများသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သဖြင့် ကောင်းစွာအသုံးချပါက ပိုမို အသုံးဝင်လှသည်။

မျက်မှောက်ခေတ်  တောင်သူဦးကြီးများသည် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သတင်းနှင့်နည်းပညာ အချက်အလက်များကို လက်လှမ်းမီ နားလည်သိရှိလာကြပြီး အသိအမြင်ဗဟုသုတများ ကြွယ်ဝသူများ ဖြစ်သည်။ နိုင်ငံဆန်ရေစပါးပေါကြွယ်ဝမှုကို ကိုယ်စားပြုနေသည့် ဂုဏ်ဒြပ်များ စဉ်ဆက်မပြတ်ရှင်သန်စေသည့် စိုက်ပျိုးရေးလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်လျက် တောင်သူလယ်သမား ဦးကြီးများ ၏ လယ်ယာလုပ်ငန်းခွင်၊ ဘေးကင်းလုံခြုံစိတ်ချရသည့် အာဟာရပြည့်ဝသော စားရေရိက္ခာထုတ်လုပ်မှုဖြစ်စဉ်၊ ခိုင်မာသော ဈေးကွက် ချိတ်ဆက်တင်ပို့ခြင်းလုပ်ငန်းများ အချိတ်အဆက်မိမိ ဟန်ချက်ညီညီဆောင်ရွက်နိုင်မည်ဆိုပါက အနာဂတ်မြန်မာ့ လယ်ယာတစ်ခွင် မြေကြီးမှ ရွှေသီးသည့်ရလဒ်ကောင်းများ ပိုင်ဆိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်လျက် မတ်လ ၂  ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။  ။

ထက်ဝေအောင်(စစ်ကိုင်း)