လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေး သူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီ၏ ပဉ္စမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်သည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ကော်မတီ အနေဖြင့်  လုပ်ငန်း တာဝန် (၁ဝ)ရပ်ကိုချမှတ်ပြီး ဆောင်ရွက် လျက်ရှိရာ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကျူးလွန်မှုများ မဖြစ်ပွားစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များအား အသိပညာပေးမှုများ၊ ကြိုတင်ကာကွယ်သည့် သင်တန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် လုပ်ငန်းအစီအစဉ်များ ချမှတ်ရေးကော်မတီက တိုက်တွန်းရန်ဖြစ်ကြောင်း၊ လက်နက်ကိုင် အဖွဲ့များသို့ အသက်မပြည့်သေးဘဲ စုဆောင်းခြင်းမှ တားဆီး ကာကွယ်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းထားသည့် အရွယ်မရောက် သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး ကော်မတီနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အကြမ်းဖက်ခြင်းခံရသည့် ကလေးသူငယ်များအတွက် ဆေးကုသမှု၊ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှု၊ ဥပဒေရေးရာပံ့ပိုးမှုနှင့် ဘဝရပ်တည် နေထိုင်မှုတို့အတွက် ထောက်ပံ့ပေးမှုများ ပေးရေးအတွက် မိမိတို့ အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီအနေဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်သော UNICEF, UNDP အဖွဲ့အစည်းများ အပါအဝင် CTFMR နှင့် ထိရောက်စွာပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  သက်ဆိုင်ရာ တပ်ဌာနချုပ်များ၊ လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့်  လက်နက် ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသော ကျူးလွန်မှုများမရှိ စေရန် သတ်မှတ်ထားသည့်အမိန့်၊ ညွှန်ကြားချက်၊ စည်းမျည်းစည်းကမ်း များနှင့်အညီ စောင့်ကြည့်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကော်မတီ၏ လုပ်ငန်းတာဝန် များကို အဖွဲ့ဝင် ဌာနဆိုင်ရာ အသီးသီးက အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။ ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များက လုပ်ငန်းတာဝန် (၁ဝ)ရပ်ကို ပိုမို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ကိစ္စများ၊ ကလေးစစ်သားစုဆောင်းမှုအစီ ရင်ခံစာ နောက်ဆက်တွဲ စာရင်းကနေ ပယ်ဖျက်ခံရပြီးသည့်အတွက် ပြန်လည်၍ စာရင်းမဝင်စေရန် ဆောင်ရွက်ကြရမည့် အခြေအနေများ၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် ကလေးသူငယ်များ သေကျေခြင်း ထိခိုက်ဒဏ်ရာ ရစေမှုတို့ကို တားဆီးကာကွယ်ရေး ကိစ္စသည် မြေပြင်အခြေအနေ တိုးတက်မှု ရှိသည်နှင့်အမျှ အချိန်တိုအတွင်း စာရင်းမှ ပယ်ဖျက်ခံရခြင်း ဖြစ်နိုင်၍ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စများ၊ လုပ်ငန်းစီမံချက် အတည်ပြုပြီးပါက သက်ဆိုင်ရာ အဖွဲ့အစည်းများက လိုအပ်သော ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်ရေးအတွက် ကော်မတီက ညွှန်ကြားညှိနှိုင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။ အစည်းအဝေးသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ စစ်ရေးချုပ်ရုံး၊ စစ်ဥပဒေချုပ်ရုံး၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံး၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနတို့မှ အဖွဲ့ဝင် အဆင့်မြင့် အရာရှိကြီးများ၊ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။