နွားထိုးကြီးမြို့အတွင်းရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး မှူးရုံးများအား PDF အမည်ခံ အကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်
နေပြည်တော်၊ မတ် - ၁၃
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးနှင့် အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတို့အား PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ်များ အသုံးပြု၍ Drop Bomb များ ပစ်ချ တိုက်ခိုက်ခဲ့သဖြင့် ရုံးဝန်ထမ်း အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ နွားထိုးကြီးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးအား ယနေ့နံနက် ၁၁ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက အဆိုပါရုံး၏ အနောက်တောင်ဘက်မှ Drone ယာဉ် ၁ စင်းဖြင့် Drop Bomb ၃ လုံး ပစ်ချတိုက်ခိုက် ခဲ့ရာ ရုံးဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးဝန်ထမ်း အမျိုးသား ၁ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးအား နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက အဆိုပါရုံး၏ အနောက်တောင်ဘက်မှ Drone ယာဉ် ၁ စင်းဖြင့် Drop Bomb ၃ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ရုံးဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးဝန်ထမ်း အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသား ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိကာ ရုံးတံခါးပေါက်မှန် ၈ ချပ် ကွဲအက် ပျက်စီးသွားကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် သေဆုံး/ဒဏ်ရာ ရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုသို့ဆင်ခြင်တုံ တရားမဲ့စွာ အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်နေသော PDF အမည်ခံအကြမ်းဖက်သမားများ အား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။