ရန်ကုန်၊ ဘောလုံး
မြန်မာနေရှင်နယ်လိဂ်ကလပ် ဆောက်သမ်းမြန်မာအသင်းအနေဖြင့် လာမည့်နှစ်ဘောလုံးရာသီ သတ်မှတ်ပြီး မှသာ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဆောက်သမ်းမြန်မာအသင်းသည် ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲပြီးဆုံးသည့် ကာလမှစ၍ လေ့ကျင့်မှု များ ရပ်နားထားကာ ကစားသမားများကိုလည်း နေရပ်သို့ ပြန်လည်စေလွှတ်ခဲ့သည်။
ထို့ပြင် ဆောက်သမ်းမြန်မာအသင်းရှိ ကစားသမားအများစုသည် အောက်တိုဘာလကုန်တွင် အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ယင်းအတွက် ကစားသမားများ၏ စာချုပ် သက်တမ်းတိုးခြင်းနှင့် အသင်းပြင်ဆင်ခြင်းတို့ကို လိဂ်ကော်မတီက ဘောလုံးရာသီသစ် သတ်မှတ်ပြီးမှသာ ပြုလုပ်မည် ဖြစ်သည်။
“လက်ရှိ COVID-19 ရောဂါအခြေအနေကြောင့် အသင်းပြင်ဆင်မှုအတွက် ဘာမှမလုပ်နိုင်သေးဘူး။ မြန်မာ နေရှင်နယ်လိဂ်ကလည်း လာမယ့်ရာသီသစ်အတွက် လိဂ်ကော်မတီအစည်းအဝေး ကျင်းပဖို့ရှိပါတယ်။ အစည်းအဝေးမှာ ရာသီသစ်အတွက် ကာလတိုဆုံးဖြတ်ပြီးမှ အသင်းကို ပြင်ဆင်မှုပြုလုပ်မှာပါ။ စာချုပ်သက် တမ်းကုန်ဆုံးတဲ့ ကစားသမားတချို့ကိုလည်း ပြန်စမယ့်ရာသီသစ် ကာလပေါ်မူတည်ပြီး သက်တမ်းတိုး စာချုပ်ချုပ်ဆိုမှာပါ” ဟု ၎င်းကပြောသည်။
ဆောက်သမ်းမြန်မာအသင်းသည် ယခုနှစ်ဘောလုံးရာသီအပြီးတွင် ရမှတ် ၁၀ မှတ်သာရရှိပြီး အမှတ်ပေး ဇယား အောက်ဆုံး၌သာ ကျရောက်ခဲ့သည်။ သို့သော် လက်ရှိတွင် လိဂ်-၂ ပြိုင်ပွဲကို ကျင်းပနိုင်ခြင်း မရှိသည့်အတွက် အောက်တိုဘာ နောက်ဆုံးပတ်အထိ ယခုနှစ်ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် တန်းတက်၊ တန်းဆင်းအသင်းများကို လိဂ်ကော်မတီအနေဖြင့် တရားဝင်အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ကိုရဲ