ရန်ကုန်-မန္တေလးအမြန်လမ်း ၁၆ မိုင် ၆ ဖာလုံရှိ ဝင်းစိုက်ပျိုးရေးဥယျာဉ်ခြံ၌ စိုက်ပျိုးရေး နည်းပညာများ လေ့လာနိုင်

ရန်ကုန်၊ လူမှုရေး ရန်ကုန်-မန္တလေးအမြန်လမ်း ၁၆ မိုင်၆ ဖာလုံရှိ ဝင်းစိုက်ပျိုးရေးဥယျာဉ်ခြံသို့ အပန်းဖြေလာရောက်ကြသူများ အနေဖြင့်  စိုက်ပျိုးရေးနည်းပညာများ   လေ့လာနိုင်ကြောင်း ဝင်းစိုက်ပျိုးရေးဥယျာဉ်ခြံမှ ဦးကျော်ထွန်းဝင်း၏ ပြောပြချက်အရ သိရသည်။ အဆိုပါဥယျာဉ်ခြံသို့ လာရောက်လည်ပတ်သူများအနေဖြင့်  မြတ်လေး၊ ခတ္တာ၊  သဇင်၊  စံပယ်၊  ပိန်းပန်း၊  နိုင်ငံခြားသစ်ခွအမျိုးမျိုးနှင့် နှင်းဆီ  စသည့်ပန်းမန်များ၊  သရက်၊ သံပရာ၊ ရှောက်၊ အုန်း၊ ချယ်ရီ၊ ဘယ်ရီ၊ မင်းကွတ်၊ ရဲယို၊ ဂွေးပင်တို့အပြင် နှစ်ရှည်ပင်များဖြစ်သည့် မန်ဂျန်၊ သစ်မွှေး၊ အောင်မဲညို၊  ဒန့်သလွန်တို့ကို  စိုက်ပျိုးထားပြီး  အပင်စိုက်ပျိုးနည်းပညာများကိုလည်း လေ့လာနိုင်မည်ဖြစ်ကာ သစ်လုံး အိမ်များနှင့်  ရေတံခွန်တို့၌လည်း  အလှဓာတ်ပုံများ ရိုက်ကူးနိုင်ကြောင်း သိရသည်။ ''ဥယျာဉ်ခြံအနောက်ဘက်မှာ အော်ဂဲနစ်စိုက်ခင်းတွေရှိပါတယ်။ လာရောက်ကြည့်ရှုနိုင်သလို ဝယ်ယူလို့လည်းရတယ်။ ဒါ့ပြင် ပျိုးပင်တွေနဲ့ စိုက်ပျိုးရေး သုံးဆေးဝါးတွေကိုလည်း  ဝယ်ယူနိုင်ပါတယ်'' ဟု ဦးကျော်ထွန်းဝင်းကပြောသည်။ ယင်းဥယျာဉ် ခြံသည် ၈၉ ဧက ကျယ်ဝန်းပြီး ပြည်တွင်းပြည်ပပန်းမျိုးစုံနှင့် သီးပင်စားပင်များရှိကာ လက်ရှိတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလဖြစ်သည့်အတွက်  လာရောက်လည်ပတ်သူနည်းပါးကြောင်း သိရသည်။