ဆက်လက်ပြင်းထန်လာနိုင်သည့် အာကာသနယ်ပယ်စွမ်းဆောင်ရည်တည်ဆောက်မှု

ဆက်လက်ပြင်းထန်လာနိုင်သည့် အာကာသနယ်ပယ်စွမ်းဆောင်ရည်တည်ဆောက်မှု

အာကာသနယ်ပယ်သည် လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ ကထက် များစွာကွာခြား ပြောင်းလဲလာခဲ့ပြီဖြစ်ပြီး ယခုအခါ အာကာသနယ်ပယ် ဆိုင်ရာ စွမ်းဆောင်ရည် တည်ဆောက်မှုနှင့်စပ်လျဉ်း၍ ကမ္ဘာ့အင်အားကြီးနိုင်ငံများကြားတွင် အားပြိုင်မှုများဖြစ်ပွားလျက်ရှိသည်။ ယနေ့အချိန်တွင် ကမ္ဘာပေါ်ရှိလူသားများသည် ၎င်းတို့၏ လိုအပ်ချက်များစွာအတွက် အာကာသနယ်ပယ်အပေါ် အမှီသဟဲ ပြုနေရသည်။

ဥပမာအားဖြင့်ဆိုရပါမူ လူသားများအနေဖြင့်နံနက်ခင်းတွင် အိပ်ရာမှနိုးထပြီး နောက်ရာသီဥတု အခြေအနေများကို ခန့်မှန်းရာတွင် လည်းကောင်း၊ တစ်ကြိမ်တစ်ခါမှသွားလာခြင်းမရှိသည့် အရပ်ဒေသသို့ သွားလာရာတွင် ဂြိုဟ်တုလမ်းကြောင်းရှာစနစ် (satnav)မှ တစ်ဆင့်ကြည့်ရှု၍ သွားလာခြင်းနှင့် ရေဒီယိုအသံထုတ်လွှင့်ချက်များကို နားထောင်ခြင်း၊ တယ်လီဖုန်း ပြောဆိုဆက်သွယ်ခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ခြင်းတို့တွင်လည်းကောင်း အသုံးပြုနေရသည့် အချက်ပြမှုများ (Signalas)သည် အာကာသတွင် လည်ပတ်နေသည့် ဂြိုဟ်တုမှတစ်ဆင့် တစ်နည်းမဟုတ်တစ်နည်းဖြင့် ကြားခံဆက်သွယ် နေရခြင်းဖြစ်သည်။

ထို့ကြောင့်  အနာဂတ်တွင်ဖြစ်ပွားမည့် အားပြိုင်မှုများသည် ကမ္ဘာကြီး၏ အပြင်ဘက်ရှိပတ်လမ်းအတွင်း၌ ဖြစ်ပွားဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက  ခန့်မှန်းထားခြင်းဖြစ်သည်။  အင်အားကြီးနိုင်ငံများအနေဖြင့် အာကာသနယ်ပယ် စွမ်းဆောင်ရည် တည်ဆောက် မှုတွင် တစ်နိုင်ငံထက်တစ်နိုင်ငံက အသာစီးရရှိရေးအတွက် အပြိုင်အဆိုင်ကြိုးပမ်းလျက်ရှိပြီး အမေရိကန်အနေဖြင့်အနာဂတ်၏ အားပြိုင်မှုနယ်ပယ်ဖြစ်လာမည့် အာကာသနယ်ပယ် စွမ်းဆောင်ရည်တည်ဆောက်ရန်အတွက် အာကာသတပ်ဖွဲ့တစ်ဖွဲ့ကို သမ္မတ ဟောင်း ဒေါ်နယ်ထရမ့်က ၂၀၁၉ခုနှစ်ကုန်ပိုင်းတွင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ် သည်ကိုတွေ့ရမည်ဖြစ်သည်။

ဂြိုဟ်တုများသည်  အာကာသနယ်ပယ်စွမ်းဆောင်ရည် တည်ဆောက်ရာတွင် နိုင်ငံအများအပြားက  အထူးအလေးထား ဖော်ဆောင် လာသည့်စွမ်းဆောင်ရည် တစ်ရပ်ဖြစ်လာသည်။ အကြောင်းမှာ ဂြိုဟ်တုများသည် နိုင်ငံအများအပြား၏ လုံခြုံရေးနှင့် ကာကွယ် တားဆီးရေးကို ထူးခြားစွာ အထောက်အကူပြုစေနိုင်သောကြောင့် ဖြစ်သည်။  ဥပမာအားဖြင့် ထောက်လှမ်းရေး ဂြိုဟ်တုတစ်စင်း သည်နေရာ ဒေသတစ်ခုခုတွင် ဖြန့်ကြက်ထားသည့် စစ်သည်တစ်ဦး၏ တည်နေရာကို ဂြိုဟ်တုလမ်းကြောင်းရှာစနစ် (satnav)အား အသုံးပြု၍ အတိအကျ ဖော်ထုတ်ထောက်လှမ်းနိုင်ပြီဖြစ်သည်။ ထို့ကြောင့်လူသားတို့၏ အာကာသနယ်ပယ်အပေါ် အမှီသဟဲပြုခြင်း သည် ယခုမျက်မှောက်ခေတ်တွင် မြင့်တက်လာပြီဖြစ်သောကြောင့် နိုင်ငံများကြား ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်ပွားပါက ပြိုင်ဘက် အဖွဲ့အစည်းတစ်ခု သို့မဟုတ် နိုင်ငံတစ်နိုင်ငံအနေဖြင့် ၎င်း၏ရန်သူအဖွဲ့အစည်းနှင့် ပြိုင်ဘက်နိုင်ငံ တစ်နိုင်ငံ၏ စွမ်းဆောင်နိုင်စွမ်းကို ချည့်နဲ့စေရန်အတွက် အာကာသနယ်ပယ်ကို အသုံးချနိုင်ရန် ကြိုးပမ်းလာပြီဖြစ်သည်။ တစ်နည်းအားဖြင့် ယနေ့ခေတ်အခါ၌ ယင်းသို့ကြိုးပမ်း လုပ်ဆောင်ခြင်းသည် ပြိုင်ဘက်နိုင်ငံများက အာကာသအတွင်းသို့ လွှတ်တင်ထားသည့် ဂြိုဟ်တုများကို တိုက်ခိုက်ဖျက်ဆီးပစ်ခြင်းပင်ဖြစ်သည်။

ရုရှားနိုင်ငံသည် အမျိုးအမည်ထုတ်ပြန် ကြေညာခြင်းမရှိသည့် ဂြိုဟ်တုများကို၂၀၁၄ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ အတွင်းက လွှတ်တင်ခဲ့သည်။ အဆိုပါဂြိုဟ်တုများသည် ပတ်လမ်းအတွင်းလည်ပတ်၍ ၎င်း၏လုပ်ငန်းတာဝန် သို့မဟုတ် မစ်ရှင်များကို ထမ်းဆောင်လျက်ရှိသည်ဟုယူဆရသည်။ အဆိုပါ ဂြိုဟ်တုလွှတ်တင်မှုများသည်ရုရုားနိုင်ငံက အနာဂတ်တွင် အသုံးပြုမည့် အာကာသလက်နက်စနစ်တစ်ခုကို စမ်းသပ်ခြင်းဖြစ်သည်ဟု အချို့ကယူဆခဲ့ကြသည်။

ရုရှားနိုင်ငံကဲ့သို့ပင် တရုတ်နိုင်ငံကလည်း အာကာသနယ်ပယ်ကို နည်းအမျိုးမျိုးဖြင့် အသုံးပြုရန်ကြိုးပမ်းလျက်ရှိသည်။ တရုတ်နိုင်ငံ သည် ၎င်းတို့၏ရှီကျန်း (Shijian) ဂြိုဟ်တုများကိုအသုံးပြုကာ ကမ္ဘာ့ပတ်လမ်းများကို ပြောင်းလဲ၍ အာကာသနယ်ပယ်ကို စစ်ဆင်ရေးအတွက် အခြားနည်းလမ်းများဖြင့် အသုံးပြုရန်ဆန္ဒရှိနေသည်။ တရုတ်နိုင်ငံသည် ၎င်းတို့၏ ရာသီဥတုစောင့်ကြည့်ရေး ဂြိုဟ်တုတစ်စင်းကို ၂၀၀၇ ခုနှစ်အတွင်းက ကမ္ဘာမြေပြင်မှနေ၍ ဒုံးကျည်တစ်စင်းဖြင့် ပစ်ချဖျက်ဆီးပစ်ခဲ့သည်။ ပစ်ချခံလိုက်ရသည့်  FY-1C ဂြိုဟ်တုသည် ကမ္ဘာ့မြေမျက်နှာပြင်အထက် ၈၆၅ ကီလိုမီတာအကွာတွင် လည်ပတ်နေခြင်းဖြစ်ပြီး ယင်းဂြိုဟ်တုကို တရုတ် နိုင်ငံက တစ်စက္ကန့်လျှင် ၈ ကီလိုမီတာနှုန်းဖြင့်ပျံသန်းနိုင်သည့် ဒုံးကျည်ကို အသုံးပြု၍ ပစ်ချခဲ့ခြင်းဖြစ်သည်။ FY-1C ဂြိုဟ်တုသည် ပစ်ချခံရပြီးနောက်တွင် စုစုပေါင်း အာကာသအပျက်အစီးအစိတ်အပိုင်း ၁၅၀၀၀၀ ခုအဖြစ် ကွဲထွက်သွားခဲ့သည်။ အလားတူပင် ဥရောပအာကာသအေဂျင်စီ (ESA)သည် အာကာသစူးစမ်း လေ့လာရေးကို ငြိမ်းချမ်းသည့် နည်းလမ်းဟုဆိုကာ လုပ်ဆောင်နိုင်ရန်  ကြိုးပမ်းလျက်ရှိသည်။ ယင်းအစီအစဉ်၏ တစ်စိတ်တစ်ဒေသအနေဖြင့် ESA သည်အာကာသအပျက်အစီးများနှင့် အာကာသယာဉ် ဟောင်းများကို ဂြိုဟ်ပတ် လမ်းအတွင်းမှ ဖယ်ရှားပစ်နိုင်မည့် နည်းလမ်းများကို ရှာဖွေလျက်ရှိသည်။

သို့ရာတွင် ဂြိုဟ်တုများကို ဖောက်ခွဲဖျက်ဆီးရာမှ ထွက်ပေါ်လာသည့် အပျက်အစီးထုသည် ကမ္ဘာ့ပတ်လမ်းအတွင်းရှိ အခြားဂြိုဟ်တု များနှင့် အလွယ်တကူဝင်တိုက်နိုင်ပြီး အပျက်အစီးများကိုဖြစ်ပေါ်စေနိုင် သောကြောင့် အာကာသအပျက်အစီးများက လူသားများ အတွက် ဆိုးကျိုးသက်ရောက်မှုကိုဖြစ်ပေါ်လာစေနိုင်သည်။ ထို့ပြင်အင်အားကြီး နိုင်ငံများအနေဖြင့် ပတ်လမ်းအတွင်းရှိဂြိုဟ်တု များကို   အပြန်အလှန် ဖောက်ခွဲဖျက်ဆီးပစ်မည်ဆိုပါက ပဋိပက္ခအတွင်းပါဝင်မှုမရှိသည့် အခြားနိုင်ငံများကိုပါ အန္တရာယ်ကျရောက် စေနိုင်သည်။

ရုရှားနှင့်တရုတ်နိုင်ငံတို့သည် လက်ရှိတွင်ဂြိုဟ်တုများကို တိုက်ခိုက်ဖျက်ဆီးပစ်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်ရာတွင် အမေရိကန် ပြည်ထောင်စုထက် သာလွန်လျက်ရှိသည်။ အမေရိကန်အစိုးရသည် ထောက်လှမ်းရေး သတင်းအချက်အလက်များ ရယူခြင်းမှစ၍   ပဲ့ထိန်းဒုံးကျည်များ၊ ဗုံးများနှင့်  မောင်းသူမဲ့လေယာဉ်များကိုပစ်ခတ်အသုံးပြုရာတွင် ဂြိုဟ်တုများအပေါ် အမှီသဟဲပြု နေရသည်။ ပတ်လမ်းအတွင်းရှိ ဂြိုဟ်တုများကိုဖျက်ဆီးနိုင်သည့် စွမ်းဆောင်ရည်သာလွန်မှုတွင် ရုရှားနှင့်တရုတ်တို့က ခေါင်းတစ်လုံး ပိုသာနေသောကြောင့် အမေရိကန်အစိုးရသည်  ယခုအခါ  ဒေါ်လာဘီလီယံပေါင်းများစွာကို အသုံးပြု၍ ဂြိုဟ်တုတိုက်ဖျက်ရေး လက်နက်များမှ ကာကွယ်ပေးနိုင်မည့်  စွမ်းဆောင်ရည်တိုးမြှင့်ရေးကို လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရန်သူကအမေရိကန် ၏အာကာသနယ်ပယ်ဆိုင်ရာ ထောက်ပံ့ရေးလိုင်းများကို ဖြတ်တောက်ပစ်လိုက်ချိန်တွင် တုံ့ပြန်လုပ်ဆောင်ရမည့် ဆောင်ရွက် ချက်များကို  စစ်သည်များအားလေ့ကျင့်သင်ကြားပေးခြင်းအပြင် ပြိုင်ဘက်နိုင်ငံများက လုပ်ဆောင်လာမည့် တိုက်ခိုက်မှုအသစ်များ အပေါ်လက်တုံ့ပြန်နိုင်မည့် နည်းလမ်းများကိုပါ ဖော်ထုတ်လာခဲ့ပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် ယခင်ကအာကာသနယ်ပယ်တွင် လွှမ်းမိုးထားနိုင်ခဲ့ရာ စစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် စစ်သည် များ၊ ဝေဟင်တွင်ပျံသန်းနေသည့် မောင်းသူမဲ့လေယာဉ်များနှင့်    ကမ္ဘာတစ်ဝန်းသို့ ပျံသန်းမောင်းနှင်နေသည့် ဗုံးကြဲလေယာဉ်များ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့်၎င်းတို့ ရယူစုဆောင်းသည့် ထောက်လှမ်းရေး သတင်းအချက်အလက်များကြောင့် ကမ္ဘာပေါ်တွင်      တိုက်ရည် ခိုက်ရည်အကောင်းဆုံးအဆင့်၌  ရပ်တည်နေနိုင်ခဲ့သည်။ ထို့ကြောင့် အမေရိကန်အစိုးရသည် တစ်နေ့ထက်တစ်နေ့  အာကာသနယ်ပယ်အပေါ် အမှီသဟဲပြုနေခြင်းအပေါ် ပြိုင်ဘက်နိုင်ငံများက သတိထားမိလာခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အမေရိကန်လေတပ်သည် အာကာသစစ်ဆင်ရေးစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်ကို ကြီးကြပ်ကွပ်ကဲလျက်ရှိပြီး အာကာသဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများကို မှန်မှန်လုပ်ဆောင်နေသည်။ ယင်းစစ်ရေးလေ့ကျင့်မှုများအတွင်း အမေရိကန် ဂြိုဟ်တုများသည် ပြိုင်ဘက်နိုင်ငံများ၏ တိုက်ခိုက်မှုကိုခံရသည်ဟု သရုပ်သကန်ဖန်တီး၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရချိန် တွင် အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် တိုက်ခိုက်မှုကို မည်သို့မည်ပုံမှတ်ယူသည်ကို အကဲဖြတ်သည့် လေ့ကျင့်မှု တစ်ရပ်ကိုပါ လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

တစ်ချိန်တည်းမှာပင် ရုရှားနှင့်တရုတ်နိုင်ငံတို့သည် အမေရိကန်၏ ဂြိုဟ်တုအခြေပြု ဒုံးကျည်ကာကွယ်ရေးစနစ်များမှ ထွက်ပေါ် လာမည့် ခြိမ်းခြောက်မှုများကို ချည့်နဲ့စေမည့်လက်နက်အသစ်အဆန်းများကို ထုတ်လုပ်ရန်အတွက် သုတေသန အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်လျက်ရှိသည်။

တရုတ်အစိုးရသည် အာကာသနယ်ပယ်ကို စစ်ဆင်ရေးနယ်ပယ်အဖြစ် ပြီးခဲ့သည့်နှစ်များအတွင်းက သတ်မှတ်ခဲ့သည်။ တရုတ်နိုင်ငံ၏ အာကာသစစ်ပွဲနှင့်စစ်ဆင်ရေး များ၏ရည်မှန်းချက်မှာ ထိုးစစ်ဆင်ခြင်းနှင့် ခံစစ်ဆင်ခြင်းနည်းလမ်းများကို အသုံးပြုခြင်းအားဖြင့်   အာကာသနယ်ပယ်တွင် ပြိုင်ဘက်နိုင်ငံများထက် အသာစီးရရှိစေရန်ပင်ဖြစ်သည်ဟု ၎င်းတို့၏ စစ်ရေးမဟာ ဗျူဟာ တွင်ဖော်ပြထားသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်တွင် ယခုအခါ ကမ္ဘာကြီးအားမြေမျက်နှာပြင်အထက် ၁၂၀၀ မိုင်မှ ၂၂၀၀၀ မိုင်အမြင့်မှ နေ၍ လှည့်ပတ်နေသည့် အမေရိကန်၏ဂြိုဟ်တုအစင်းပေါင်း ၅၀၀ ခန့်ကို တိုက်ခိုက်ဖျက်ဆီး သို့မဟုတ်ချည့်နဲ့စေနိုင်သည့်   စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားသည်ဟု အမေရိကန်အခြေစိုက်သုတေသနအဖွဲ့ကြီးတစ်ခုဖြစ်သည့် Foreign Policy က ဖော်ပြ ခဲ့ခြင်းကြောင့် အင်အားကြီးနိုင်ငံများကြား အာကာသနယ်ပယ်ဆိုင်ရာ စွမ်းဆောင်ရည်တည်ဆောက်မှုသည် ဆက်လက် ပြင်းထန် လာနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

(Ref: Politico, Thebulletin)

မောင်ယုယ