(၁၉) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ဘဏ္ဍာသိမ်းငွေမှ ငွေကျပ်သန်း ၂၅ဝ ကို  ဆုမဲများတွင် ထည့်သွင်းချီးမြှင့်မည်

စက်တင်ဘာ  ရက်တွင် ဖွင့်လှစ်မည့် (၁၉) ကြိမ်မြောက်  ငွေကျပ် ၁ဝဝဝ တန် အောင်ဘာလေထီဖွင့်ပွဲတွင် ဘဏ္ဍာသိမ်းငွေမှ ရရှိထားသော ငွေကျပ်သန်း၂၅ဝ ကို ဆုမဲများတွင် ထပ်မံထည့်သွင်း ချီးမြှင့်ပေးမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနအောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။ အောင်ဘာလေသိန်းဆုဌာနခွဲ အနေဖြင့် ထီရောင်းရငွေမှ ၆ဝ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ်  ချီးမြှင့်ပေးသော်လည်း  ထီထိုးသူများ ပိုမိုအဆင်ပြေစေရန်  ယခင်အကြိမ် ထီဖွင့်ပွဲများတွင်   ထီပေါက်သော်လည်း ထီဆုငွေများကို သတ်မှတ် ကာလအတွင်း လာရောက်ထုတ်ယူခြင်း မရှိသောကြောင့် ဘဏ္ဍာသိမ်းငွေအဖြစ် ထားရှိသည့် ငွေကျပ် သန်း ၂၅ဝ ကို (၁၉)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ထပ်မံထည့်သွင်း ချီးမြှင့်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကပြောသည်။ ယင်းကဲ့သို့  ထည့်သွင်းချီးမြှင့်ရာတွင်  ဝေဝေဆာဆာပဒေသာ ဆုမဲများဖြစ်သော ငွေကျပ် သုံးသိန်းဆု၊  ငွေကျပ်နှစ်သိန်းဆု၊ ငွေကျပ်  တစ်သိန်းဆုနှင့် ဆုတစ်ဆုချင်း ငွေကျပ် ၁ဝ သိန်းဆုတို့၌ ထပ်မံထည့်သွင်းချီးမြှင့်ပေးမည်ဖြစ်သည်။ (၁၉) ကြိမ်မြောက် ငွေကျပ် ၁ဝဝဝ တန် အောင်ဘာလေထီ ဆုမဲများတွင် အမြင့်ဆုံးဆု ငွေကျပ်သိန်း ၁၅ဝဝဝ နှင့်အနိမ့်ဆုံးဆု ငွေကျပ် ၅ဝဝဝဝ ပါဝင်မည်ဖြစ်ကြောင်းနှင့် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ   အောင်ဘာလေ သိန်းဆုခွန်အဖြစ် ငွေကျပ် ၁၁၇ ဒသမ ၉၈၃ ဘီလီယံရရှိထားကြောင်း သိရသည်။ (၁၈) ကြိမ်မြောက် ငွေကျပ် ၁ဝဝဝ တန် အောင်ဘာလေထီဖွင့်ပွဲတွင်  ထီလက်မှတ် များကို 'က'အက္ခရာမှ အစဉ်လိုက် 'ကဆ' အက္ခရာအထိ စုစုပေါင်း အက္ခရာအလုံးရေ ၄ဝ ရောင်းချခဲ့ပြီး ထီစာအုပ် ၃၂၇၂၇၂ဝ မှ  ထီလက်မှတ်အစောင်ရေ ၃၅၉၉၉၉၂ဝ ရောင်းချနိုင်ခဲ့ကြောင်း  ပြည်တွင်းအခွန်များ ဦးစီးဌာန  အောင်ဘာလေ သိန်းဆုဌာနခွဲမှ  သိရသည်။