မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆောင်ရွက်မှုများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှော့ချနိုင်ရေး ဆက်လက်ကြိုးပမ်းသွားရန်လို

မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆောင်ရွက်မှုများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှော့ချနိုင်ရေး ဆက်လက်ကြိုးပမ်းသွားရန်လို

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် စီးပွားရေးနှင့်လူမှုရေး   ဖွံ့ဖြိုးတိုးတက်မှုသာမက  သန့်ရှင်းသောပတ်ဝန်းကျင်နှင့်  ကောင်းမွန်သောဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေးအလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများပျက်စီးဆုံးရှုံးမှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများသည် စီးပွားရေးနှင့်လူမှုဘဝတိုးတက်မြင့်မားရေးကိုခြိမ်းခြောက်လျက်ရှိကြောင်း၊ ပါရီသဘောတူညီချက်အရ နိုင်ငံအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ လုပ်ငန်း အစီအစဉ်တွင်ပါဝင်သည့် ကဏ္ဍအလိုက် ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တောမီးလောင်ကျွမ်းခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် လောင်ကျွမ်းသည့် အခြားမီးတို့မှဖြစ်ပေါ်လာသော    မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်မှုများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှော့ချနိုင်ရေး ဆက်လက်ကြိုးပမ်းသွားရန် လိုအပ်ကြောင်း။

 အဏ္ဏဝါပင်လယ်ပြင်အမှိုက်သရိုက်များ၏ ၈၅ ရာခိုင်နှုန်းသည် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများဖြစ်ပြီး   တစ်နှစ်လျှင် တန် ၉ သန်းမှ ၁၄ သန်းရောက်ရှိလျက်ရှိရာ  မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများလျော့ကျအောင် ဆောင်ရွက်လျက်ရှိကြောင်း၊  လေထုအရည်အသွေးကို တိုင်းတာစစ်ဆေးပြီး ရလဒ်များကို လစဉ်ပုံမှန်သတင်းထုတ်ပြန်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များသည် လုပ်ငန်းကဏ္ဍအားလုံးနှင့် ဆက်စပ်နေသည့်အတွက်   ပုဂ္ဂိုလ်၊  အဖွဲ့အစည်းတစ်ရပ်အနေဖြင့်သာမက သက်ဆိုင်ရာကဏ္ဍများနှင့် ဆက်စပ်ပတ်သက်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီအတွင်းရေးမှူးတို့က ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြကာ ဆုံးဖြတ်ချက်များချမှတ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးသို့ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်နှင့် အမြဲတမ်းအတွင်းဝန်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် သယံဇာတရေးရာ ဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။