ပြည်တွင်းရှိ အထည်ချုပ် လုပ်ငန်းတချို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိသာ ပြည်ပနိုင်ငံများမှ အော်ဒါရရှိထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ ဗဟိုအလုပ် အမှုဆောင် ဦးထွန်းထွန်း၏ ပြောဆိုချက်အရ သိရသည်။ လတ်တလောတွင် သင်္ကြန်မတိုင်မီက ရရှိထားသည့် ပြည်ပမှအော်ဒါများကို ချုပ်လုပ်နေခြင်းဖြစ်ကာ လက်ရှိအချိန်ထိ သြဂုတ်လ နောက်ပိုင်းအတွက် အော်ဒါရရှိခြင်း မရှိသေးကြောင်း သိရသည်။''စက်ရုံတွေက ပုံမှန်မလည်ပတ်နိုင်သေးပါဘူး။ လက်ရှိလုပ်ဆောင်နေတာက အရင်အော်ဒါအဟောင်းတွေကိုပဲ လုပ်နေရတာပါ။ ပုံမှန်ဆို ဒီလုပ်ငန်းတွေက လေးလလောက်ကြိုပြီး စာချုပ်ချုပ်ရတယ်။ အော်ဒါတွေ လက်ခံရတယ်'' ဟု ဦးထွန်းထွန်းကပြောသည်။ ထို့ပြင် ကုန်ချောဝယ်ယူသည့် အမေရိကန်၊ ဥရောပ စသည့်နိုင်ငံများ၌ စီးပွားရေးကျဆင်းမှုများကြောင့် နောက်ပိုင်းတွင် အခက်အခဲများ ပိုမိုရှိလာနိုင်ကြောင်း သိရသည်။ ''အခုကတော့ ကုန်ချောဝယ်တဲ့ အပိုင်းမှာ ဥရောပမှာရော အမေရိကမှာပါ ကုမ္ပဏီ တော်တော်များများက အဆင်မပြေတဲ့ အနေအထားတွေ တွေ့ရတယ်။ ဒါကတော့ ကဏ္ဍပေါင်းစုံပေါ့။ ဖက်ရှင်ပိုင်းလည်း ပါနေတော့ ဝယ်လိုအားက သိသိသာသာကျသွားတယ်။ တချို့ဆိုရင် လုံးဝရပ်လိုက်တယ်။ တချို့က သူတို့ပို့ထားပြီးသားတွေကို ဆက်မချုပ်ပါနဲ့ဆိုတဲ့ အနေအထားတွေ့ရတော့ သူတို့မဝယ်ရင် ဒီဘက်မှာ ကုန်ကြမ်းလည်း မမှာတော့ဘူး။ ကျွန်တော်တို့က ထုတ်လုပ်မှုလုပ်ငန်းစဉ် တစ်ခုလုံးရဲ့ အလယ်မှာဖြစ်တယ်။ အဲဒီထဲမှာ ကျွန်တော်တို့ လက်ခစားစနစ် (CMP) ဆိုတဲ့ ဝန်ဆောင်မှုလုပ်တာပါ။ ဝယ်လိုအားတွေနဲ့ အော်ဒါတွေက သိပ်အခြေအနေ မကောင်းတော့ ဒီဘက်က Supply လုပ်ပေးနိုင်တဲ့ ထုတ်မယ့်စက်ရုံတွေက ဘယ်လိုပဲ ထုတ်ထုတ် ဝယ်မယ့်သူမရှိတော့ဘူး။ ဝယ်မယ့်သူမရှိရင် ကျွန်တော်တို့အလုပ်က အဆင်မပြေတော့ဘူး'' ဟု ဦးထွန်းထွန်းကပြောသည်။ ပြည်တွင်းရှိ အထည်ချုပ်စက်ရုံများ၏ ၉ဝ ရာခိုင်နှုန်းကျော်မှာ ပြည်ပဈေးကွက်အတွက် အော်ဒါများကို လက်ခံချုပ်လုပ်ခြင်း ဖြစ်သောကြောင့် ပြည်တွင်းဈေးကွက်အတွက် ပြောင်းလဲချုပ်လုပ်ရန်မှာ အဆင်မပြေနိုင်ကြောင်း သိရသည်။