တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ မတ် -

       ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာလာသည့်  တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးကု ဆေးအဖွဲ့များ လိုက်ပါ လာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့တွင် ရမ်းဗြဲမြို့ နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ ကျောက်နီမော်ကျေးရွာသို့ ရောက်ရှိရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖျဖျကြိုဆိုကြသည်။ အဆိုပါ နယ်လှည့်အထူးကု ဆေးအဖွဲ့သည်  ကျောက်နီမော်ကျေးရွာရှိ တိုက်နယ်ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၇၅၈ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

       ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၂၃ ဦး၊ ခွဲစိတ်ရောဂါ ၄၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၄ ဦး၊ ကလေးရောဂါ ၂၇ ဦး၊ အရိုးရောဂါ ၁၄၃ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၇၂ ဦး၊ မျက်စိရောဂါ ၂၀၀ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေ ခွဲစိတ်လူနာ ၅ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၀ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၆ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၇၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၂၂ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ၂ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများနှင့် ပြည်သူ့ ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

       ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါတယ်-

“မျက်စိကကြည့်လို့မကောင်းလို့ ဆရာဝန်တွေဆီ လာပြတာပါ။ ဆေးရုံသင်္ဘောကြီးပေါ်မှာ   မျက်စိကအစ   တခြားသော ရောဂါတွေဖြစ်တဲ့   အရိုးအကြောတွေပါ ပြလို့ရတယ်ဆိုတော့  ဝမ်းသာအားရနဲ့ လာရောက်ပြသတာပါ။ သက်ဆိုင်တဲ့မြို့နယ် အုပ်ချုပ်ရေးမှူးကတစ်ဆင့်  အသိပေးတဲ့အတွက် သိရပါတယ်။ ဒေသက ကျန်းမာရေးနှင့် ပတ်သက်ပြီး အတော်အားနည်းပါတယ်။ မပြည့်စုံတဲ့သူ တစ်ယောက်အနေနဲ့ အဝေးတစ်နေရာ သွားရောက် ကုသမယ်ဆိုလို့ ရှိရင် ကုန်ကျစရိတ်က  အတော်များပါတယ်။

မတတ်နိုင်ကြပါဘူး၊မတတ်နိုင်တဲ့ အတွက် ဖြစ်သလို ဆေးမြီးတိုလေးတွေနဲ့ ကုသကြရပါတယ်။ အခုလိုလာပြီး ကုသပေးတဲ့အတွက် ဒေသခံတွေကလည်း ပိုပြီး ဝမ်းသာအားရဖြစ်မိပါတယ်။ အထူးသဖြင့် ဒီလိုမျိုးဖြစ်မြောက်အောင်   လုပ်ဆောင်ပေးတဲ့   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တကွ သမားတော်ကြီးတွေ၊   ပါရဂူကြီးတွေ ကျန်းမာရေးဝန်ထမ်းတွေ အကုန်လုံး ဝိုင်းဝန်း ပံ့ပိုးကြသော  သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်လို့ရှိရင် နောက်နောင်နှစ်တွေမှာ အခုလိုလာရောက်ပြီး ကျွန်တော်တို့နေရာဒေသရဲ့ကျန်းမာရေး အားကောင်းအောင် လာရောက်ကုသပေးစေချင်ပါတယ်”ဟု ပြောသည်။

“ကျွန်တော်တို့ဒေသက ကျန်းမာရေးနဲ့ ပတ်သက်ပြီး အခက်အခဲ အများကြီးရှိပါတယ်။ ရမ်းဗြဲကိုသွားမယ်ဆိုရင် ဒီကနေ ၂၅ မိုင်လောက်သွားရပါတယ်။ လမ်းခရီးကလည်း မကောင်းပါဘူး။   တချို့လူနာတွေဆိုရင် ဆေးကုသမယ့်စရိတ်ကို ခရီးသွားရင်းနဲ့ ကားငှားရင်းနဲ့ပဲ ပိုက်ဆံတွေကုန်သွားတယ်။ အခုလို တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)က ဒီလိုပါရဂူတွေ၊ ဆရာဝန်တွေနဲ့လာပြီး    ဆေးကုပေးတော့ ကျွန်တော်တို့စိတ်ထဲမှာ အများကြီး ဝမ်းပန်းတသာဖြစ်ရပါတယ်။ အခုဆိုရင် ဆေးရုံထဲမှာ လူတွေအများကြီးပဲ၊ အများကြီး ဝမ်းသာရပါတယ်။  ကျွန်တော့်တစ်သက်မှာလည်း  ဒါပထမဦးဆုံး မြင်တွေ့ရတဲ့အတွက် အများကြီးဝမ်းသာရပါတယ်။ အများကြီး ကျေးဇူးတင်ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို   အများကြီး ကျေးဇူးတင်ပါတယ်။   ကျွန်တော်တို့ နိုင်ငံသားတွေရဲ့အပေါ်မှာ အခုလိုစေတနာ ထားပြီးတော့ အဆမတန်ဝေးလံခေါင်ဖျားတဲ့နေရာတွေကို လူတွေ ကျန်းမာရေးလာပြီးတော့  ကုသနိုင်အောင် စီမံဆောင်ရွက်ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျွန်တော် နိုင်ငံသား တစ်ယောက်အနေနဲ့ရော အခုလို လာပြီးတော့ ဆေးကုလာရတဲ့ မိဘပြည်သူတွေအနေနဲ့ရော သူတို့ရဲ့ကိုယ်စား အထူးပဲကျေးဇူးတင်ပါတယ်”ဟု ပြောသည်။