ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင် KHCC တို့ တတိယအကြိမ်မြောက် တွေ့ဆုံညှိနှိုင်း

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေး ဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် KHCC အဖွဲ့တို့၏ တတိယအကြိမ်မြောက် တွေ့ဆုံညှိနှိုင်းခြင်းကို COVID-19 စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဦးစီး(ဗိုလ်မှူးကြီး)ဗိုလ်မှူးကြီးထွန်းနေလင်းနှင့် လုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်များ၊ KHCC မှ ဥက္ကဋ္ဌ Rev.Dr  ဦးခလမ်ဆမ်ဆွန် (KBCဥက္ကဋ္ဌ) ဦးဆောင်သောအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုအချိန်သည် COVID-19 ကာလမပြီးသေးသော်လည်း လုပ်ငန်းများကို ရပ်တန့်ထားခြင်းမရှိဘဲ ဆောင်ရွက်နေရခြင်း ဖြစ်သည့်အတွက် ရောဂါပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် ဆောင်ရွက်နေရကြောင်း၊ လုပ်ငန်းစဉ်များအား COVID-19 ကာကွယ်ရေးလုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ COVID-19 ကြောင့် နေရပ်ပြန်ရေးကိစ္စ ဆောင်ရွက်ခြင်းကို ရပ်တန့်သွားစေမည် မဟုတ်ကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် COVID-19 နှင့်ယှဉ်တွဲပြီးလုပ်ရန် မမေ့သင့်ကြောင်း၊ ပြည်တွင်းသို့ ပြန်လည်ဝင် ရောက်လာသည့် မိမိတို့ နိုင်ငံသားများကိုလည်း ပြန်လည်လက်ခံသွားရမည်ဖြစ်ပြီး မမြင်နိုင်သည့်ရောဂါပိုးများ ပါလာနိုင်ကြောင်း၊ ပြည်တွင်း၌ ပျံ့နှံ့မှုမရှိသေးသော်လည်း COVID-19 နှင့်ပတ်သက်သည့် လိုက်နာရမည့် စည်းကမ်းများကို အလေ့အကျင့်ဖြစ်ရန် ဆောင်ရွက်သွားဖို့လိုကြောင်း ပြောကြားသည်။ ထို့နောက် KHCC မှ ဥက္ကဋ္ဌ Rev.Dr ဦးခလမ်ဆမ်ဆွန်က IDPs အတွက် နေရပ်ပြန်ရေးကို ယခုလို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်နေခြင်းဟာ   ငြိမ်းချမ်းရေး၏ ခြေလှမ်းများဖြစ်ကြောင်းနှင့် အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs)ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် အဖွဲ့ဝင်များ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ KHCC အဖွဲ့မှတာဝန်ရှိသူ များက ကချင်ပြည်နယ်တွင်းရှိ IDPs များ မိမိမူလနေရပ်များသို့ မိမိတို့၏ သဘောဆန္ဒများနှင့်အညီ ဂုဏ်သိက္ခာ ရှိစွာနှင့် ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးအတွက် လိုအပ်ချက်များ၊ ပညာရေး၊ ကျန်းမာရေး စသည့် လိုအပ်ချက်များ အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အချက်များ၊ ပြန်လည်နေရာချထားမည့် ကျေးရွာများတွင် မိုင်းရှင်းလင်းရေး ကိစ္စရပ်များ စသည့် အသေးစိတ် အချက်အလက်များ၊ NRPC သို့ တင်ပြဆောင်ရွက်ရမည့် ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။