ရန်ကုန် ဇူလိုင် ၉
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် နိုင်ငံခြားရေးဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများ/ ကောင်စစ်ဝန်ချုပ်ရုံးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ထိုင်ဝမ်(တရုတ်-တိုင်ပေ)ရောက် မြန်မာနိုင်ငံသားများအား China Airlines Cargo လေယာဉ်ဖြင့် ပြန်လည် ခေါ်ယူခဲ့သည်။ အဆိုပါကယ်ဆယ်ရေး လေယာဉ် China Airlines Cargoဖြင့် ထိုင်ဝမ်(တရုတ်-တိုင်ပေ)၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် သာသနာပြု သံဃာတော် ငါးပါးအပါအဝင် မြန်မာ သင်္ဘောသားများ၊ ပညာသင်ကြားလျက်ရှိသော ကျောင်းသားများ၊ အလုပ်လက်မဲ့ ဖြစ်နေသူများ၊ အလည်အပတ် ရောက်ရှိနေပြီး လေကြောင်း အခက်အခဲကြောင့် ပြန်လည်ထွက်ခွာရန် ပိတ်မိနေသူများ စုစုပေါင်း ၅၅ ဦး ပြန်လည်လိုက်ပါလာကြပြီး ယနေ့နံနက် ၉ နာရီ ၂၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိကြသည်။ မြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးကြသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ မြန်မာသံရုံးများ/ ကောင်စစ်ဝန်ချုပ်ရုံး များနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်း၍ ယနေ့အချိန်ထိ မြန်မာနိုင်ငံသား ၇၁၄၂ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။