(၇၅)နှစ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ၌ အောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအားဂုဏ်ပြု ပူဇော်ပွဲ ပြုလုပ်

(၇၅)နှစ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ၌ အောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအားဂုဏ်ပြု ပူဇော်ပွဲ ပြုလုပ်

နေပြည်တော်၊ မတ် - ၃

(၇၅) နှစ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ၌ အောင်မြင်တော်မူကြသည့် စာအောင် သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးတိပိဋကဓမ္မပါလ မဟာဝိဟာရ ကျောင်းတိုက်ရှိ ဓမ္မဝိနယဓမ္မာရုံ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက နိုင်ငံတော်ဩဝါဒါစရိယ မုံရွာမြို့၊ မဟာဝိဇ္ဇာ သိပ္ပံကျောင်းတိုက် ဆရာတော် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအရိယာလင်္ကာရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့ပြင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ (၇၅)နှစ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ၌ ရေးဖြေအောင် သံဃာ(၂)ပါး နှင့် အာဂုံအောင် သံဃာ(၁၃)ပါး၊ စုစုပေါင်း သံဃာ (၁၅) ပါးတို့အား တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က စာအောင်လက်မှတ်နှင့် စာအောင်ဆုများကို ဆက်ကပ်၍ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ဆရာတော် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသထံမှ ရေစက်ချ အနုမော ဒနာတရား နာယူကြည်ညိုကြပြီး သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။