မြန်မာနေရှင်နယ်လိဂ်-၁ ကလပ်အသင်းများ၏ အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများကို COVID-19 ရောဂါပိုးရှိ၊ မရှိစစ်ဆေးပြီးမှသာ ပြိုင်ပွဲကျင်းပခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက ထုတ်ပြန်ထားသည်။
မြန်မာနေရှင်နယ်လိဂ် တာဝန်ရှိသူများသည် သြဂုတ် ၆ ရက်က ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ရရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံ၍ ဆွေးနွေးတင်ပြခဲ့သည်။
ယင်းဆွေးနွေးမှုအပြီး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း သြဂုတ်ဒုတိယပတ်တွင် မြန်မာနေရှင်နယ်လိဂ်-၁ ကလပ်အသင်းများ၏ အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများကို COVID-19 ရောဂါပိုးရှိ၊ မရှိစစ်ဆေးမည်ဖြစ်သည်။
“ဝန်ကြီးဌာနရဲ့ ကျန်းမာရေးလမ်းညွှန်ချက်အတိုင်း ကစားသမား၊ အုပ်ချုပ်သူ၊ နည်းပြနဲ့ တာဝန်ရှိသူတွေကို ဆေးစစ်ပါမယ်။ ရန်ကုန်ယူနိုက်တက်အသင်းကတော့ စစ်ဆေးပြီးဖြစ်လို့ ကျန်ကိုးသင်းကို စစ်ဆေးမှာပါ။ လူဦးရေ ၂၀၀ ကျော် စစ်ရမှာဖြစ်လို့ နှစ်ရက် ဒါမှမဟုတ် သုံးရက်လောက် စစ်ရပါမယ်” ဟု မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ စစ်ဆေးမှုရလဒ်တွင် COVID-19 ရောဂါပိုး မတွေ့ရှိမှသာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ပြန်လည်ကျင်းပ ခွင့်ပေးမည်ဖြစ်သည်။
ထို့ပြင် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများကို သြဂုတ်ဒုတိယပတ်မှစ၍ ပြိုင်ပွဲပြီးဆုံးချိန်အထိ အဆောင်များ၌
Quarantine ထားရှိရန်လည်း စီစဉ်ထားကြောင်း သိရသည်။
ကိုရဲ