ရန်ကုန် ဇူလိုင် ၁၂
ဇူလိုင် ၁၉ ရက်တွင်ကျရောက်မည့် (၇၃)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အဆင့် မြှင့်တင် ခဲ့သော ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ သမိုင်းဝင်ကန်တော်ကြီး သဘာဝဥယျာဉ် ဗိုလ်ချုပ် အောင်ဆန်းရုပ်တုနှင့်ပန်းခြံကို ယနေ့ညနေပိုင်းတွင် ဖွင့်လှစ် လိုက်ပြီဖြစ်သည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကာ အသစ်ပြန်လည်အဆင့်မြှင့် တင်ထား သော သမိုင်းဝင်ဗိုလ်ချုပ်ရုပ်တုနှင့် ဗိုလ်ချုပ်ပန်းခြံဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တာဝန်ရှိသူများသည် သမိုင်းဝင် ဗိုလ်ချုပ်ရုပ်တုနှင့်ဗိုလ်ချုပ် ပန်းခြံတို့အား လှည့်လည်ကြည့်ရှုလေ့လာကြသည်။ အဆိုပါဗိုလ်ချုပ်ကြေးရုပ်တုနှင့် ရင်ပြင်ပြန်လည်ပြုပြင် ခြင်းလုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမြေယာရှုခင်းနှင့် အားကစားကွင်းများဌာနမှ ၂ဝ၂ဝ ပြည့်နှစ် မတ်လက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။ ၎င်းလုပ်ငန်းတွင် မြေဖို့ပြုပြင်ခြင်း၊ ကွန်ကရစ် ကြမ်းခင်းလောင်းခြင်း၊ ခြံစည်းရိုးများကာရံခြင်း၊ သံပန်းနှင့် မီးများတပ်ဆင်ခြင်း၊ ရေနုတ်မြောင်းနှင့် လျှောက်လမ်းကွေ့ များတည်ဆောက်ခြင်း၊ ခေတ်မီကြွေပြား တပ်ဆင် ခြင်းလုပ်ငန်းများ ပါဝင်သည့်အပြင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု အောက်ခံခုံပြုပြင်ခြင်း လုပ်ငန်းများလည်း ပါဝင် သည်။ ဗိုလ်ချုပ် ကြေးရုပ်တုနှင့် ရင်ပြင်ပန်းခြံသည် ကန်တော်ကြီး သဘာဝဥယျာဉ်၏ ဧရိယာအတွင်း မြောက်အရပ်တွင် တည်ရှိကာ ၁ ဒသမ ၃ ဧကခန့်ကျယ်ဝန်းသည်။ ယခုဖွင့်လှစ်သော ကန်တော်ကြီးသဘာဝဥယျာဉ်တွင် ရှိသော ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တုကို ၁၉၅၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က ဗိုလ်ချုပ်၏ အနှစ်(၄ဝ)ပြည့် မွေးနေ့အထိမ်းအမှတ် အနေဖြင့် နိုင်ငံတော် သမ္မတဟောင်း ဒေါက်တာဘဦးက ဖွင့်လှစ်ပေးခဲ့သော သမိုင်းအမွေအနှစ် တစ်ခုဖြစ်ကြောင်း သိရသည်။ သမိုင်းဝင် ဗိုလ်ချုပ်ရုပ်တုနှင့် ဗိုလ်ချုပ်ပန်းခြံကို ယခုတွင် အဆင့်အတန်းမြင့်မားလှပသော ပန်းခြံတစ်ခုဖြစ်စေရန်နှင့် အများ ပြည်သူများ အနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ကျယ်ဝန်းစွာ ဂါရဝပြုနိုင်စေရန်၊ လွတ်လပ်ပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်သည့် ပန်းခြံတစ်ခုဖြစ်စေရန် ရည်ရွယ်၍ အဆင့်မြှင့်တင်ကာ ဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း ဖွင့်ပွဲ အခမ်းအနားမှ သိရသည်။ ထိုဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုသည် ၁၉၅၅ ခုနှစ် တွင် လန်ဒန်မြို့အနုပညာသိပ္ပံကျောင်းမှ ကျောင်း အုပ်ဖြစ်သူ အင်္ဂလန်နိုင်ငံသားကြေးသွန်းပညာရှင် မစ္စတာကော့ပနယ် က ဦးစံဖေ၏ရုပ်တုပုံစံငယ်ကို ရွေးချယ်ပြီး ဗိုလ်ချုပ် ကြေးရုပ်သွန်း လောင်းခဲ့ခြင်းဖြစ်သည်။ အမြင့် ၈ ပေ ၄ လက်မ ရှိပြီး ရုပ်တု၏အောက်ခုံတွင် ရေးထိုးထား သော ကမ္ပည်း စာသားသည် ဆရာဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ်၊ ဝန်ကြီးချုပ် ဦးနု၊ ဦးသန့်နှင့် ဗိုလ်မှူးကြီး ဘရှင်တို့က စိစစ်ရွေးချယ်ထား ခြင်းဖြစ်ကြောင်းသိရသည်။ မောင်မျိုး(ဧရာဝတီ)