စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်
အမှတ်စဉ်(၈ဝ)
ဖော်ပြခဲ့တဲ့စွမ်းအင်နဲ့စပ်လျဉ်းတဲ့ အဓိကဦးတည်ချက်(၃)ရပ်ဖြစ်တဲ့ Energy Goal၊ Energy Poli နဲ့ Energy Character တွေဟာ စွမ်းအင်အရင်းအမြစ်အားလုံးကို စီမံခန့်ခွဲနေသူ၊ ထုတ်လုပ်သုံးစွဲသူ၊ ရောင်းဝယ်နေသူအားလုံးအတွက် လွှမ်းခြုံတဲ့မူဝါဒများ ဖြစ်ပါတယ်။
ရည်မှန်းချက်နဲ့ လုပ်ငန်းစဉ်ကတော့ စွမ်းအင်တစ်မျိုးချင်းမှာ မတူကွဲပြားစွာ ချမှတ်ကြရတာဖြစ်ပါတယ်။ အခုဖော်ပြခဲ့တဲ့အထဲမှာ ရည်မှန်းချက်နဲ့ လုပ်ငန်းစဉ်ထဲက လျှပ်စစ်ကဏ္ဍကို ဖော်ပြခဲ့ပြီးဖြစ်ပေမယ့် လျှပ်စစ်အရင်းအမြစ်တွေထဲက လူအများ စိတ်ဝင်စား မယ်လို့ထင်တဲ့ ကျောက်မီးသွေးနဲ့ပတ်သက်ပြီး နိုင်ငံတော်က ၂၀၁၃ ခုနှစ်မှာ ဘယ်လိုသဘောထားရှိခဲ့တယ်။ ဘယ်လိုရည်မှန်းချက်နဲ့ လုပ်ငန်းစဉ်တွေချမှတ်တယ်ဆိုတာ ဖော်ပြပါမယ်။
ကျောက်မီးသွေးကဏ္ဍ ရည်မှန်းချက်
ကျောက်မီးသွေးစွမ်းအင်အတွက် ရည်မှန်းချက်ကတော့ -
၁။ ကျောက်မီးသွေးရှာဖွေရေးလုပ်ငန်းများကို တိုးချဲ့ပြုလုပ်ရန် လက်ရှိဆောင်ရွက်လျက်ရှိသော ကျောက်မီးသွေး တူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်းများကို သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် သက်ရောက်မှု အနည်းဆုံးဖြစ်စေရန်နှင့် တိုးတက်သော နည်းပညာဖြင့် ဆောင်ရွက်ရန်။
၂။ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကျောက်မီးသွေးဆိုင်ရာမူဝါဒများကိုလေ့လာပြီး မြန်မာနိုင်ငံ၏ ကျောက်မီးသွေး ကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်။
၃။ အနာဂတ်တွင် ကျောက်မီးသွေးတူးဖော်ထုတ်လုပ်မှုများ၊ သုံးစွဲမှုများသည် သိသာစွာတက်လာမည်ဖြစ်ရာ နိုင်ငံတစ်ဝန်းရှိ ဘူမိဗေဒဖြစ်ထွန်းမှုများအရ စမ်းသပ်ရှာဖွေခြင်းမပြုနိုင်သေးသည့် ကျောက်မီးသွေးအရင်းအမြစ်များ တိုးချဲ့ရှာဖွေရန်။
၄။ ကျောက်မီးသွေးတူးဖော်ထုတ်လုပ်ခြင်း၊ အသုံးပြုခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေး အလေးပေး ဆောင်ရွက်ရန်နှင့် Clean Coal Technology အသုံးချနိုင်ရေး ဆောင်ရွက်သွားရန်။
၅။ ကျောက်မီးသွေးဆင့်တက်ပြုပြင်ခြင်းနည်းပညာ (Coal to Gas, Coal to Liquid စသည်)များ မြှင့်တင်နိုင်ရန် ပြည်တွင်း၊ ပြည်ပမှ အရင်းအနှီးနှင့် နည်းပညာများဖိတ်ခေါ်ရန်။
၆။ Clean Coal Technology နည်းပညာအသုံးပြုရေး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
၇။ ကျောက်မီးသွေးလောင်စာအသုံးပြုသည့် စက်ရုံလုပ်ငန်းများအတွက် စက်မှုဆိုင်ရာနည်းပညာလိုအပ်ချက်များ ကူညီဆောင်ရွက်ရန်။
၈။ ကျောက်မီးသွေးဆိုင်ရာ စံချိန်စံညွှန်းများ စနစ်တကျဖြစ်စေရေး၊ ကျောက်မီးသွေး ဈေးကွက်ဖြစ်ပေါ်ရေး ဆောင်ရွက်ရန်။
၉။ ကျောက်မီးသွေးကြောင့် ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်အောင် ဆောင်ရွက်ရန်။
၁၀။ စွမ်းအင်ကဏ္ဍ ကျောက်မီးသွေးလုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်စေရန်။
၁၁။ ပြည်တွင်းစွမ်းအင်ကဏ္ဍ တိုးတက်လာစေရန်။
၁၂။ မြေပေါ်မြေအောက် ကျောက်မီးသွေးတူးဖော်ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် လုပ်ငန်းခွင်အန္တရာယ် ကြိုတင် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ဂရုစိုက်ဆောင်ရွက်ရန်။
၁၃။ တူးဖော်ထုတ်လုပ်ပြီး သတ္တုတွင်းပိတ်သိမ်းမှု၊ အစီအစဉ်ချမှတ်ကာ ပြန်လည်ထူထောင်မှုလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်သွားရန်။
ဆိုတဲ့အချက် (၁၃) ချက်ကို ဖော်ပြထားပါတယ်။
လုပ်ငန်းစဉ်
ဆက်လက်ပြီး ကျောက်မီးသွေးလုပ်ငန်းစဉ်များ ချမှတ်ထားတာကတော့ -
(၁) မြန်မာနိုင်ငံ၏ ဘူမိဗေဒအချက်အလက်များအရ ကျောက်မီးသွေးဖြစ်တည်နေမှုသည် လက်ရှိတွေ့ရှိထားသည့် ပမာဏထက် ပိုမိုများပြားရန် အလားအလာရှိရာ ကျောက်မီးသွေးရှာဖွေထုတ်လုပ်ခြင်းလုပ်ငန်းကို မိမိနိုင်ငံအစီအစဉ်ဖြင့်လည်းကောင်း၊ နိုင်ငံခြား ကုမ္ပဏီများနှင့်လည်းကောင်း တည်ဆဲဥပဒေများနှင့်အညီ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် သက်ရောက်မှုအနည်းဆုံးဖြင့် စနစ်တကျပိုမိုတိုးမြှင့်ဆောင်ရွက်မည်။
(၂) နိုင်ငံခြားပညာတော်သင်စေလွှတ်ခြင်း၊ သင်တန်းများပို့ချခြင်း၊ စာတမ်းဖတ်ပွဲများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ပြီး နည်းပညာ ဖလှယ်ရေး စီစဉ်ဆောင်ရွက်မည်။
(၃) တိုးချဲ့ရှာဖွေတွေ့ရှိသည့် ကျောက်မီးသွေးအရင်းအမြစ်များကို စွမ်းအင်ကဏ္ဍအတွက် စနစ်တကျဆောင်ရွက်မည်။
(၄) ကျောက်မီးသွေးလောင်စာသုံးစက်ရုံများတွင် Clean Coal Technology ဖြင့် သုံးစွဲရေးနည်းဥပဒေ သို့မဟုတ် မူဝါဒ ချမှတ်ဆောင်ရွက်မည်။
(၅) လောင်စာတောင့်သုံးစွဲခြင်းဖြင့် ပတ်ဝန်းကျင် လေထုမညစ်ညမ်းစေရန် CO2 ၊ SO2 များ မထွက်ရှိအောင် အဆင့်မြင့် နည်းပညာများ သုံးစွဲ၍ လောင်စာတောင့်များထုတ်လုပ်မည်။
(၆) လက်ရှိ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများကို Clean Coal Technology နည်းပညာသုံးစွဲရေး ကူညီဆောင်ရွက်မည်။
(၇) ကျောက်မီးသွေးထုတ်လုပ်မှုလုပ်ငန်းတွင် စက်မှုဆိုင်ရာနည်းပညာ လိုအပ်ချက်များ သုံးစွဲသွားရေး ချမှတ်ဆောင်ရွက်မည်။
(၈) သုတေသနလုပ်ငန်းများနှင့် ဓာတ်ခွဲခန်းများ တည်ထောင်သွားရန်၊ ကျောက်မီးသွေးဈေးကွက်ဖြစ်ပေါ်လာစေရန် ကျောက်မီးသွေးထုတ်လုပ်သည့်ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်သွားမည်။
(၉) ကျောက်မီးသွေးကြောင့်ဖြစ်ပေါ်လာသော ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရေး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နည်းပညာ အကူအညီများ ရယူပူးပေါင်းဆောင်ရွက်မည်။
(၁၀) စွမ်းအင်ကဏ္ဍ ကျောက်မီးသွေးဆိုင်ရာလုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဖွဲ့စည်း၍ ညှိနှိုင်းဆောင်ရွက်မည်။
(၁၁) ကျောက်မီးသွေးကို ပြည်တွင်းတွင် အဓိကသုံးစွဲရန်နှင့် နောင်အနာဂတ်မျိုးဆက်အတွက် ကျောက်မီးသွေး အရန်သတ္တုသိုက် များ သတ်မှတ်ထားမည်။
(၁၂) ကျောက်မီးသွေးဆင့်တက် ပြုပြင်ခြင်းနည်းပညာ ( Coal to Gas, Coal to Liquid စသည်) များမြှင့်တင် နိုင်ရန် ပြည်တွင်း၊ ပြည်ပမှ အရင်းအနှီးနှင့် နည်းပညာများ ဖိတ်ခေါ်မည်။
(၁၃) လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များအား နိုင်ငံတကာစံနှုန်းနှင့်အညီ လေ့လာရှာဖွေယူပြီး မိတ်ဖက်ကုမ္ပဏီများနှင့် ဆွေးနွေးပွဲများ၊ နည်းပညာပေးဟောပြောပွဲများ ပြုလုပ်ကာ ပညာပေး ဟောပြောမှုများ ပြုလုပ်မည်။
(၁၄) ပိတ်သိမ်းပြီးသတ္တုတွင်းများကို Mine Reclamation ဆောင်ရွက်ရန်အတွက် အာဆီယံနိုင်ငံများက လက်တွေ့ ကျင့်သုံး ဆောင်ရွက်နေသော နည်းပညာများရယူခြင်း၊ မိတ်ဖက်ကုမ္ပဏီများအား ဖြန့်ဝေခြင်း၊ ညွှန်ကြားခြင်း၊ စောင့်ကြည့်ခြင်းများ ဆောင်ရွက်မည်။
အစရှိတဲ့ ကျောက်မီးသွေးစွမ်းအင်ဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း စွမ်းအင်မူဝါဒများပါ တစ်ပါတည်းချမှတ်ထားပြီးလည်း ဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။