မန္တလေး၊ စီးပွားရေး မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ နန်းတော်ရာ စံပြကွက်သစ်တွင် စာနာမှုစံအိမ်(ခ) ငှက်အိမ်များကို မှာယူသူများပြားသဖြင့် ပြုလုပ်ရောင်းချသူများအနေဖြင့် မိသားစုဝင်ငွေ အဆင်ပြေလျက်ရှိကြောင်း ငှက်အိမ်ပြု လုပ်ရောင်းချသူများထံမှ သိရသည်။ စာနာမှုစံအိမ် (ငှက်အိမ်) များကိုတောင်ပေါ်လက်ပံသားဖြင့် ပြုလုပ်ပြီး အပေါက်ဖောက်ရာတွင် ပန်းဖောက်လုပ်ငန်းများထံ သီးသန့်အပ်နံှကာ ပြုလုပ်ကြရသည်။ လက်ရှိကာလ ငှက်အိမ်များကို ငှက်စာစပါးနှံများဖြင့် တွဲဖက်ရောင်းချလျက်ရှိသည်။ ငှက်အိမ်များကို လှပသည့်အိမ်ပုံစံအမျိုးမျိုး ပြုလုပ်ကြပြီး တံခါးပေါက်တစ်ပေါက်ပါသော ငှက်အိမ်တစ်လုံးလျှင် ငွေကျပ် ၂ဝဝဝ၊ နှစ်ပေါက်ပါ ငှက်အိမ် တစ်လုံးလျှင် ငွေကျပ် ၄ဝဝဝ၊ သုံးပေါက်ပါ ငှက်အိမ်တစ်လုံးလျှင်ငွေကျပ် ၅၅ဝဝ၊မေမြို့အိမ်ပုံစံ ငှက်အိမ်တစ်လုံး လျှင်ငွေကျပ် ၆ဝဝဝ၊ လေးပေါက်ပါ ငှက်အိမ်တစ်လုံးလျှင် ငွေကျပ် ၇ဝဝဝ၊ ငါးပေါက်ပါ ငှက်အိမ်တစ်လုံးလျှင် ငွေကျပ် ၈ဝဝဝဖြင့် ရောင်းချကြသည်။ ငှက်အိမ်ပြုလုပ်ရာတွင် အသုံးပြုသည့် တောင်ပေါ်လက်ပံသား တစ်တန်လျှင် ငွေကျပ် ၄၂ဝဝဝဝ အထိပေးရသည်။ လက်ရှိတွင် မှာယူသူများပြားနေသည့်အတွက် ငှက်အိမ် အပေါက်ဖောက်ခြင်းကို ပန်းဖောက်စက်များထံ အပ်နှံရပြီးအပေါက်တစ်ပေါက် ဖောက်ခအနေဖြင့် ငွေကျပ် ၅ဝ ပေးရကြောင်းသိရသည်။ ငှက်အိမ်ပြုလုပ်ရာတွင် လူတစ်ဦးလျှင်တစ်နေ့ အလုံး ၃ဝ ကျော်အထိပြီးသည်။ လက်ရှိကာလတွင် ပုံစံလှပသည့် စာနာမှုစံအိမ်(ခ) ငှက်အိမ်များ ရောင်းအားကောင်းလျက်ရှိကြောင်း စာနာမှုစံ အိမ်(ငှက်အိမ်)ပြုလုပ်သူ ကိုအောင်အောင်ထံမှသိရသည်။