ထူးမြတ်ပေစွ တပေါင်းလ
တပေါင်းလသည် မြန်မာတစ်ဆယ့်နှစ်လရာသီတွင် ၁၂ လမြောက် နောက်ဆုံးလဖြစ်သည်။ ဆောင်းရာသီမှ နွေရာသီသို့ ကူးပြောင်းသည့် လလည်းဖြစ်သည်။ ဆောင်းရာသီမကုန်သေးသဖြင့် ညပိုင်းတွင်ချမ်းအေး၍ နွေကူးလာပြီဖြစ်သဖြင့် နေ့ပိုင်းတွင် ပူပြင်းလေ့ရှိသောကြောင့် တပေါင်းလကို “နေ့ပူ ညချမ်း၊ တပေါင်းလသရမ်း” ဟု စာချိုးတွင်ခဲ့သည်။ တပေါင်းလဟုခေါ်တွင်ခြင်းမှာ ၂၇ လုံးသောနက္ခတ်များ စုပေါင်းပေါ်ထွက်လာခြင်းကြောင့်လည်းကောင်း၊ ထန်းရည်များ ပေါင်းစပ်ကျိုချက်သဖြင့် ထန်းပေါင်း ဟူသော စကားမှ ရွေ့လျားလာခြင်းကြောင့်လည်းကောင်း ကာလရွေ့လျားရာ၌ တပေါင်းဟုတွင်သည်။ တပေါင်းလ၏ ဗေဒင် အလိုကား မိန်ရာသီ၊ အရုပ်မှာ ငါးနှစ်ကောင်စန်းယှဉ်နက္ခတ်ကား ဥတ္တရဖလဂုနီဖြစ်ပြီး သရဖီ၊ ပုန်းညက်ကို ရာသီပန်းအဖြစ် သတ်မှတ်သည်။
ဘုရားရှင်လက်ထက်က ကာဠုဒါယီအမတ်သည်ရာဇဂြိုဟ်ပြည်ရှိ ဘုရားရှင်အား ကပိလဝတ်ပြည်ရှိ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ရှိရာ ကပိလဝတ်ပြည်သို့ကြွမြန်းတော်မူပါရန် တပေါင်းလ၏ သာယာပုံများကို လျှောက်ထားခဲ့သည်။ ထိုအကြောင်းအရာကို ကဗျာစာဆို ရှင်အုန်းညိုက ဂါထာခြောက်ဆယ်ပျို့အမည်ဖြင့် စပ်ဆိုခဲ့သည်။ ကာဠုဒါယီအမတ်ကခမည်းတော်၏ ကျေးဇူးကိုဆပ်ရန် ကပိလဝတ်သို့ကြွချိန်တန်ပါကြောင်း မြတ်စွာဘုရားအားလျှောက်ထားလေရာ ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုတပေါင်း လပြည့်ကျော် ၁ ရက်နေ့တွင် ရာဇဂြိုဟ်ပြည်မှ ယူဇနာ ၆၀ ဝေးသော ကပိလဝတ်ပြည်သို့ကြွချီရာရက်ပေါင်း ၆၀(နှစ်လမျှ) ခြေကျင်ဖြင့် ဒေသစာရီကြွချီတော်မူခဲ့သည်။
မြတ်စွာဘုရားရှင်သည် မွေးရပ်မြေ ကပိလဝတ်မှထွက်ခွာလာခဲ့သည်မှာ ခုနစ်နှစ်နီးပါးရှိပေရာ ခုနစ်နှစ်တင်းတင်းပြည့်သော မဟာသက္ကရာဇ် ၁၀၄ ခုနှစ်ကဆုန်လပြည့်နေ့မှ ကပိလဝတ်ပြည်သို့ရောက်ရှိခြင်းဖြစ်သည်။ ကပိလဝတ်တွင် ခမည်းတော်သုဒ္ဓေါဒန မင်းကြီးအား တရားတော်နှင့် ကျေးဇူးဆပ်သည်။ မိဘတို့၏ ဂုဏ်ကျေးဇူးကို သိမြင်တော်မူသော မြတ်ဘုရားရှင်သည် ပုဗ္ဗာ-စရိယ ရှေးဦးဆရာ “လောကဿဒသေတာ” ကမ္ဘာလောကကြီးကို ပြသပေးသူဖြစ်သည်။ ယသော်ဓရာမင်းသမီးသည်လည်း ဘုရားရှင်၏ ပါရမီဖြည့်ဖက်တစ်ဦး ဖြစ်သည်။ “သာအရိယာ နိဗ္ဗုတ”ဟူသော နှလုံးသားကို အေးမြစေသည့် ဇနီးမယားတို့၏ ပါရမီကို မမေ့ကောင်းပုံအား ဉာဏ်တော်ဖြင့်သိမြင်တော်မူသောမြတ်စွာဘုရားရှင်သည် အဂ္ဂသာဝကနှစ်ဦးကိုခေါ်တော်မူလျက် ယသော်ဓရာ မင်းသမီး၏ တိုက်ခန်းရတနာသလွန်ထက်၌ စံတော်မူလျက် မေတ္တာတရားဖြင့်ပေးဆပ်သည်။ သားတော်ရာဟုလာကိုလည်း ဓမ္မအမွေ ပေးတော်မူသည်။ ဘုရားရှင်၏ တပေါင်းလ ပြည်တော်ဝင်ခရီးသည်ကား ထူးမြတ်မှုတစ်ခုဖြစ်သည်။
တပေါင်းလ မိန်ရာသီတွင် သဲပုံစေတီပွဲကျင်းပရိုးထုံးစံရှိသည်။ ဗုဒ္ဓဘုရားရှင်ကိုရည်မှန်းလျက် သဲများဖြင့်စေတီတည်ကာ ပူဇော်သည့် ထုံးတမ်းသည် အလွန်ထင်ရှားလှပေသည်။ စေတီဟူသော မြန်မာဝေါဟာရမှာ ပါဠိဝေါဟာရစေတိယမှ ဆင်းသက် လာခြင်းဖြစ်ပြီး မြန်မာအဘိဓာန်တွင်စေတီကို “ရိုသေပူဇော်အပ်သည့်အရာ၊ ဓာတ်တော်မွေတော်တို့ကို ဌာပနာထားသော အဆောက်အအုံ” ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ ဓာတုစေတီ၊ ဓမ္မစေတီ၊ ပရိဘောဂစေတီ၊ဥဒ္ဒိသစေတီဟူ၍ စေတီလေးမျိုးရှိရာ သဲပုံစေတီသည် မြတ်စွာ ဘုရားရှင်ကို ရည်မှန်းတည်ထား ကိုးကွယ်ပူဇော်သည့် ဥဒ္ဒိသစေတီဖြစ်သည်။
ကဏှင်္ကရာဘုရားရှင် လက်ထက်တော်တွင် သူဆင်းရဲတစ်ဦးသည် စေတီဘုရားတည်သည့် ကုသိုလ်ကောင်းမှုများတွင် မပါဝင်နိုင် သဖြင့် စိတ်မချမ်းမသာဖြစ်ရသည်။ တစ်နေ့သောအခါ သူသည်မြစ်ကမ်းနဖူးတစ်နေရာ၌ နေရောင်ခြည်ကြောင့် ငွေရောင်တောက် နေသည့် သဲပုံမို့မို့တစ်ခုကိုတွေ့ရှိရာ ကြည်ညိုလှသောစိတ်ဖြင့် သဲမှုန်များကို ရွှံ့နှင့်ရောစပ်၍ စေတီတစ်ဆူကိုတည်ကာ ပန်းများဖြင့် တန်ဆာဆင်ပူဇော်လိုက်သည်။ ထိုအခြင်းအရာမှာ ပထမဆုံးသဲပုံစေတီတည်ခြင်းဟု စာပေ၌မှတ်တမ်းတင်ထားသည်။
အလားတူစွာ ယမကတောင်အနီးရှိ ကျောင်းသင်္ခမ်းတွင် သီတင်းသုံးနေသည့် နာရဒရသေ့သည် အမရိကမြစ်သို့ချဉ်းကပ်၍ သဲပုံစေတီ တည်ကာ သက်တော်ထင်ရှားမြတ်ဘုရားအလား ရည်စူးရှိခိုးခဲ့ကြောင်းလည်းတွေ့ရသည်။ အင်္ဂုတ္ထိုရ်အဋ္ဌကထာ၊ မောဃရာဇတ္ထေရ ဝတ္ထု၌ ဗာဝရအမည်ရှိ ပုဏ္ဏားရသေ့၏ သစ်ရွက်မိုးသောကျောင်းတံခါး၌ သဲပုံစေတီကိုတည်၍ နီသောအဆင်းရှိပန်းများကို ကြဲခဲ့ကြောင်း လည်း ရေးသားထားသည်။
ရှေးအခါက သဲပုံစေတီထိပ်တွင် တံခွန်၊ ကုက္ကားများစိုက်ထူပြီးနောက် အနေကဇာတင်ကာ ဆွမ်း၊ ပန်း၊ ဆီမီး၊ သစ်သီးနှင့် လှူဖွယ် ဝတ္ထုများ လှူဒါန်းလေ့ရှိကြသည်။ ရွာသူရွာသားများက အိုးစည်ဗုံမောင်းများ တီးခတ်ကခုန်၍ စေတီတော်ကို သုံးပတ်လှည့်လည် ပူဇော်ကာ သဲပုံစေတီပွဲကျင်းပကြသည်။ သဲပုံစေတီကို မြစ်ချောင်းများအနီး၌ တည်ထားလေ့ရှိသည်။ နွေဦးရာသီ တပေါင်းလ ရောက်လျှင် မြစ်ချောင်းများတွင် ရေလျော့နည်းကာ သဲသောင်များပေါ်လာလေ့ရှိသဖြင့် ထိုသဲများဖြင့်စေတီတည်ကာ ကုသိုလ်ယူကြ သည့်ဓလေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အလွန်မြတ်နိုးဖွယ်ရာ ထူးခြားသော ဓလေ့ထုံးတမ်း တစ်ရပ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် သဲပုံစေတီများကို မည်သည့်အချိန်တွင် ပထမဆုံးတည်ခဲ့ကြောင်း အတိအကျမသိရသော်လည်း အင်းဝခေတ် စာဆိုရှင် အရှင်မဟာသီလဝံသသည် ဗုဒ္ဓုပ္ပတ္တိပျို့တွင် သဲပုံစေတီပွဲကိုထည့်သွင်းစပ်ဆိုခဲ့သဖြင့် အင်းဝခေတ်တွင် သဲပုံစေတီ တည်သည့်ဓလေ့ရှိနေပြီဟု ယူဆနိုင်ပေသည်။ ထို့အတူ စာဆိုရှင်လက်ဝဲသုန္ဒရ၏ သာဓိနပျို့တွင် ဂူ့လုံးသဲပုံဟူသည့် စကားလုံးပါရှိရာ ကုန်းဘောင်ခေတ်လယ်တွင်လည်း သဲပုံစေတီတည်ထားသည့် ဓလေ့ရှိခဲ့ကြောင်း မှန်းဆ၍ရသည်။ သဲပုံစေတီများကို စတင်တည် ထားစဉ်က မြစ်ချောင်းများအနီးတွင် ဖြူစင်သန့်ရှင်းသောသဲများဖြင့်သာ တည်ခဲ့ကြပြီး တစ်နှစ်လျှင်တစ်ကြိမ် ပြန်လည် တည်ကြမြဲ ဖြစ်သည်။ သို့သော်နောက်ပိုင်းတွင် အုတ်နှင့်ဘိလပ်မြေကို အသုံးပြု၍တည်ခဲ့ကြသဖြင့် အချိန်တိုအတွင်း ပြိုပျက်မှုမရှိတော့ဘဲ ယနေ့တိုင် ဖူးတွေ့နိုင်သည်။
ရှေးအခါက တည်ထားခဲ့သည့် သဲပုံစေတီများကို မန္တလေးမြို့နှင့် ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံနေရာ ဒေသအချို့၌ ယနေ့တိုင် ဖူးမြင်နိုင်ကြသည်။ ယင်းတို့အနက် မန္တလေးမြို့၌ သဲပုံစေတီများအနေဖြင့် ရွှေတချောင်း၏ အရှေ့ဘက်ခြမ်းတွင် ငါးဆူနှင့် အနောက် ဘက်ခြမ်းတွင် တစ်ဆူတည်ရှိသည်။ ထို့အတူရန်ကုန်တိုင်းဒေသကြီးရှိ လမ်းမတော်၊ စမ်းချောင်း၊တွံတေး စသည့်မြို့နယ်များ၊ မွန်ပြည်နယ် သထုံ၊ မော်လမြိုင် စသည့်မြို့နယ်များနှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အပါအဝင် နေရာဒေသများစွာတို့၌ သဲပုံစေတီများကို တွေ့ရှိနိုင်ပေသည်။ တပေါင်းလသဲပုံစေတီပွဲသည် ဗုဒ္ဓဘာသာဝင်တို့၏ ကုသိုလ်ယူတတ်ပုံ ထူးခြားမှုတစ်ရပ်ပင် ဖြစ်သည်။
တပေါင်းလကို မြန်မာနိုင်ငံသားတို့က တော်လှန်ရေးလအဖြစ် နားလည်လက်ခံထားကြသည်။ ထိုသို့နားလည်လက်ခံရအောင်လည်း မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို တစ်မျိုးတစ်ဖုံပြောင်းလဲစေခဲ့သော တော်လှန်ရေးကြီးကို ဆင်နွှဲခဲ့ရာ ထိုတော်လှန်ရေးကြီးမှာကား ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် စတင်ဆင်နွှဲသည့် ဖက်ဆစ်တော်လှန်ရေးကြီးပင် ဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေးသည် မည်သူကမျှ မလှုံ့ဆော်၊ မစည်းရုံးရဘဲ ပြည်သူတို့၏ ပကတိအသိစိတ်ဖြင့် ဆင်နွှဲခဲ့သော ပြည်သူလူထုတစ်ရပ်လုံး ပါဝင်သည့် တော်လှန်ရေးကြီးပင် ဖြစ်သည်။ ထိုတော်လှန်ရေးကြီးသည် ကမ္ဘာအရပ်ရပ်က အံ့အားသင့်စွာစောင့်ကြည့်ရသော ထက်မြက် တောက်ပြောင်လှသည့် တော်လှန်ရေးဖြစ်သည်နှင့်အညီ တော်လှန်ရေးအရပ်ရပ်အနက် ထိပ်တန်းအဆင့်တွင်ရှိခဲ့သည်။ ဖက်ဆစ် တော်လှန်ရေးအရ မြန်မာ့တပ်မတော်၏ စွမ်းရည်ပြည့်ဝမှုဦးစွန်းကို ထုတ်ဖော်ပြသလိုက်နိုင်သည်သာမက ပြည်သူတစ်ရပ်လုံးက မြန်မာ့တပ်မတော်ကို အားပေးကူညီခဲ့ကြရာပြည်သူနှင့် တပ်မတော်တစ်သားတည်းဖြစ်တည်ခြင်းသည်ကား တပေါင်းလ၏ထူးခြားမှု တစ်ရပ်ပင်ဖြစ်သည်။
တပေါင်းလသည် ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ ခြေခင်းလက်ခင်းသာသည့်အတွက် မြန်မာနိုင်ငံအရပ်ရပ်ရှိ ဘုရားစေတီများတွင် တပေါင်းဘုရားပွဲတော်များ ကျင်းပကြမြဲဖြစ်သည်။ တပေါင်းဘုရားပွဲတော်များအနက် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဘုရားပွဲတော် မှာ ထင်ရှားသည်။ ဘုရားပွဲတော်များ၌ မဟာပဋ္ဌာန်းဒေသနာတော် အသံမစဲရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ ဝတ်ရွတ်စဉ်အသင်းများက အလှည့်ကျဝတ်ရွတ်ပူဇော်ခြင်း၊ စေတီတော်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပွဲများ ထည့်သွင်းကျင်းပခြင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်ကြည်ညိုကုသိုလ်ယူခြင်း၊ စတုဒိသာကျွေးမွေး လှူဒါန်းခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲဖြစ် သည်။
တပေါင်းလ၏ ထူးခြားချက်တစ်ရပ်မှာ လအသီးသီးအနက် အသာယာဆုံးလဖြစ်နေခြင်းနှင့် လအားလုံး၏ နောက်ဆုံးလ၊ နောင်တော်ကြီး လဖြစ်ခြင်းပင်ဖြစ်သည်။ တပေါင်းလ၏သာယာတင့်တယ်ပုံကို ရှေးစာဆိုတို့ ဂုဏ်ပြုမှတ်တမ်းတင်ခဲ့သည်မှာ မရေမတွက်နိုင်လောက်အောင်ပင်ဖြစ်သည်။ “တပေါင်းမိန်ထုံ၊ သာရဂုံ၊ ပွင့်ငုံပိတောက်ဝင်း” ဟု ပိတောက်ဖူးငုံသလို အင်ကြင်းပန်း၊ ကံ့ကော်ပန်း၊ သရဖီပန်းနှင့် ပုန်းညက်ပန်းတို့လည်း ပွင့်ကြသည်။ ရွက်ဟောင်းကြွေလျက် ရွက်သစ်နုတို့ ဖူးသစ်စအခါဖြစ်သည်။ တော၊ တောင်ရာသီဥတုသာယာသဖြင့် ငှက်များသဘင် ကျင်းပသောလ တစ်လဖြစ်သည်။ ထို့ကြောင့် “ရသေ့သူတော်တိုင်မှ ဉာဏ်မခိုင်၊ ဈာန်ယိုင်လျှောရသည်၊ ရာသီတွင်စာစီ၍ပြောရလျှင် ကြော၍သာမြဲ” ဟု ကဗျာကဝိတို့စာသီပြုခဲ့သည်။
ယနေ့အချိန်ကာလတွင် တပေါင်းလပြည့်နေ့ရောက်တိုင်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းမြဲဖြစ်သည်။ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရရှိသည့် ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများ၊ လူပုဂ္ဂိုလ်များအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များ၊ အရည်အချင်းများနှင့် ပြည့်စုံသူများဖြစ်သည့်အပြင် သာသနာတော်ထွန်းကားပြန့်ပွားရေး၊ ရေရှည်တည်တံ့ ခိုင်မြဲရေးတို့အတွက် ကြိုးစားအားထုတ်ခဲ့ကြ၍ နိုင်ငံတော်က ထိုက်တန်သည့် ဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်း ပေးခြင်းဖြစ်ရာ ထူးခြားလေးနက်မှု ပြယုဂ်တစ်ခုသဖွယ်ဖြစ်ရသည်။
အချုပ်အားဖြင့်ဆိုရသော် “တပေါင်းသာခေါင်၊ လများနောင်” ဟုဆိုအပ်သော တပေါင်းလအခါသမယသည်ကား လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးအတွက် ထူးခြားလှသည့် လတစ်လဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။
လင်းအရုဏ်ဦး(ပဲခူး)