နောက်ဆုံးအခွင့်အရေးကို ထိရောက်စွာ အသုံးချနိုင်ကြပါစေ
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည်မှာ သုံးဘာသာ ပြီးမြောက်နေပြီဖြစ်သည်။ ယခုတက္ကသိုလ်ဝင်စာမေးပွဲသည် သင်ရိုးစနစ်ဟောင်း အတွက် နောက်ဆုံးအကြိမ် ကျင်းပသည့် စာမေးပွဲဖြစ်သည်နှင့်အညီ ထူးခြားသော စာမေးပွဲဟု သတ်မှတ်နိုင်သလို ကျောင်းသား၊ ကျောင်းသူများအတွက်လည်း အခွင့်အရေးကောင်း တစ်ခုဟုဆိုနိုင်သည်။ ယခုလို သင်ရိုးဟောင်းအတွက် စာမေးပွဲထပ်မံ ကျင်းပပေးသဖြင့် နိုင်ငံတော်၏ စေတနာပေါ်လွင်သည်။
ကျောင်းသား၊ ကျောင်းသူများအတွက်လည်း အင်အားတစ်ရပ်ဖြစ်ရသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေချိန်တွင် ကျောင်းသား၊ ကျောင်းသူတိုင်း တက်ကုန်ရွက်ကုန်ဖွင့် ကြိုးစားအားထုတ်နေမည်မှာ မလွဲပင်ဖြစ်သည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရမည့် အချိန်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။ ၂၀၂၃ ခုနှစ် မတ် ၈ ရက်တွင် မြန်မာစာ စတင်ဖြေဆိုရမည်ဖြစ်ပြီး မတ် ၉ ရက် အင်္ဂလိပ်စာ၊ မတ် ၁၀ ရက် သင်္ချာ၊ မတ် ၁၃ ရက် ဓာတုဗေဒ၊ မတ် ၁၄ ရက် ရူပဗေဒ၊ မတ် ၁၅ ရက် ဇီဝဗေဒ၊ ဘောဂဗေဒ၊ မတ် ၁၆ ရက် ပထဝီဝင်၊ မတ် ၁၇ ရက် သမိုင်းနှင့် မတ် ၁၈ ရက် စိတ်ကြိုက်မြန်မာစာတို့ကို ရက်အလိုက် အစီအစဉ်အတိုင်း ဖြေဆိုရမည်ဖြစ်သည်။ ဖြေဆိုရမည့် အချိန်မှာ ရက်တိုင်းတွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိဖြစ်သည်။ အဦးဆုံး သုံးဘာသာဖြေဆိုပြီး မတ် ၁၁ ရက်နှင့် ၁၂ ရက်နေ့များ အနားရသဖြင့် စာကြည့်ချိန်ပိုလာသည်က အကျိုးရှိမည်ဖြစ်သည်။
၂၀၂၃ ခုနှစ် မတ်လတွင် တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တစ်နိုင်ငံလုံးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသားအဖြစ် လက်ခံကာ တက္ကသိုလ်ဝင် စာမေးပွဲကောင်းစွာ ဖြေဆိုနိုင်အောင် ယခင်နှစ်များအတိုင်း ဆရာ၊ ဆရာမများက စနစ်တကျ သင်ကြားပေးခြင်းဖြစ်သဖြင့် အောင်မြင်မှုရရှိမည်မှာ မလွဲပင်ဖြစ်သည်။ စာမေးပွဲဖြေဆိုချိန်တွင် ၁ နာရီ ၁ မိနစ် ၁ စက္ကန့်သည် အလွန်အဖိုးတန်သော အချိန်များဖြစ်သည့်အတွက် အချိန်ကိုတန်ဖိုးရှိရှိ အကျိုးရှိစွာ အသုံးချတတ်ရေး လိုအပ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ဖြေဆိုရမည့် ဘာသာရပ်အလိုက် အမှတ်ပေးစည်းမျဉ်းနှင့် အမှတ်ပေးပုံစနစ်ကို သိရှိထားရန် အရေးကြီးသည်။ သို့မှသာ မေးခွန်းနှင့် ဆီလျော်သည့်အဖြေကို ဖြေဆိုနိုင်မည် ဖြစ်သလို အမှတ်ရအောင်လည်း ဖြေဆိုနိုင်မည်ဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲသည် ယခင်ကနှင့်မတူ ပြောင်းလဲမှု ရှိလာသည်။ ယခင်က အလွတ်ကျက်မှတ် ဖြေဆို၍ရသော်လည်း ယခုအခါ မေးခွန်းများသည် ကိုယ်ပိုင်စဉ်းစား တွေးခေါ်၍ ဖြေဆိုရန် အပိုင်းများ ပါလာသည့်အတွက် အလွတ်ကျက်မှတ်ခြင်းကို အားမပြုသင့်ပါ။ နားလည်အောင် အသေးစိတ်ဖတ်ရှု မှတ်သားပြီး မေးခွန်းပေါ်မူတည်၍ လိုက်လျောညီထွေ ဖြေနိုင်အောင် အားထုတ်သင့်သည်။ မေးခွန်းပုံစံ ပြောင်းလဲကျင့်သုံးမှုမှာ စိတ်ကြိုက်မြန်မာစာ ဘာသာရပ်တစ်ခုတည်းသာ အပြောင်းအလဲ မရှိဘဲ ကျန်ဘာသာရပ်များ အားလုံးအတွက် မေးခွန်းပုံစံပြောင်းလဲ ကျင့်သုံးလျက်ရှိသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေး အတွက် တက္ကသိုလ်များမှ ကထိကဆရာ၊ ဆရာမများ၏ အကူအညီဖြင့် ဆောင်ရွက်ကြကြောင်း နေ့စဉ်ထုတ် သတင်းစာများတွင် ဖတ်ရှုမိသည်။ အလားတူစွာ မိမိတို့ကို သင်ကြားပေးသည့်ကျောင်းဆရာ၊ ဆရာမများကလည်း သင်ကြားလေ့ကျင့်ပေးထားပြီးဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများဘက်က ပို့ချချက်များအတိုင်း လေ့လာသင်ယူ မှတ်သားထားကြပါက စာမေးပွဲအတွက် အခက်အခဲ ရှိလှမည်မထင်ပါ။ စာမေးပွဲသည် သင်ရိုးကုန် သင်ခန်းစာများ အားလုံးကို လွှမ်းခြုံမေးမြန်းမည်ဖြစ်သဖြင့် ဘာသာရပ်တိုင်း သင်ရိုးကုန်လေ့လာ ထားကြရမည်ဖြစ်သည်။ မေးခွန်းပုံစံမှာ အဓိကအားဖြင့် လွယ်၊ သင့်၊ ခက် မျှတစွာပါဝင်သည့်အတွက် ကျေညက်စွာ လေ့လာထားပါက အခက်အခဲမရှိ အဆင်ပြေ ညီညွတ်စွာ ဖြေဆိုနိုင်ကြမည်ဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး စောင့်ရှောက်တတ်မှု အရေးကြီးသည်။ ဖြေဆိုနေချိန်တွင် မကျန်းမမာ ဖြစ်လာပါက ဆုံးရှုံးမှုကြီးမားမည်ဖြစ်သည်။ ကျန်းမာရေးကြောင့် တစ်နှစ်တာ ကာလပတ်လုံး ကြိုးစားထားခဲ့သမျှ အဟောသိကံ ဖြစ်သွားတတ်သဖြင့် ကျန်းမာရေးကို ဂရုစိုက်သင့်သော ကာလလည်းဖြစ်သည်။ ကျန်းမာရေးကို ထိခိုက်စေသော အနေအထိုင်၊ အပြုအမူ၊ အစားအသောက်တို့ကို သတိထားဆင်ခြင်သင့်သည်။
အချိန်မှန်စာကြည့်၊ အချိန်မှန် ကိုယ်လက်လှုပ်ရှား၊ အချိန်မှန်အိပ်၊ အာဟာရပြည့်ဝသော အစာကို စားခြင်းဖြင့် ကျန်းမာရေးကို စောင့်ရှောက်နိုင်သည်။
မအိပ်မနေ စာကြည့်ခြင်း၊ ထမင်းမေ့ဟင်းမေ့ စာကြည့်ခြင်း၊ မလှုပ်မရှားဘဲ အချိန်ကြာမြင့်စွာ စာကြည့်ခြင်းတို့သည် အကောင်းမဖြစ်ဘဲ အဆိုးဘက်သို့ ရောက်တတ်သဖြင့် ကျန်းမာရေး အသိရှိကာ မျှတစွာ ကျင့်ကြံနိုင်မှသာ စာမေးပွဲကိုကောင်းစွာ ဖြေဆိုနိုင်ကြမည်ဖြစ်သည်။
သင်ခန်းစာများကို လေ့လာကျက်မှတ်ရာတွင် တစ်ထိုင်တည်း အချိန်များများယူခြင်းက ထိရောက်မှုနည်းတတ်သည်။ တစ်ခါလေ့လာ နာရီဝက်ခန့်ဖြင့် အနားပေးကာ နောက်တစ်ခါ ထပ်မံလေ့လာ ကျက်မှတ်ပါက စာပိုရတတ်သည်။ လေ့လာမှုအား ပိုကောင်းလာတတ်သည်။ မိဘအုပ်ထိန်းသူများ အနေဖြင့် မိမိတို့သားသမီးများ အချိန်ကြာမြင့်စွာ တောက်လျှောက်စာကြည့်နေပါက သဘောကျတတ်သည်။ ထိုသို့မဟုတ်ပါ။ သားသမီးများကို ဖိအားပေးပြီးလည်း စာမကြည့်ခိုင်းသင့်ပါ။ တွန်းအားပေးလွန်း အားကြီးပါက အကောင်းထက်ဆိုးဖြစ်သွားတတ်သည်။ မိဘဆူမှာစိုးရိမ်ပြီး စာအုပ်နှင့်မျက်နှာမခွာရှိနေလည်း စာရချင်မှရပေမည်။
လူကြီးမိဘများက နားလည်မှုပေးပြီး လိုအပ်သလို ထိန်းကျောင်းပေးခြင်းသည်သာ လျော်ကန်သင့်မြတ်မည်ဖြစ်သည်။
စာမေးပွဲမဖြေဆိုမီကတည်းက လိုအပ်သော ပစ္စည်းများဖြစ်သည့် ဘောပင်၊ ခဲတံ၊ ခဲဖျက်၊ ကွန်ပါ၊ပေတံနှင့် အခြားခွင့်ပြုထားသော အထောက်အကူပြု ပစ္စည်းများကို အဆင်သင့်ထားရှိ စစ်ဆေးမှုပြုသင့်သည်။ ဘောပင်အသစ်မသုံးဘဲ အနည်းငယ်ရေးလက်စ မင်လိုက်သော ဘောပင်ကိုသာသုံးခြင်း၊ ခဲတံချွန်ထားခြင်း၊ ဖြေဆိုခွင့်ကတ်ပြားအဆင်သင့် ထားခြင်းတို့ပြုပြီး အဆင်သင့်ဖြစ်အောင် စီမံထားရမည်ဖြစ်သည်။
ပထမဆုံးဘာသာဖြေဆိုမည့်ရက်တွင် စာစစ်ဌာနရှိရာကျောင်းသို့ အနည်းဆုံး နာရီဝက်စော၍ ရောက်အောင်သွားသင့်သည်။ ဖြေဆိုရမည့် အခန်းခုံနေရာရှာရန်နှင့် ကန့်သတ်ပစ္စည်းများပါ၊ မပါ အစစ်ဆေးခံနိုင်ရေးတို့အတွက် ကျောင်းသို့ကြိုတင် ရောက်မှသာ စာမေးပွဲကို အချိန်ပြည့်ဖြေဆိုနိုင်မည်ဖြစ်သည်။
စာမေးပွဲဖြေဆိုချိန်စပြီဆိုလျှင် မေးခွန်းလွှာရရှိသည်နှင့် မေးခွန်းများကို အစမှအဆုံးတိုင် သေသေချာချာဖတ်ပါ။ မေးခွန်းအားလုံးအနက် အပိုင်နိုင်ဆုံး မေးခွန်းကို ဦးစွာဖြေဆိုပါ။ ဖြေဆိုမှုမပြုမီ အဖြေလွှာတွင် အမည်နှင့်ခုံအမှတ်ကို ရှင်းလင်းပီပြင်စွာရေးပါ။ တစ်ပုဒ်ဖြေဆိုပြီးတိုင်း ပြန်စစ်ပါ။ လိုအပ်ချက်ရှိက ဖြည့်စွက်ပါ။ ပြင်ဆင်ပါ။ အမှားပြင်ရာတွင် မင်ဖျက်ဆေး လုံးဝအသုံးမပြုပါနှင့်။ ပြင်ဆင်သည့် နည်းလမ်းအမှန်အတိုင်းသာ ကျင့်သုံးပါ။ အမှားအမှန်မေးခွန်းများအား အမှားအမှန်ဖြစ်ရာတွင် ရှင်းလင်းပီသစွာခြစ်ပါ။ တစ်ပုဒ်ပြီးတစ်ပုဒ် စိတ်အေးဆေး တည်ငြိမ်စွာဖြေဆိုပါ။ စာမေးပွဲ မေးခွန်းများအတွက် ဖြေဆိုရန် အချိန်လုံလောက်စွာ ရရှိထားပြီးဖြစ်သဖြင့် အချိန်မမီရန် အကြောင်းမရှိသောကြောင့် မှန်မှန်သာဖြေဆိုရေး လိုအပ်သည်။ စာမေးပွဲခန်းအတွင်းက စောမထွက်ပါနှင့်။ ရသမျှအချိန်တွင် အဖြေလွှာကို အထပ်ထပ်စစ်ဆေးပါ။ အချိန်စေ့ခေါင်းလောင်းထိုးမှ စာမေးပွဲခန်းအတွင်းမှ ထွက်သင့်သည်။
စာမေးပွဲဝင်ကျောင်းသား၊ ကျောင်းသူများ အထူးသတိထားသင့်သည်မှာ တစ်ဘာသာဖြေဆိုပြီး၍ ထိုဘာသာကိုမဖြေဆိုနိုင်သဖြင့် ကျန်ဘာသာများ ဆက်မဖြေခြင်းကို ရှောင်ကြဉ်ကြရေးပင်ဖြစ်သည်။ အလွန်နစ်နာလှသဖြင့် မနစ်နာစေရန် ဘာသာအားလုံးပြီးသည်အထိ ဖြေဆိုကြရေးလိုအပ်သည်။တက္ကသိုလ်ဝင်စာမေးပွဲသည် ဘဝတစ်ကွေ့မှတ်တမ်း တစ်ခုပင်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူတိုင်း မိမိကိုယ်မိမိယုံကြည်မှုရှိအောင် အပြည့်အဝပြင်ဆင်လျက် နောက်ဆုံး အခွင့်အရေးကို ထိရောက်စွာ အသုံးချနိုင်ကြပါစေကြောင်း ဆန္ဒပြုရေးသား လိုက်ရပါသည်။ ။
လင်းအာရုဏ်ဦး(ပဲခူး)