ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်နှင့် ရှုံးပွဲမရှိ နယ်သာလန်ဖိုက်တာ ဒီရစ်ဒါတို့ အားပြိုင်ပွဲ

MMA (ONE Championship) ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်သည် အောက်တိုဘာ ၃၀ ရက်တွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်ပွဲအဖြစ် စိန်ခေါ်သူ နယ်သာလန်ဖိုက်တာ ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အောင်လအန်ဆန်သည် ယခုနှစ် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ် ကာကွယ်ပွဲကို မူလက ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း COVID-19 ရောဂါ အခြေ အနေကြောင့် နှစ်ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့ကာ အောက်တိုဘာ ၃၀ ရက်တွင် စင်ကာပူနိုင်ငံ၌ ယှဉ်ပြိုင်ရန် စီစဉ် ခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်အနေဖြင့် ယခုနှစ်အတွင်း ပထမအကြိမ် ချန်ပီယံ ကာကွယ်ပွဲယှဉ်ပြိုင်ခြင်းဖြစ်ပြီး ၎င်း၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်ပွဲအဖြစ် လေးပွဲမြောက် ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်က ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူ၍ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ရရှိပြီး နောက်ပိုင်း သုံးနှစ်ကျော်ကာလအတွင်း ချန်ပီယံခါးပတ် ကာကွယ်ပွဲသုံးပွဲသာ ယှဉ်ပြိုင်ရသေးသည်။

စိန်ခေါ်သူ ဒီရစ်ဒါသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ  ၇ ရက်က ဘရာဇီးဖိုက်တာ အက်တီဒက်စ်ကို အမှတ်ဖြင့် အနိုင်ရပြီး အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။  ထိုစဉ်က ဒီရစ်ဒါ၏ စိန်ခေါ်မှုကို အောင်လအန်ဆန်က လက်ခံခဲ့သော်လည်း ၎င်း၏ဒူးဒဏ်ရာကြောင့် ပွဲပျက်ခဲ့ရသည်။

ထို့ကြောင့် အောင်လအန်ဆန်ကို ဒီရစ်ဒါအစား မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်နှင့် ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သည်။ သို့သော် ဘစ်ဒက်ရှ်သည် လေ့ကျင့်နေစဉ်အတွင်း ဒဏ်ရာ ပြဿနာ ရှိခဲ့သဖြင့် အောင်လအန်ဆန်ကို ဒီရစ်ဒါနှင့် ပြန်လည်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ယခုပွဲသည် မြန်မာ့စပါးအုံးဟု နာမည်ကြီးသည့် အောင်လအန်ဆန်အတွက် ပြည်ပနိုင်ငံ၌ ဒုတိယအကြိမ်  မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်ပွဲဖြစ်သည်။

ပြိုင်ဘက်များကို ဂျူဂျစ်ဆုနည်းဖြင့် စပါးအုံးမြွေကဲ့သို့ ချုပ်ကိုင်မှုဖြင့် အနိုင်ယူတတ်သူဟု ကျော်ကြားသည့် အောင်လအန်ဆန်နှင့်  ဂျူဒို၊ နပန်းနည်းတို့ဖြင့် အနိုင်ယူတတ်သည့် ရှုံးပွဲမရှိစံချိန်ရှင် ဒီရစ်ဒါတို့၏ အားပြိုင်မှု က ပြင်းထန်မည်ဖြစ်သည်။

ONE Championship က ၂၀၁၄ ခုနှစ်မှ လက်ရှိအချိန်ထိ ကျင်းပသည့် MMA ပြိုင်ပွဲ ၁၂ ပွဲတွင် အောင်လအန် ဆန်သည် တစ်ပွဲသာရှုံးနိမ့်ပြီး ၁၁ ပွဲအနိုင်ရထားသည်။ မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား အောင်လအန် ဆန်သည် အမိမြေ၌ ခုနစ်ပွဲယှဉ်ပြိုင်ရာ ခုနစ်ပွဲစလုံး အနိုင်ရရှိထားပြီး ပြည်ပ၌ ယှဉ်ပြိုင်သည့် ပွဲစဉ် ငါးပွဲတွင် ချန်ပီယံခါးပတ်ကာကွယ်ပွဲနှစ်ပွဲနှင့် စိန်ခေါ်ပွဲသုံးပွဲတွင် လေးပွဲနိုင်ပြီး တစ်ပွဲရှုံးနိမ့်ထားသည်။ အသက် ၃၄ နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ၃၆ ပွဲယှဉ်ပြိုင်ရာ ၂၆ ပွဲနိုင် ၁၀ ပွဲ ရှုံးနိမ့်ထား သည်။

အောင်လအန်ဆန်၏ ပြိုင်ဘက် နယ်သာလန်ဖိုက်တာ ဒီရစ်ဒါသည် ၂၀၁၃ ခုနှစ်တွင် ပရော်ဖက်ရှင်နယ် ြဗြ ကစားသမားဘဝကို စတင်ခဲ့သူဖြစ်သည်။ ဒီရစ်ဒါသည် ONE Championship နှင့် ၂၀၁၉ ခုနှစ်က စတင် လက်တွဲခဲ့ပြီး ၎င်း၏ ပထမဆုံး မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲ၌ တရုတ်ဖိုက်တာ ဖန်ရွန်ကို ပထမအချီ တစ်မိနစ် ကျော်အတွင်းချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သည်။ ဒီရစ်ဒါသည် ယင်းပွဲစဉ်အပါအဝင် MMA ပွဲစဉ်သုံးပွဲ၌ တရုတ် ဖိုက်တာ ဖန်ရွန်ကို ချုပ်ကွက်၊ ဘရာဇီးဖိုက်တာ ဂီဘာတို့ကို ဒူးတိုက်ချက်နှင့် ဘရာဇီးဖိုက်တာ အက်တီ ဒက်စ်ကို အမှတ်ဖြင့် အနိုင်ရခဲ့သည်။

ဒီရစ်ဒါသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီပထမပတ်က ဘရာဇီးဖိုက်တာ အက်တီဒက်စ်ကို အမှတ်ဖြင့် အနိုင်ရသည့်ပွဲစဉ်ပြီးနောက် စင်ပေါ်၌ အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို တရားဝင် စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။

အသက် ၃၀ နှစ်အရွယ် ဒီရစ်ဒါသည် MMA ပြိုင်ပွဲတစ်လျှောက် ၁၂ ပွဲ ယှဉ်ပြိုင်ခဲ့ပြီး ၁၂ ပွဲစလုံးအနိုင်ရကာ ရှုံးပွဲမရှိ စံချိန်ကို ရရှိထားသူဖြစ်သည်။ ဒီရစ်ဒါသည် အောင်လအန်ဆန်နှင့် ပွဲစဉ်အတွက် နယ်သာလန်နိုင်ငံရှိ   MMA လေ့ကျင့်ရေးစင်တာတွင် ပြင်းထန်စွာ လေ့ကျင့်ပြင်ဆင်ထားသည်။ ၎င်းသည် အောင်လအန်ဆန်၏   အားသာချက်၊ အားနည်းချက်များကို လေ့လာထားပြီး အောင်လအန်ဆန်ကို လည်ပင်းသိုင်းချုပ်၍ အနိုင်ယူ မည်ဖြစ်ကြောင်း ဒီရစ်ဒါက ကြုံးဝါးထားသည်။

“အောင်လက အလွန်ခက်ခဲတဲ့ ပြိုင်ဘက်တစ်ယောက်ပါ။ အောင်လရဲ့ ညာလက်သီး၊ ညာခြေကန်ချက်တွေ လည်း ကောင်းမွန်ပါတယ်။ သူက နောက်ပိုင်းပွဲတွေမှာ ပုံစံနည်းနည်းပြောင်းလာတယ်။ ဒါကြောင့် သူ့ကို အလဲထိုးဖို့ မဖြစ်နိုင်ပေမယ့် အောင်လကို မြေပြင်မှာ လည်ပင်းဖမ်းချုပ်ပြီး အနိုင်ယူသွားပါမယ်” ဟု ဒီရစ်ဒါ ကပြောသည်။

ဒီရစ်ဒါသည် ရှုံးပွဲမရှိစံချိန်ရရှိထားသည့်အပြင် အသက်အရွယ်ပိုင်းလည်း အောင်လထက် ငယ်သည့်အတွက် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်အနေဖြင့် စိန်ခေါ်သူ ဒီရစ်ဒါကို သတိထားယှဉ်ပြိုင် ရဖွယ်ရှိကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် South China Morning Post မီဒီယာက သုံးသပ်ရေးသား ခဲ့သည်။

အောင်လအန်ဆန်သည် ဒီရစ်ဒါနှင့်ပွဲစဉ်အတွက် အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ Sanford MMA လေ့ကျင့်ရေး စင်တာတွင် တစ်ရက်လျှင် နှစ်ကြိမ် တစ်ပတ်ခြောက်ရက်နှုန်းဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် ၎င်းသည် ဒီရစ်ဒါနှင့် ပုံစံတူသည့် ဖိုက်တာတချို့နှင့် လေ့ကျင့်ထားပြီး ခြေကန်ချက်ဖြင့်  အလဲထိုး အနိုင်ယူရန် ပြင်ဆင်ထားကြောင်း အောင်လအန်ဆန်က ပြောသည်။

“ဒီရစ်ဒါက ပြိုင်ဘက်ကောင်းတစ် ယောက်ဖြစ်လို့ ဒီပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ သူက ဂျူဂျစ်ဆုမှာ ကျွမ်းကျင်သလို ယှဉ်ပြိုင်ခဲ့တဲ့ ပွဲတွေမှာလည်း ပြိုင်ဘက်တွေကို ချုပ်ကွက်တွေနဲ့ အနိုင်ယူထားတယ်။  ဒါကြောင့် ဒီပွဲအတွက် ကျွန်တော်ကလည်း နည်းပြနဲ့အတူ အကောင်းဆုံး ပြင်ဆင်ထားတယ်။

ကျွန်တော့်မှာ သူ့ထက်သာလွန်တဲ့ အတွေ့အကြုံတွေရှိပါတယ်။ ဒီပွဲက ငါးချီအထိ သွားနိုင်တယ်။ ဒါပေမဲ့ ဒီပွဲကို အမှတ်နဲ့အနိုင်ယူဖို့ ပြင်ဆင်မှာမဟုတ်ဘူး။ ကျွန်တော့်ရဲ့ ခြေကန်ချက်နဲ့ ဒီရစ်ဒါကို အလဲထိုး နိုင်ဖို့ကြိုးစားမှာပါ” ဟု အောင်လအန်ဆန်က ပြောသည်။

အောင်လအန်ဆန်၏ နည်းပြဖြစ်သူ ဟင်နရီဟော့ဖ်သည် နယ်သာလန်နိုင်ငံသား နာမည်ကြီး ကစ်ဘောက် ဆင်ကစားသမားတစ်ဦးဖြစ်သည်။ အသက် ၅၁ နှစ်အရွယ် ဟင်နရီဟော့ဖ်သည် ၂၀၀၇ ခုနှစ်က ကစားသမား ဘဝမှ အနားယူပြီးနောက် ကစ်ဘောက်ဆင်နည်းပြအလုပ်ကို လုပ်ဆောင်ခဲ့ကာ ၂၀၁၁ ခုနှစ်က MMA နည်းပြ အဖြစ် စတင်ကူးပြောင်းခဲ့သည်။

ဟင်နရီဟော့ဖ်၏ နည်းပြလက်ထက်တွင် UFC ဖိုက်တာတချို့ကို ကမ္ဘာ့ချန်ပီယံဖြစ်အောင် သင်ကြားနိုင်ခဲ့ သကဲ့သို့ အောင်လအန်ဆန်ကိုလည်း ONE Championship ဝိတ်တန်းနှစ်ခုချန်ပီယံဖြစ်အောင် လုပ် ဆောင်ပေးနိုင်ခဲ့သည်။

ဟင်နရီဟော့ဖ်သည် လက်ရှိတွင် အောင်လအန်ဆန်ကို အနီးကပ် ညွှန်ကြားနိုင်ရန် စင်ကာပူနိုင်ငံသို့ လိုက်ပါခဲ့ သည်။ ၎င်းတို့နှစ်ဦး၏ ပြိုင်ပွဲနှင့်ပတ်သက်၍ သုံးသပ်ချက်နှင့် ခန့်မှန်းချက်မျိုးစုံ ရှိနေသော်လည်း သံဆန် ခါကြိုးဝိုင်းထဲက အားပြိုင်မှုတွင် မြန်မာ့စပါးအုံးနှင့် နယ်သာလန်ဖိုက်တာတို့ မည်သူအောင်ပွဲခံမည်ဆိုသည်ကို အောက်တိုဘာ ၃၀ ရက်ညတွင် အဖြေထွက်ပေါ်လာမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။  ။

ကိုရဲ