တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်၊ မတ် - ၃

            တပ်မတော်အနေဖြင့် ပြည်သူများ၏ ကျန်းမာရေးမြှင့်တင်မှုကဏ္ဍတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက မြို့နယ်၊ ကျေးရွာများအထိ သွားရောက်၍ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လူမျိုး၊ ဘာသာ၊ အချိန်၊ နေရာမရွေး ဆောင်ရွက်ပေးလျက်ရှိသည်။

            ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူ ၄၉၈ ဦး၊ ကွမ်းလုံမြို့နယ်၊ အောင်ပင်လယ်ကျေးရွာရှိ သံဃာတော် များနှင့် ဒေသခံပြည်သူ ၉၆ ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့နယ်၊ ဟိုနောင် ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၃၇၅ ဦး၊ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၁၂၄၇ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာတို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူ ၄၈၀ ဦးတို့ကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်အသီးသီးရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များက ကျေးရွာဘုန်းတော်ကြီးကျောင်းများနှင့် စာသင် ကျောင်းများ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေး ကြသည်။

            နယ်မြေခံဆေးကုသရေးအဖွဲ့များက သံဃာတော်များနှင့်  ဒေသခံပြည်သူများ အား သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောဆိုင်ရာရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ၊  သွေးတိုး ရောဂါ၊ အဆစ်အမြစ်ရောင် ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သောလူနာများအား နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး ဆောင်ရွက်ပေးကြသည်။

            ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများက တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုအားပေးပြီး စားသောက် ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။